မဟာ ကွန်စတင်တိုင်း—ခရစ်ယာန်ဘာသာကို ခုခံကာကွယ်သူလော
ရောမဧကရာဇ်ကွန်စတင်တိုင်းသည် သမိုင်းက “မဟာ” ဟူ၍ခေါ်ဆိုအမွှမ်းတင်ထားသည့် အမျိုးသားအနည်းစုမှတစ်ဦးဖြစ်သည်။ ခရစ်ယာန်ဘောင်က “သူတော်စင်၊” “ဆယ့်သုံးဦးမြောက်တမန်တော်၊” “တမန်တော်များနှင့်ဂုဏ်ရည်တူသူ” နှင့် ‘တစ်လောကလုံးတွင် အကြီးမားဆုံးသောပြောင်းလဲမှုကို ပြီးမြောက်စေရန် ဘုရားသခင်၏ကရုဏာတော်ဖြင့် ရွေးချယ်ခံရသူ’ ဟူသည့်အသုံးအနှုန်းများကို ထပ်လောင်းသုံးနှုန်းခဲ့ကြသည်။ အခြားတစ်ဖက်မှ ကြည့်ပြန်လျှင် အချို့က ကွန်စတင်တိုင်းအား “သွေးစွန်းပြီး နာမည်ပျက်ခဲ့သူ၊ မရေမတွက်နိုင်သော ကြီးလေးသည့်ပြစ်မှုများနှင့် လိမ်လည်မှုနှင့်ပြည့်နေသူ၊ . . . ကြောက်ခမန်းလိလိ တရားလက်လွတ်ပြုကျင့်သူ၊ ဆိုးရွားသောရာဇဝတ်မှုများကိုကျူးလွန်သူ” အဖြစ်ဖော်ပြကြသည်။
မဟာကွန်စတင်တိုင်းသည် ခရစ်ယာန်ဘာသာ၏ အထင်ရှားဆုံးကျေးဇူးရှင်များအနက် တစ်ဦးဖြစ်သည်ဟု ခရစ်ယာန်အမည်ခံယူထားသူများစွာတို့ သင်ကြားခံခဲ့ရကြသည်။ ၎င်းတို့က သူ့အား ခရစ်ယာန်များကို ရောမတို့၏နှိပ်စက်ညှဉ်းပန်းမှုမှ လွတ်မြောက်စေပြီး ဘာသာရေးလွတ်လပ်မှုပေးသူအဖြစ် ယူမှတ်ကြသည်။ ထို့အပြင် သူသည် ခရစ်ယာန်လမ်းစဉ်ကို တိုးမြှင့်ပေးလိုသောပြင်းပြသည့်ဆန္ဒဖြင့် ယေရှု၏ခြေတော်ရာကို သစ္စာရှိရှိလိုက်လျှောက်ခဲ့သူဖြစ်သည်ဟု လူအများယုံကြည်ထားကြသည်။ အရှေ့ပိုင်းသြသဒေါက်စ်ချာ့ချ်နှင့် ကော့ပ်တစ်ချာ့ချ်တို့က ကွန်စတင်တိုင်းနှင့် သူ့မိခင်ဟယ်လ်နာနှစ်ဦးစလုံးအား “သူတော်စင်များ” ဟုကြေညာခဲ့သည်။ ဇွန်လ ၃ ရက် သို့မဟုတ် ချာ့ချ်ပြက္ခဒိန်အရ မေလ ၂၁ ရက်တွင် သူတို့အတွက်ပွဲခံကြသည်။
အမှန်စင်စစ် မဟာကွန်စတင်တိုင်းကား မည်သူနည်း။ တမန်တော်များနောက်ပိုင်း ခရစ်ယာန်ဘာသာတိုးတက်ထွန်းကားမှုတွင် သူ၏အခန်းကဏ္ဍကား အဘယ်နည်း။ သမိုင်းနှင့်ပညာရှင်များအား ဤမေးခွန်းများကိုဖြေကြားစေခြင်းဖြင့် အလွန်ပင်ဉာဏ်အလင်းရရှိပါသည်။
သမိုင်းဝင်ကွန်စတင်တိုင်း
ကွန်စတင်တီးယပ်စ် ကလောရပ်စ်၏သား ကွန်စတင်တိုင်းသည် ဆားဗီးယားနိုင်ငံ၊ နေးစပ်စ်မြို့၌ စီ.အီး. ၂၇၅ ခန့်တွင်မွေးဖွားခဲ့သည်။ သူ၏ဖခင်သည် စီ.အီး. ၂၉၃ ၌ရောမအနောက်ပိုင်းနယ်ပယ်များ၏ ဧကရာဇ်ဖြစ်လာချိန်တွင် သူသည် ဧကရာဇ်ဂါလီရီးယပ်စ်၏ အမိန့်အရ ဒန်းညုမြစ်တွင် တိုက်ပွဲဝင်နေရသည်။ ကွန်စတင်တိုင်းသည် စီ.အီး. ၃၀၆ တွင်ဗြိတိန်ရှိ အသက်ငင်နေသောသူ၏ဖခင်ထံသို့ ပြန်လာခဲ့သည်။ သူ၏ဖခင်သေပြီးမကြာမီတွင် ကွန်စတင်တိုင်းကို စစ်တပ်က ဧကရာဇ်အဆင့်သို့ တင်မြှောက်ခဲ့ကြသည်။
ထိုအချိန်တွင် အခြားပုဂ္ဂိုလ်ငါးဦးက မိမိတို့သည် ဧကရာဇ်မင်းမြတ်ဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။ ပြည်တွင်းစစ် အဆက်မပြတ်ဖြစ်ပွားခဲ့သည့် စီ.အီး. ၃၀၆ နှင့် စီ.အီး. ၃၂၄ ပြီးနောက်တွင် ကွန်စတင်တိုင်းသည် တစ်ဦးတည်းသောဧကရာဇ်မင်းမြတ်ဖြစ်လာလေသည်။ စစ်ပွဲနှစ်ခုတွင် အောင်ပွဲရခဲ့ခြင်းက ကွန်စတင်တိုင်းအား ရောမသမိုင်းတွင် နေရာတစ်နေရာကိုရရှိစေပြီး ရောမအင်ပါယာ၏ တစ်ဦးတည်းသောအုပ်စိုးရှင်ဖြစ်စေခဲ့သည်။
စီ.အီး. ၃၁၂ တွင် ကွန်စတင်တိုင်းသည် ရောမနိုင်ငံအပြင်ဘက်ရှိ မီလ်ဗီးယန်းတံတားတိုက်ပွဲ၌ သူ၏ပြိုင်ဘက်ဖြစ်သူ မက်ဇင်းတီးယပ်စ်ကို အနိုင်ရခဲ့သည်။ တိုက်ပွဲဖြစ်နေချိန်အတွင်း နေအောက်တွင် “ဤအမှတ်လက္ခဏာ၌အောင်ပွဲခံ” ဟူ၍အဓိပ္ပာယ်ရှိသည့် လက်တင်စကားလုံး အင် ဟော့ခ် စက်ဂ်နို ဗင်ကက်စ် ပါသည့်ဖိတ်ဖိတ်တောက်နေသော လက်ဝါးကားတိုင်သဏ္ဌာန်တစ်ခုပေါ်လာသည်ဟု ခရစ်ယာန်ခုခံချေပပြောဆိုသူများကဆိုသည်။” အိပ်မက်ထဲတွင် ကွန်စတင်တိုင်းအား စစ်သည်များ၏ဒိုင်းလွှားများပေါ်တွင် ဂရိဘာသာဖြင့် ခရစ်တော်နာမည်၏ပထမစာလုံးနှစ်လုံးကို ရေးဆွဲရန်မှာကြားခံရသည်ဟူ၍လည်း ယုံကြည်ကြသည်။ သို့ရာတွင် ဤဖြစ်ရပ်သည် ခေတ်နှင့် များစွာဖီလာနေပါသည်။ ခရစ်ယာန်ဘာသာ၏သမိုင်းစာအုပ်က “ဤမြင်ကွင်းပေါ်ခဲ့ချိန်၊ ဖြစ်ပျက်သည့်နေရာနှင့် အခြားအသေးစိတ်အချက်အလက်များနှင့်စပ်လျဉ်းသည့် အထောက်အထားသည် ရှေ့နောက်ညီညွတ်မှုမရှိပါ” ဟူ၍ဖော်ပြသည်။ ရောမတွင် ကွန်စတင်တိုင်းကို ကြိုဆိုလက်ခံချိန်၌ တိတ္ထိဥပဒေပြုလွှတ်တော်က သူ့အား အင်ပါယာရှိ တိတ္ထိဘာသာ၏ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သူ အကြီးဆုံးသြဂတ်စ်တပ်စ်နှင့် ပေါန်တီဖစ် မက်စီမတ်စ်ဖြစ်သည်ဟု ကြေညာခဲ့သည်။
စီ.အီး. ၃၁၃ တွင်ကွန်စတင်တိုင်းသည် အရှေ့ပိုင်းနယ်ပယ်များ၏အုပ်စိုးရှင် ဧကရာဇ်လစင်းနီးယပ်စ်နှင့်ပူးပေါင်းခဲ့သည်။ သူတို့သည် ပူးပေါင်းပြီး မီလန်အမိန့်စာကိုထုတ်ပြန်ခြင်းအားဖြင့် ဘာသာရေးအုပ်စုအားလုံးအား လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်နှင့် တန်းတူအခွင့်အရေးများကိုပေးခဲ့သည်။ သို့ရာတွင် သမိုင်းပညာရှင်များစွာတို့က ဤအမိန့်စာ၏အရေးပါမှုကို အထင်သေးကာ ယင်းသည် တရားဝင်သာမန်စာတစ်စောင်မျှသာဖြစ်ပြီး ခရစ်ယာန်ဘာသာအပေါ် ပေါ်လစီပြောင်းလဲဖို့ အရိပ်အယောင်ပြသည့် အရေးပါသောဧကရာဇ်၏အမိန့်စာမဟုတ်ကြောင်း ဆိုကြသည်။
နောက်ဆယ်နှစ်အတွင်း ကွန်စတင်တိုင်းသည် သူ၏နောက်ဆုံးကျန်ရှိနေသောပြိုင်ဘက် လစင်းနီးယပ်စ်ကို အနိုင်ရကာ ရောမလောက၏အကြွင်းမဲ့အုပ်စိုးရှင်တစ်ဦးဖြစ်လာလေသည်။ သူသည် နှစ်ခြင်းမခံရသေးမီ စီ.အီး. ၃၂၅ တွင် “ခရစ်ယာန်” ချာ့ချ်၏ ပထမဦးဆုံးမဟာအသင်းတော်များကောင်စီတွင် သဘာပတိအဖြစ်ကြီးမှူးခဲ့သည်၊ ယင်းကောင်စီသည် အာရိယန်အယူဝါဒကိုရှုတ်ချပြီး နိုင်စင်းအယူဝါဒဟုခေါ်သည့် အခြေခံယုံကြည်ချက်များ၏ ရှင်းတမ်းတစ်စောင်ကိုရေးဆွဲခဲ့သည်။
ကွန်စတင်တိုင်းသည် စီ.အီး. ၃၃၇ တွင်ကုသမရသည်အထိ ဖျားခဲ့သည်။ သူ့အသက်တာကုန်ဆုံးလုနီးအချိန်တွင် ဗတ္တိဇံခံယူပြီးနောက် သေဆုံးခဲ့သည်။ သူသေပြီးနောက် ဥပဒေပြုလွှတ်တော်က သူ့အား ရောမဘုရားများတွင် တစ်ပါးအဖြစ်သတ်မှတ်ခဲ့သည်။
ကွန်စတင်တိုင်း၏မဟာဗျူဟာတွင် ဘာသာတရား၏ကဏ္ဍ
ဘာသာတရားနှင့်စပ်လျဉ်း၍ တတိယနှင့် စတုတ္ထရာစုမှ ရောမဧကရာဇ်များ၏ ယေဘုယျသဘောထားအကြောင်းကို အစ္စတောရီးယား တူ အယ်လီနီကူ အက်သ်နုစ် (ဂရိလူမျိုး၏သမိုင်း) စာအုပ်က ဤသို့ဆိုသည်– “ဧကရာဇ်ထီးနန်းကိုရရှိထားသူတို့သည် လေးနက်သည့်ဘာသာရေးသဘောထားမရှိကြသည့်တိုင် ခေတ်ကာလ၏ စိတ်နေသဘောထားကို အလျှော့ပေးလိုက်လျောပြီး သူတို့၏နိုင်ငံရေးအစီအစဉ်များဘောင်အတွင်း ဘာသာတရားကို အလေးပေးရန်၊ ယုတ်စွအဆုံး မိမိတို့၏လုပ်ဆောင်မှုများကို ဘာသာရေးအသွင်သဏ္ဌာန်သက်ရောက်စေရန် လိုအပ်သည်ဟုသူတို့ယူမှတ်ခဲ့ကြသည်။”
ကွန်စတင်တိုင်းသည် ခေတ်ကာလ၏သဘောလိုက်သူတစ်ဦး အမှန်ပင်ဖြစ်ခဲ့ပါသည်။ သူ့ဘဝတက်လမ်းအစတွင် “ဘုရားသခင်၏” ကူညီထောက်မမှုအတော်အတန်လိုအပ်နေရာ တဖြည်းဖြည်းကွယ်ပျောက်နေသည့်ရောမဘုရားများက ၎င်းကူညီထောက်မမှုကို မပေးနိုင်ခဲ့ပေ။ အင်ပါယာ၏ဘာသာတရားနှင့် အခြားသောအဖွဲ့အစည်းများအပါအဝင် အင်ပါယာသည် ကျဆင်းနေရာ ယင်းကိုပြန်လည်ခိုင်မာတောင့်တင်းစေနိုင်မည့် အသစ်သောအားအင်တစ်ခု လိုအပ်နေပါသည်။ အီဒရီစွယ်စုံကျမ်းက ဤသို့ဆိုသည်– “ကွန်စတင်တိုင်းသည် ခရစ်ယာန်ဘာသာကို အထူးစိတ်ဝင်စားရသည့်အကြောင်းမှာ မိမိ၏အောင်မြင်မှုကိုသာမက အင်ပါယာပြန်လည်ဖွဲ့စည်းခြင်းကိုပါ ယင်းက ကျောထောက်နောက်ခံပြုပေးသောကြောင့်ဖြစ်သည်။ နေရာအနှံ့တွင်ရှိသောခရစ်ယာန်ချာ့ချ်များသည် သူ၏နိုင်ငံရေးကျောထောက်နောက်ခံဖြစ်လာခဲ့သည်။ . . . သူသည် ထိုအချိန်ကဂိုဏ်းချုပ်ကြီးများနှင့် ပေါင်းသင်းပြီး . . . သူတို့အား စည်းလုံးမှုမပြိုကွဲရလေအောင် ထိန်းသိမ်းကြဖို့တောင်းဆိုခဲ့သည်။”
ထိုအချိန်တွင် အယူဖောက်ပြန်ပြီး အလွန်ယိုယွင်းပျက်ပြားနေသော “ခရစ်ယာန်” ဘာသာတရားဖြစ်နေစေကာမူ ယင်းကို ဧကရာဇ်စိုးမိုးရေးအတွက် မိမိ၏မဟာအစီအစဉ်ကိုဖြစ်မြောက်စေရန် ပြန်လည်အသက်သွင်းပြီး စည်းလုံးစေနိုင်မည့်စွမ်းအားအဖြစ် ထိရောက်စွာအသုံးချနိုင်သည်ဟု ကွန်စတင်တိုင်းယူဆခဲ့သည်။ သူ၏နိုင်ငံရေးရည်မှန်းချက်များဖြစ်မြောက်စေရေးတွင် ထောက်ခံမှုရရှိရန် အယူဖောက်ပြန်သော ခရစ်ယာန်ဘာသာ၏ အခြေအမြစ်များကိုခံယူကာ လူတို့ကို “ကက်သလစ်” သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာဘာသာတစ်ခုအောက်တွင် စုစည်းရန်ဆုံးဖြတ်လိုက်လေသည်။ အယူမှားထုံးစံဓလေ့များနှင့်အခမ်းအနားများကို “ခရစ်ယာန်” အမည်များပေးခဲ့သည်။ ထို့အပြင် “ခရစ်ယာန်” ဓမ္မဆရာများကို ရာထူး၊ လစာနှင့် တိတ္ထိယဇ်ပုရောဟိတ်များ၏ အရှိန်အဝါသြဇာအာဏာကိုပေးခဲ့ပါသည်။
နိုင်ငံရေးအတွက် ဘာသာရေးညီညွတ်မှုရရှိရန် ကွန်စတင်တိုင်းသည် အယူဝါဒပိုင်းဆိုင်ရာအမှန်တရားကိုအခြေခံ၍မဟုတ်ဘဲ အများလက်ခံမှုကိုအခြေခံကာ မည်သည့်သဘောကွဲလွဲမှုတို့ကိုမဆို အမြန်ဆုံးနှိမ်နင်းခဲ့ပါသည်။ အကြီးအကျယ်ကွဲပြားနေသည့် “ခရစ်ယာန်” ချာ့ချ်အတွင်း နက်ရှိုင်းသောအခြေခံအယူဝါဒကွဲပြားမှုများက သူ့အား “ဘုရားသခင်စေလွှတ်သော” ဖျန်ဖြေသူအဖြစ် ကြားဝင်ဖျန်ဖြေရန် အခွင့်အရေးရရှိစေခဲ့သည်။ မြောက်အာဖရိကရှိ ဒိုနေးတစ်ဝါဒီများနှင့် အင်ပါယာအရှေ့ပိုင်းရှိ အာရိယပ်စ်၏နောက်လိုက်များနှင့်ဆက်ဆံရာမှ စည်းရုံးသိမ်းသွင်းခြင်းသည် ခိုင်မာတောင့်တင်းပြီး စည်းလုံးသောဘာသာတရားကို ဖြစ်ပေါ်လာစေရန်မလုံလောက်ကြောင်း သူချက်ချင်းသိမြင်ခဲ့သည်။a ချာ့ချ်သမိုင်းတွင် ဦးဆုံးအကြိမ်ကျင်းပသော ခရစ်ယာန်အသင်းတော်ကောင်စီကို သူဆင့်ခေါ်ကာ အာရိယန်အငြင်းပွားမှုကို ပြေလည်စေရန်ကြိုးပမ်းခဲ့သည်။—“ကွန်စတင်တိုင်းနှင့် နိုင်စီယာကောင်စီ” လေးထောင့်ကွက်ရှု။
ကွန်စတင်တိုင်းနှင့်ပတ်သက်၍ သမိုင်းပညာရှင် ပေါလ် ဂျွန်ဆင်က ဤသို့ဆိုသည်– “ခရစ်ယာန်ဘာသာကို လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်ပေးထားရသည့် သူ၏အဓိကအကြောင်းတစ်ခုမှာ သူနှင့် နိုင်ငံတော်အား ဩသဒေါက်စ်နှင့် ဩသဒေါက်စ်မဟုတ်သည့်ယုံကြည်ချက်အပေါ် ချာ့ချ်၏မူဝါဒကို သူ ထိန်းချုပ်ရန်အခွင့်အရေးရရှိဖို့ ဖြစ်နိုင်သည်။”
သူသည် ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့သလော
“ကွန်စတင်တိုင်းသည် နေဝတ်ပြုမှုကို တစ်ခါမျှမစွန့်ခဲ့ဘဲ သူ၏ငွေဒ င်္ဂါးများအပေါ်တွင် နေကိုထိန်းသိမ်းထားခဲ့သည်” ဟူ၍ဂျွန်ဆင်က မှတ်သားဖော်ပြသည်။ ကက်သလစ်စွယ်စုံကျမ်းက “ကွန်စတင်တိုင်းသည် ဘာသာနှစ်ခုစလုံးကို တန်းတူမျက်နှာသာပေးခဲ့သည်။ ပေါန်တီဖစ် မက်စီမတ်စ်အနေနှင့် အယူမှားဝတ်ပြုရေးကို ကြည့်ရှုစောင့်ရှောက်ပြီး ယင်း၏အခွင့်အရေးများကို ကာကွယ်ပေးခဲ့သည်” ဟူ၍ဆို၏။ အီဒရီစွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “ကွန်စတင်တိုင်းသည် တစ်ခါမျှ ခရစ်ယာန်တစ်ဦးဖြစ်မလာခဲ့ပါ။ သူ၏အတ္ထုပ္ပတ္တိကိုရေးသားခဲ့သူ စီစရီအာမြို့နေ ယူစီဘီးယပ်စ်က သူသည် သေခါနီးအချိန်လေးတွင် ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့သည်ဟုဆို၏။ ယင်းလုပ်ရပ်ကို လက်ခံနိုင်စရာမရှိပါ။ အကြောင်းမှာ ပေါန်တီဖစ် မက်စီမတ်စ်ဘွဲ့ကိုလည်း သူရရှိထားခြင်းကြောင့် ဗတ္တိဇံမခံယူမီတစ်ရက်တွင် ဇုသနတ်ဘုရားကို သူယဇ်ပူဇော်ခဲ့သည်။”
စီ.အီး. ၃၃၇ တွင်သူသေဆုံးသည့်အချိန်အထိ ကွန်စတင်တိုင်းသည် ဘာသာရေးကိစ္စများတွင် အကြီးမြင့်ဆုံးအာဏာပိုင်ဖြစ်သည့် အယူမှားသူဘွဲ့ ပေါန်တီဖစ် မက်စီမတ်စ်ကို ခံယူထားပါသည်။ သူ၏ဗတ္တိဇံခံယူခြင်းနှင့်စပ်လျဉ်း၍ ကျမ်းစာတွင်တောင်းဆိုထားသည့်အတိုင်း အမှန်တကယ်နောင်တရပြီး ပြောင်းလဲလာခြင်းရှိခဲ့ပါသလော ဟူ၍မေးခြင်းသည် ကျိုးကြောင်းညီညွတ်ပါသည်။ (တမန်တော် ၂:၃၈၊ ၄၀၊ ၄၁) ကွန်စတင်တိုင်းသည် ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်အဖြစ် ရေတွင်စုံးစုံးနစ်မြှုပ်ခဲ့ပါသလော။—တမန်တော် ၈:၃၆-၃၉ နှိုင်းယှဉ်။
“သူတော်စင်” တစ်ပါးလော
ဗြိတဲန်နစ်ကာ စွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “ကွန်စတင်တိုင်းသည် သူ၏ပင်ကိုကြောင့်ထက် သူ၏လုပ်ဆောင်ချက်များကြောင့် မဟာဟူသောဘွဲ့ကိုရရှိခဲ့ခြင်းဖြစ်သည်။ အကျင့်စရိုက်ဖြင့်အကဲဖြတ်ရလျှင် အမှန်အားဖြင့် သူသည် ရှေးအချိန် သို့မဟုတ် မျက်မှောက်အချိန်တွင် [မဟာ] ဘွဲ့ရရှိသူအားလုံးတို့အနက် အနိမ့်ကျဆုံးသူတစ်ဦးဖြစ်သည်။ ”ခရစ်ယာန်ဘာသာ၏သမိုင်းစာအုပ်ကလည်း ဤသို့ဆိုသည်– “သူ၏ဒေါသကြီးမှုနှင့် ဒေါသတကြီးပြုမူသည့်ရက်စက်မှုဆိုင်ရာ အစောပိုင်းမှတ်တမ်းများရှိသည်။ . . . သူသည် လူ့အသက်ကို လေးမြတ်ခြင်းမရှိချေ။ . . . အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ သူသည် အော့နှလုံးနာစရာကောင်းသူဖြစ်လာသည်။”
ကွန်စတင်တိုင်းတွင် ကြီးလေးသောပုဂ္ဂိုလ်ရေးပြဿနာများရှိနေသည်မှာ ထင်ရှားပါသည်။ သမိုင်းသုတေသီတစ်ဦးက “သူ၏အပြောင်းအလဲမြန်သည့်အကျင့်စရိုက်သည် ရာဇဝတ်မှုများကျူးလွန်ခြင်း၏အကြောင်းရင်းဖြစ်သည်” ဟူ၍ဆိုသည်။ (“မင်းဆက်သတ်ဖြတ်မှုများ” လေးထောင့်ကွက်ရှု။) ကွန်စတင်တိုင်းသည် “ခရစ်ယာန်အကျင့်စရိုက်ရှိသူတစ်ဦး” မဟုတ်ပါဟူ၍ သမိုင်းပညာရှင် အိပ်ချ် ဖစ်ရှာက သူ၏ဥရောပသမိုင်းစာအုပ်တွင် အခိုင်အမာဆိုသည်။ ဤအချက်အလက်များကား သူ့အား “လူသစ်” ကိုယူတင်ဝတ်ဆောင်သော၊ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အသီး—ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် ချူပ်တည်းခြင်း—တို့ကိုတင်ပြသော ခရစ်ယာန်စစ်တစ်ဦးအဖြစ် မဖော်ပြပါ။—ကောလောသဲ ၃:၉၊ ၁၀; ဂလာတိ ၅:၂၂၊ ၂၃။
သူ့ ကြိုးစားအားထုတ်မှုများ၏ အကျိုးဆက်များ
အယူမှားပေါန်တီဖစ် မက်စီမတ်စ်—နှင့် ယင်းကြောင့် ရောမအင်ပါယာ၏ဘာသာရေးအကြီးအမှူး—အနေနှင့် ကွန်စတင်တိုင်းသည် အယူဖောက်ပြန်သောချာ့ချ်၏ဘိရှော့များကို သိမ်းသွင်းရန်ကြိုးစားခဲ့သည်။ သူသည် ၎င်းတို့အား ရောမနိုင်ငံတော်ဘာသာ၏အရာရှိများအဖြစ် အာဏာ၊ ထင်ပေါ်ကျော်ကြားမှုနှင့် ဓနဥစ္စာများကိုကမ်းလှမ်းပေးခဲ့သည်။ ကက်သလစ်စွယ်စုံကျမ်းက ဤသို့ဝန်ခံသည်– “ဘိရှော့အချို့သည် နန်းတော်၏ခမ်းနားထည်ဝါမှုကြောင့် မျက်ကန်းဖြစ်ခဲ့ပြီး ဧကရာဇ်အား ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးအဖြစ်၊ သန့်ရှင်းမြင့်မြတ်သူတစ်ဦးအဖြစ် ချီးမြှောက်ရန်နှင့် သူသည် ဘုရားသခင့်သားတော်ကဲ့သို့ ကောင်းကင်တွင်စိုးစံမည်ဟု ဟောကိန်းထုတ်ရန်အထိပင်ပြုကြသည်။”
အယူဖောက်ပြန်သောခရစ်ယာန်ဘာသာသည် အစိုးရနှင့်ပနံစားလာသည်နှင့်အမျှ ယင်းသည် ဤလောက၊ ဤလောကစနစ်နှင့်ပိုမိုစပ်ဆိုင်လာကြရာ ယေရှုခရစ်၏သွန်သင်ချက်များမှ တဖြည်းဖြည်းဝေးကွာသွားကြလေသည်။ (ယောဟန် ၁၅:၁၉; ၁၇:၁၄၊ ၁၆; ဗျာဒိတ် ၁၇:၁၊ ၂) ရလဒ်ကား “ခရစ်ယာန်ဘာသာတရား” ထဲသို့ မှားယွင်းသောအယူဝါဒနှင့် ထုံးစံဓလေ့များ—သုံးပါးပေါင်းတစ်ဆူ၊ မသေနိုင်သောဝိညာဉ်စိုးလ်၊ မီးငရဲ၊ ငရဲကလေး၊ လူသေအတွက် ဆုတောင်းပေးခြင်း၊ စိပ်ပုတီး၊ သူတော်စင်ပုံ၊ ရုပ်ပုံနှင့် အလားတူအရာများကိုအသုံးပြုခြင်း—ကိုရောစွက်ပေါင်းစပ်ခဲ့ကြလေသည်။—၂ ကောရိန္သု ၆:၁၄-၁၈ နှိုင်းယှဉ်။
ကွန်စတင်တိုင်းထံမှ ချာ့ချ်သည် အာဏာရှင်ဆန်ဆန်ပြုမူတတ်သည့်သဘောကိုလည်း အမွေရခဲ့သည်။ ကျမ်းပညာရှင် ဟင်ဒဲစင်နှင့် ဘတ်ခ်တို့က ဤသို့ဆိုသည်– “ခရစ်ဝင်ကျမ်း၏ရိုးရှင်းမှုသည် ပျက်စီးသွားပြီး ခမ်းနားထည်ဝါသောထုံးတမ်းဓလေ့နှင့်အခမ်းအနားများကို စတင်ပြုလုပ်လာခဲ့ကြသည်။ ခရစ်ယာန်ဘာသာဆရာများကို လောကီဂုဏ်ထူးဆောင်ဘွဲ့များနှင့် အခကြေးငွေများကို ချီးမြှင့်အပ်နှင်းကြပြီး ခရစ်တော်၏နိုင်ငံတော်ကို ဤလောက၏နိုင်ငံအသွင်သို့ များသောအားဖြင့် ပြုပြင်ပြောင်းလဲပစ်လိုက်ကြသည်။”
စစ်မှန်သောခရစ်ယာန်ဘာသာကား အဘယ်မှာနည်း
သမိုင်းအချက်အလက်များကား ကွန်စတင်တိုင်း၏ “ကြီးမြတ်မှု” နောက်ဝယ်ရှိအမှန်တရားကို ထုတ်ဖော်ထင်ရှားစေသည်။ စစ်မှန်သောခရစ်ယာန်အသင်းတော်၏ဦးခေါင်း ယေရှုခရစ်အုတ်မြစ်ချထားသည့်အတိုင်းတည်ရှိမည့်အစား ခရစ်ယာန်ဘောင်သည် နိုင်ငံရေးမီးစဉ်ကြည့်ကခြင်းနှင့် အယူမှားဧကရာဇ်တစ်ပါး၏ စဉ်းလဲသောကြိုးဆွဲမှုများအတိုင်း တစ်နည်းအားဖြင့် ဖြစ်ပေါ်လာပါသည်။ သမိုင်းပညာရှင် ပေါလ် ဂျွန်ဆင်က “အင်ပါယာသည် ခရစ်ယာန်ဘာသာတရား၏သြဇာကိုခံပါသလော သို့မဟုတ် ခရစ်ယာန်ဘာသာသည် အင်ပါယာနှင့် ပလူးပလဲလုပ်ခဲ့ပါသလော” ဟူ၍မေးမြန်းခြင်းသည် အလွန်လျော်ကန်ပေသည်။
စင်ကြယ်သောခရစ်ယာန်ဘာသာကို အမှန်တကယ်လိုက်နာလိုသူအပေါင်းသည် ယနေ့ စစ်မှန်သောခရစ်ယာန်အသင်းတော်ကို သိရှိပြီးပေါင်းသင်းနိုင်ရန် အကူအညီရယူနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေများသည် စစ်မှန်သောခရစ်ယာန်ဘာသာကို ခွဲခြားသိမြင်ရန်နှင့် ဘုရားသခင်အား ကိုယ်တော်နှစ်သက်လက်ခံသည့်နည်းဖြင့်ကိုးကွယ်ရန် နှလုံးရိုးဖြောင့်သူများကို ကူညီပေးလိုသည့်စိတ်ဆန္ဒပြင်းပြကြပါသည်။—ယောဟန် ၄:၂၃၊ ၂၄။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]
ကွန်စတင်တိုင်းနှင့် နိုင်စီယာကောင်စီ
ဗတ္တိဇံမခံယူရသေးသောဧကရာဇ် ကွန်စတင်တိုင်းသည် နိုင်စီယာကောင်စီတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း။ ဗြိတဲန်နစ်ကာ စွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “ဆွေးနွေးခန်းများကို ကွန်စတင်တိုင်းကိုယ်တိုင်ကြီးကြပ်ပြီး တက်တက်ကြွကြွလမ်းကြောင်းပေးခဲ့ပါသည်။ . . . ဧကရာဇ်ကိုစိုးရွံ့ ပြီး ဘိရှော့နှစ်ဦးမှလွဲ၍ ကျန်ဘိရှော့များသည် များသောအားဖြင့် သဘောမတူနိုင်ကြဘဲနှင့် ယုံကြည်ချက်ကို လက်မှတ်ထိုးခဲ့ကြသည်။”
နှစ်လတိုင် အပြင်းအထန်ဘာသာရေးအချေအတင်ငြင်းခုံမှုဖြစ်ခဲ့ကြပြီးနောက် ဤအယူလွဲမှားသူနိုင်ငံရေးသမားက ယေရှုသည် ဘုရားသခင်ဖြစ်သည်ဟု အဆိုပြုသူများ၏အကြိုက်ကိုလိုက်ပြီး ကြားဝင်ဆုံးဖြတ်ပေးခဲ့သည်။ အဘယ်ကြောင့် ထိုသို့ဆုံးဖြတ်ခဲ့ရသနည်း။ “ကွန်စတင်တိုင်းသည် ဂရိဓမ္မပညာရပ်အတိုင်း စူးစမ်းမေးမြန်းနေကြသည့် မည်သည့်မေးခွန်းကိုမျှ အခြေခံကျကျနားမလည်ခဲ့ပါ” ဟူ၍ ခရစ်ယာန်အယူဝါဒ၏သမိုင်းတိုစာအုပ်က ဖော်ပြသည်။ သူနားလည်ထားသည်မှာ ဘာသာရေးခွဲခြားမှုသည် သူ၏အင်ပါယာအတွက် အန္တရာယ်ရှိခြင်းဖြစ်၍ မိမိ၏အင်ပါယာကို တည်တံ့ခိုင်မြဲစေရန် သန္နိဋ္ဌာန်ချထားသည်။
ကွန်စတင်တိုင်း၏ကြီးကြပ်မှုအောက် နိုင်စီယာမြို့တွင်ရေးဆွဲခဲ့သော နောက်ဆုံးပြန်တမ်းစာနှင့်စပ်လျဉ်း၍ အစ္စတောရီးယား တူ အယ်လီနီကူ အက်သ်နုစ် (ဂရိလူမျိုး၏သမိုင်း) စာအုပ်က ဤသို့သုံးသပ်သည်– “၎င်းသည် အယူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များကို [ကွန်စတင်တိုင်း၏] စိတ်မဝင်စားမှု၊ . . . မည်သည့်နည်းဖြင့်မဆို ချာ့ချ်အတွင်း စည်းလုံးမှုမရှိရှိစေရန် သူအတင်းအကျပ်ပြုမူခဲ့ခြင်းနှင့် နောက်ဆုံးအနေဖြင့် ‘ချာ့ချ်ပြင်ပရှိသူတို့၏ဘိရှော့’ အဖြစ် သူသည် မည်သည့်ဘာသာရေးကိစ္စကိုမဆို အပြီးအပြတ်ဆုံးဖြတ်ချက်ချပေးရမည်ဟူသော သူ၏ခံယူချက်ကိုဖော်ပြပါသည်။” ထိုကောင်စီတွင်ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များကို ဘုရားသခင့်ဝိညာဉ်တော်ထောက်ခံနိုင်ပါမည်လော။—တမန်တော် ၁၅:၂၈၊ ၂၉ နှိုင်းယှဉ်။
[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]
မင်းဆက်သတ်ဖြတ်မှုများ
ဤခေါင်းစီးအောက်တွင် အစ္စတောရီးယား တူ အယ်လီနီကူ အက်သ်နုစ် (ဂရိလူမျိုး၏သမိုင်း) စာအုပ်က “ကွန်စတင်တိုင်းကျူးလွန်ခဲ့သော စက်ဆုပ်ဖွယ်အိမ်တွင်းရာဇဝတ်မှုများ” ဟုခေါ်ဆိုထားသည့်ပြစ်မှုများကိုဖော်ပြသည်။ သူ့မင်းဆက်ကိုတည်ထောင်ပြီးနောက်မကြာမီတွင် မျှော်လင့်မထားသည့်အောင်မြင်မှုကို မည်သို့စံစားရမည်ကို မေ့ပျောက်သွားပြီး သူ့ပတ်လည်တွင်ဝန်းရံနေသောအန္တရာယ်များကို သတိပြုမိလာသည်။ မယုံသင်္ကာဖြစ်တတ်သည့်အပြင် မြှောက်ထိုးပင့်ကော်လုပ်သူများ၏သွေးထိုးလှုံ့ဆော်မှုကြောင့် ပထမဦးဆုံး သူ၏တူလစင်းနီးယပ်စ်—သူကွပ်မျက်ခဲ့ပြီးသော တွဲဖက်အုပ်ချုပ်သူတစ်ဦး၏သား—ကို ပြိုင်ဘက်ဖြစ်လာနိုင်သူတစ်ဦးအဖြစ် မသင်္ကာဖြစ်ခဲ့သည်။ သူ့ကိုသတ်ဖြတ်ပြီးနောက် တစ်ဆက်တည်းမှာပင် ကွန်စတင်တိုင်း၏သားဦးအရင်းခေါက်ခေါက် ခရစ္စပတ်စ်သည် ကွပ်မျက်ခံခဲ့ရသည်။ သူ့အား မိထွေးဖြစ်သူဖော်စတာက သူမသားအရင်းအချာ၏ အာဏာအပြည့်အဝရရှိရေးအတွက် ဆူးငြောင့်ခလုတ်ဖြစ်၏ဟုယူမှတ်သောကြောင့် စီရင်ခဲ့ခြင်းဖြစ်သည်။
ဖော်စတာ၏ဤလုပ်ရပ်ကား နောက်ဆုံးတွင် သူမကိုယ်တိုင် ဆိုးဆိုးရွားရွားသေရသည့်အကြောင်းဖြစ်ခဲ့သည်။ အဆုံးတိုင် သူမ၏သားကွန်စတင်တိုင်းအပေါ် ဩဇာညောင်းခဲ့သော ဩဂတ်စတာ ဟယ်လ်နာသည် ဤလူသတ်မှုတွင် ပတ်သက်ခဲ့ပုံရသည်။ ကွန်စတင်တိုင်းအား ချုပ်ကိုင်ထားလေ့ရှိသည့် ဆင်ခြင်တုံတရားနှင့်မညီသောစိတ်လှုပ်ရှားမှုများကလည်း သူ၏မိတ်ဆွေအပေါင်းအသင်းမြောက်မြားစွာကို အစုလိုက်အပြုံလိုက်ကွပ်မျက်စေခဲ့သည်။ အလယ်ခေတ်သမိုင်းစာအုပ်က ဤသို့ကောက်ချက်ချသည်– “မိမိ၏သားအရင်းခေါက်ခေါက်နှင့် ကြင်ရာတော်ကိုကွပ်မျက်—သတ်—ခြင်းကား ခရစ်ယာန်ဘာသာတရားရှိ မည်သည့်ဝိညာဉ်ရေးသြဇာကိုမျှ သူ လွှမ်းမိုးမခံရကြောင်း ဖော်ပြပါသည်။”
[အောက်ခြေမှတ်ချက်များ]
a ဒိုနေးတစ်အယူဝါဒသည် စီ.အီး. လေးရာစုနှင့် ငါးရာစုရှိ “ခရစ်ယာန်” ဂိုဏ်းဂဏတစ်ခုဖြစ်သည်။ ယင်း၏နောက်လိုက်များက ဓမ္မမင်္ဂလာအထုံးအဖွဲ့များကို တရားဝင်စေခြင်းသည် ဓမ္မဆရာ၏ ကိုယ်ကျင့်တရားပေါ်မူတည်ပြီး ချာ့ချ်သည် ကြီးလေးသည့်အပြစ်ပြုသူများကို ယင်း၏အသင်းသားအဖြစ်မှ ထုတ်ပစ်ရမည်ဟု အဆိုတင်သွင်းခဲ့ကြသည်။ အာရိယန်အယူဝါဒမှာမူ ယေရှုခရစ်သည် ဘုရားဖြစ်သည်ကို ငြင်းဆိုသောလေးရာစုရှိ “ခရစ်ယာန်” လှုပ်ရှားမှုတစ်ခုဖြစ်သည်။ အာရိယပ်စ်က ဘုရားသခင်သည် မွေးဖွားခံရခြင်းနှင့် အစဟူ၍မရှိဟု သွန်သင်သည်။ သားတော်သည် မွေးဖွားခံရသောကြောင့် ခမည်းတော်နည်းတူ ဘုရားမဖြစ်နိုင်ပါ။ သားတော်သည် ထာဝရကာလမှစ၍ တည်ရှိလာခြင်းမဟုတ်ဘဲ ခမည်းတော်၏အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိလာခြင်းဖြစ်သည်။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ရောမရှိဤမုခ်ဝကို ကွန်စတင်တိုင်းအား ဂုဏ်ပြုရန် အသုံးပြုခဲ့သည်
[Picture Credit Line on page 26]
Musée du Louvre, Paris