ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများအတွက် ကြိုတင်စီစဉ်ထားခြင်း
မကြာသေးမီက အာဖရိကန်သတင်းစာတစ်စောင်တွင် အယ်နီ၏ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်ပါလာသည်။ အယ်နီ၏ခင်ပွန်းသည်မှာ ကုန်သည်တစ်ဦးဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် သူကွယ်လွန်သွားပြီး ကား ၁၅ စီး၊ ဘဏ်စာရင်းအချို့၊ ငွေသား (ယူ.အက်စ်.) ဒေါ်လာ ၄,၀၀၀ ခန့်၊ ဆိုင်ခန်းတစ်ခန်း၊ အရက်ရောင်းခန်းတစ်ခုနှင့် အိပ်ခန်းသုံးခန်းပါသောနေအိမ်တစ်လုံးတို့ကို ချန်ထားခဲ့သည်။ သူချန်မထားခဲ့သောအရာမှာ သေတမ်းစာပင်ဖြစ်သည်။
သတင်းအရ အယ်နီ၏မတ်ဖြစ်သူသည် ဥစ္စာပစ္စည်းနှင့်ငွေတို့ကို သိမ်းယူလိုက်ပြီး သူမနှင့် သူမ၏ကလေးခြောက်ယောက်ကို သူတို့၏အိမ်မှနှင်ချလိုက်သည်။ သူမနှင့်ကလေးများသည် ခိုကိုးရာမဲ့ကျန်ရစ်ကာ ယခုသူမ၏အစ်ကိုကြီးနှင့်အတူ နေထိုင်သည်။ ကျောင်းလခ၊ ကျောင်းယူနီဖောင်းများအတွက် ငွေမရှိသောကြောင့် ကလေးလေးယောက်မှာ ကျောင်းထွက်လိုက်ရသည်။
အယ်နီသည် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားသည့်အခါ သူမကို ကားတစ်စီးအပါအဝင် ဥစ္စာပစ္စည်းအချို့ပြန်ပေးသင့်သည်ဟု ရုံးတော်မှအမိန့်ချမှတ်လိုက်သည်။ သို့သော် မည်သည့်ပစ္စည်းမျှ ပြန်မရပေ။ တရားရုံးချုပ်မှချမှတ်သည့်အတိုင်း မိမိ၏မတ်ဖြစ်သူ မဖြစ်မနေလိုက်နာရန်အမိန့်စာထွက်ပေးဖို့ ရုံးတော်သို့တစ်ဖန်ပြန်သွားရမည်။
သေခြင်းနှင့်ပတ်သက်၍ အဘယ်ကြောင့်စဉ်းစားရသနည်း
အိမ်ထောင်ဦးစီးဖြစ်သူသည် သေနိုင်ချေအတွက် ကြိုတင်မစီစဉ်ထားလျှင် မည်သို့ဖြစ်နိုင်သည်ကို အယ်နီ၏အဖြစ်အပျက်က ဖော်ပြပါသည်။ လူသားအားလုံးသေဆုံးကြသည့်အခါ “မိမိတို့၏ဥစ္စာကို သူတစ်ပါးတို့၌ ချန်ထားကြ၏။” (ဆာလံ ၄၉:၁၀) ထို့ပြင် လူသေများသည် သူတို့ပိုင်ဆိုင်ခဲ့ရာများနှင့် မည်သို့ပြုမူကြသည်ကို ကြီးကြပ်ကွပ်ကဲနိုင်စွမ်းလုံးဝမရှိပေ။ (ဒေသနာ ၉:၅၊ ၁၀) လူတစ်ဦးသည် မိမိ၏ပိုင်ဆိုင်ရာများကို မည်သို့စီစဉ်ရမည်အကြောင်း ဆုံးဖြတ်ခွင့်ရှိဖို့ရန် သူသည် မကွယ်လွန်မီ ကိစ္စရပ်များကိုစီစဉ်ထားရပါမည်။
ကျွန်ုပ်တို့အားလုံး မမျှော်လင့်ဘဲသေဆုံးနိုင်သည်ကို သိထားကြသော်လည်း များစွာသောသူတို့သည် အသက်ရှင်ကျန်ရစ်သော မိမိတို့ချစ်မြတ်နိုးရသူများ၏ နောင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ပျက်ကွက်ကြသည်။ ကျွန်ုပ်တို့၏ ဆွေးနွေးတင်ပြချက်သည် အာဖရိကမှ အချို့သောယဉ်ကျေးမှုအုပ်စုများကို မီးမောင်းထိုးပြမည်မှန်သော်လည်း အခြားသောကမ္ဘာ့ဒေသများ၌လည်း အလားတူပြဿနာများရှိပါသည်။
သင်သေဆုံးခဲ့လျှင် သင်ပိုင်ဆိုင်ရာကို စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ အစီအစဉ်လုပ်မည်မလုပ်မည်ဟူသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပါသည်။ (ဂလာတိ ၆:၅) သို့သော် ‘လူတစ်ဦးအသက်ရှင်နေစဉ် မိမိ၏ဇနီးနှင့်သားသမီးများကို ယုယမြတ်နိုးပြုစုမည်ဖြစ်သော်လည်း မတော်တဆသေဆုံးသွားသည့်အခါ သူတို့၏ဖူလုံရေးအတွက် အဘယ်ကြောင့်မစီစဉ်ထားရသနည်း’ ဟုတစ်စုံတစ်ယောက်ကမေးပေမည်။ အဓိကအကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့အများစုသည် သေခြင်းအတွက် စီစဉ်ဖို့မဆိုထားနှင့် သေသွားနိုင်သည့်ကိစ္စကိုပင် မစဉ်းစားလိုကြပါ။ အမှန်ဆိုလျှင် “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်သော အခိုးအငွေ့ ဖြစ်၏” ဟုကျမ်းစာဆိုသည့်အတိုင်း ကျွန်ုပ်တို့သေမည့်နေ့ကို ကြိုတင်မသိနိုင်ကြပါ။—ယာကုပ် ၄:၁၄။
ကျွန်ုပ်တို့သေကောင်းသေနိုင်သည်ဟူသော ဖြစ်နိုင်ချေအတွက် စီစဉ်ထားခြင်းသည် လက်တွေ့ကျပါသည်။ ကျန်ရစ်သူများကို မေတ္တာပါသော အရေးစိုက်မှုပြရာလည်းကျပါသည်။ ကျွန်ုပ်တို့၏ကိစ္စများကို ကျွန်ုပ်တို့မစီစဉ်ပါက အခြားသူများကစီစဉ်ကြပါလိမ့်မည်။ ကျွန်ုပ်တို့တစ်ခါမျှမမြင်ဖူးသူများက ကျွန်ုပ်တို့ပိုင်ဆိုင်ရာများ၊ အသုဘအစီအစဉ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ပြုလုပ်ကောင်းပြုလုပ်ကြပါလိမ့်မည်။ ယင်းသို့သောအခြေအနေမျိုးအောက်တွင် အချို့နိုင်ငံများ၌ ကျွန်ုပ်တို့၏ငွေနှင့် ဥစ္စာပစ္စည်းများကို မည်သူရသင့်သည်အကြောင်း နိုင်ငံတော်ကဆုံးဖြတ်ပေးပါသည်။ အခြားနိုင်ငံများတွင်မူ ဆွေမျိုးများကဆုံးဖြတ်ကြပြီး ထိုဆုံးဖြတ်ချက်များကြောင့် မိသားစုအတွင်း မလိုတမာစိတ်များဖြစ်ပေါ်စေသည့် ကတောက်ကဆတ်ဖြစ်မှုများ လိုက်ပါလာတတ်သည်။ ထို့ပြင် သူတို့ဆုံးဖြတ်လိုက်ရာများသည် ကျွန်ုပ်တို့၏ဆန္ဒနှင့် တခြားစီဖြစ်ပေမည်။
ပစ္စည်းဥစ္စာအဓမ္မလုယူခြင်း
ခင်ပွန်းသည်ကွယ်လွန်သောအခါ မုဆိုးမဖြစ်သူသည် ဆုံးရှုံးမှုအများဆုံးကြုံရသည်။ သူမ၏ကြင်ဖော်ကို ဆုံးရှုံးခြင်းကြောင့် ပူဆွေးသောကရောက်ရသည့်အပြင် ပစ္စည်းဥစ္စာများ အတင်းအဓမ္မလုယူခြင်းကိုလည်း ခံရလေ့ရှိသည်။ ယင်းကို အစောပိုင်းကအယ်နီ၏ကိစ္စ၌ ဖော်ပြထားသည်။ ပစ္စည်းဥစ္စာများလုယူခံရခြင်း အကြောင်းရင်းတစ်ခုမှာ ဇနီးသည်များအား မည်သို့ယူမှတ်သည့်အချက်နှင့် ပတ်သက်နေပါသည်။ အချို့ယဉ်ကျေးမှုများတွင် လူတစ်ဦး၏ဇနီးကို မိသားစုဝင်အဖြစ်မသတ်မှတ်ကြပါ။ သူမ၏မိသားစုရှိရာသို့ အချိန်မရွေးပြန်မည့်သူ သို့မဟုတ် အခြားမိသားစုနှင့် အိမ်ထောင်ပြန်ပြုမည့် သူစိမ်းတစ်ဦးအဖြစ်သိမြင်ထားကြသည်။ တစ်ဖက်တွင် လူတစ်ဦး၏အစ်ကိုများ၊ အစ်မများနှင့် မိဘများသည်သူနှင့်မည်အခါမျှ ခွဲနေကြမည်မဟုတ်ပါ။ အကယ်၍ သူကွယ်လွန်သွားပါက သူ၏ပိုင်ဆိုင်ရာများကို သူ့ဇနီးနှင့် သားသမီးများမပိုင်ဘဲ သူ့မိသားစုကပိုင်သည်ဟု ယုံကြည်ကြသည်။
မိမိတို့၏ဇနီးများကို စိတ်ချယုံကြည်မှုမရှိသော လင်ယောက်ျားများသည် ယင်းသို့သောအတွေးအခေါ်များကို အားပေးထောက်ခံကြသည်။ မိုက်ခ်ဆိုသူသည် စီးပွားရေးကိစ္စများကို သူ့ညီနောင်များနှင့်သာ ဆွေးနွေးတတ်သည်။ သူမည်သည့်အရာများပိုင်ဆိုင်သည်ကို သူတို့သိထားကြသော်လည်း သူ့ဇနီးဖြစ်သူမှာ မသိသလောက်ပင်။ သူကွယ်လွန်သွားသောအခါ သူ့ညီနောင်များသည် သူမထံလာ၍ သူမ၏ခင်ပွန်းသည်ရဖို့ရှိသည့်ငွေကို တောင်းဆိုကြလေသည်။ ထိုကိစ္စကိုသူမသိပင်မသိခဲ့ပေ။ ထို့ပြင် သူမအတွက် ခင်ပွန်းသည်ဝယ်ပေးခဲ့သော ဓာတ်ပုံမိတ္တူကူးသည့်စက်များနှင့် လက်နှိပ်စက်များကိုလည်း သူတို့သိမ်းယူလိုက်ကြသည်။ နောက်ဆုံးတွင် သူ့ညီနောင်များသည် အိမ်နှင့်တကွ ပါသမျှပစ္စည်းအားလုံးကို သိမ်းယူကြလေသည်။ ဤမုဆိုးမနှင့် သမီးငယ်လေးမှာ မိမိတို့၏အဝတ်အစားလောက်ကိုသာယူ၍ အိမ်မှနှင်ချခံရလေသည်။
“ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်”
ခရစ်ယာန်လင်ယောက်ျားများသည် မိမိတို့၏ဇနီးသည်များကို ချစ်မြတ်နိုးကြပြီး စိတ်ချယုံကြည်ထိုက်သူများအဖြစ် ယူမှတ်ကြသည်။ ထိုသို့သောအမျိုးသားများမှာ “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်” ဟူသောကျမ်းစာအကြံပြုချက်ကို နှလုံးသွင်းသူများဖြစ်ကြပါသည်။ သူတို့သည် ဤမှုတ်သွင်းခံစကားများကိုလည်း သဘောတူကြသည်– “ယောက်ျားသည်ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။”—ဧဖက် ၅:၂၈၊ ၃၁။
ဘုရားတရားကြည်ညိုသောလင်သားများသည် “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကိုမပြုစုသော သူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏” ဟုရေးသားခဲ့သော ခရစ်ယာန်တမန်တော်ပေါလုနှင့်လည်း သဘောတူကြပါသည်။ (၁ တိမောသေ ၅:၈) ဤစည်းမျဉ်းမူနှင့်အညီ ခရစ်ယာန်လင်သားတစ်ဦးသည် ခရီးရှည်တစ်ခုသွားဖို့စီစဉ်ပါက အဝေး၌မိမိရှိနေစဉ် သူ့မိသားစုကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ သေချာစီစဉ်ထားခဲ့မည်။ အလားတူစွာ မတော်တဆသူသေဆုံးသွားလျှင် သူ့ဇနီးနှင့် သားသမီးများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းသည် အကျိုးသင့်အကြောင်းသင့်မဖြစ်ပေလော။ မမျှော်လင့်သော ကြေကွဲဖွယ်ဖြစ်ရပ်အတွက် ကြိုတင်ပြင်ဆင်ခြင်းသည် လက်တွေ့ကျရုံမက မေတ္တာရှိရာလည်းကျပါသည်။
အသုဘထုံးတမ်းများ
ခရစ်ယာန်လင်ယောက်ျားများအတွက် ဤကိစ္စနှင့်စပ်လျဉ်း၍ သုံးသပ်စရာအခြား ကဏ္ဍတစ်ခုရှိပါသေးသည်။ သူမ၏အိမ်ထောင်ဖက်၊ ဥစ္စာပစ္စည်းများနှင့် သားသမီးများကိုပင် ဆုံးရှုံးကောင်းဆုံးရှုံးရ၍ မုဆိုးမသည် ပူဆွေးသောကရောက်နေရသည့်အပြင် လူ့အဖွဲ့အစည်းအချို့က ဝမ်းနည်းပူဆွေးမှုဆိုင်ရာ မိရိုးဖလာထုံးတမ်းဓလေ့များကို သူမအား အတင်းအဓမ္မလုပ်ဆောင်စေပါသည်။ အချို့ဒေသများတွင် မုဆိုးမတစ်ဦးသည် ခင်ပွန်းသည်၏ရုပ်ကလာပ်နှင့် အမှောင်ခန်းတစ်ခုထဲတွင် အိပ်ရသည့်ထုံးစံရှိသည်ဟု နိုင်ဂျီးရီးယားနိုင်ငံမှ ဂါးဒီးယန်း သတင်းစာကမြည်တမ်းခဲ့သည်။ အခြားနေရာများတွင်မူ ဝမ်းနည်းပူဆွေးမှုပြုရသည့် ခြောက်လနီးပါးကာလအတွင်း မုဆိုးမများသည် မိမိတို့အိမ်မှထွက်ခွင့်မရှိကြပါ။ ထိုအချိန်အတောအတွင်း သူတို့သည် ရေချိုးခြင်း၊ အစာမစားမီ သို့မဟုတ် အစာစားပြီးနောက်၌ လက်ဆေးခြင်းကိုပင် တားမြစ်ထားခြင်းခံရသည်။
ဤကဲ့သို့သော ထုံးတမ်းများသည် အထူးသဖြင့် ခရစ်ယာန်မုဆိုးမများအတွက် ပြဿနာများကိုပေါ်ပေါက်စေပါသည်။ ဘုရားသခင့်အလိုတော်နှင့်တွေ့လိုသော သူတို့၏ဆန္ဒက သမ္မာကျမ်းစာသွန်သင်ချက်များနှင့် မညီညွတ်သော ထုံးတမ်းများကိုရှောင်ရန် သူတို့အားလှုံ့ဆော်ပေးသည်။ (၂ ကောရိန္သု ၆:၁၄၊ ၁၇) သို့ရာတွင် မုဆိုးမတစ်ဦးသည် ၎င်းထုံးတမ်းများကို မလိုက်လျောခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းမှု ခံရပေမည်။ သူမသည် အသက်လုပြီးပြေးရသည့်အထိပင် ဖြစ်နိုင်သည်။
တရားဝင်အစီအစဉ်များချမှတ်ထားခြင်း
ပညာရှိစွာ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း . . . ဆိုင်ပေ၏။” (သု. ၂၁:၅) အိမ်ထောင်ဦးစီးဖြစ်သူသည် မည်သည့်အစီအစဉ်များကို ပြုလုပ်နိုင်ပါသနည်း။ လူ့အဖွဲ့အစည်းအများစုတွင် လူတစ်ဦးသေဆုံးသွားပါက သူ၏ပိုင်ဆိုင်ရာများကို မည်သို့စီမံခန့်ခွဲရန်ဖော်ပြထားသော သေတမ်းစာ သို့မဟုတ် စာချုပ်စာတမ်းတစ်ခုကို ပြုလုပ်ထားနိုင်သည်။ ယင်း၌ ဈာပနအစီအစဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များပါဝင်နိုင်သည်။ အသုဘနှင့် ဝမ်းနည်းပူဆွေးမှုဆိုင်ရာ ထုံးတမ်းများနှင့်ပတ်သက်၍ အိမ်ထောင်ဖက်တစ်ဦး ပြုလုပ်ရမည့် (သို့မဟုတ် မပြုလုပ်ရမည့်) အရာတို့ကိုလည်း ၎င်းစာချုပ်တွင် အတိအကျဖော်ပြထားပေမည်။
လီယာအမည်ရှိအမျိုးသမီးတစ်ဦး၏ ခင်ပွန်းသည်မှာ ၁၉၉၂ ခုနှစ်တွင် ကွယ်လွန်သွားပါသည်။ သူမကဤသို့ပြောပြသည်– “ကျွန်မမှာ သားသမီးငါးယောက်—မိန်းကလေးလေးယောက်နဲ့ ယောက်ျားလေးတစ်ယောက်—ရှိပါတယ်။ ကျွန်မအမျိုးသားမကွယ်လွန်ခင် အတော်ကြာကြာလေး နေမကောင်းဖြစ်တယ်။ ဒါပေမဲ့ သူနေမကောင်းမဖြစ်ခင်ကတည်းက သူပိုင်ဆိုင်သမျှအားလုံးကို ကျွန်မနဲ့ ကျွန်မတို့ကလေးတွေကို ပေးစေလိုကြောင်းဖော်ပြထားတဲ့ စာချုပ်တစ်ခုကို ရေးထားပါတယ်။ အဲဒီအရာတွေကတော့ အာမခံကြေး၊ လယ်ယာ၊ တိရစ္ဆာန်တွေနဲ့ အိမ်တစ်လုံးဖြစ်တယ်။ စာချုပ်ကိုလက်မှတ်ထိုးပြီး ကျွန်မကိုပေးထားပါတယ်။ . . . ကျွန်မခင်ပွန်းကွယ်လွန်ပြီးနောက် ဆွေမျိုးတွေက သူ့အမွေတွေကို ဝေစုခွဲချင်ကြတယ်။ ကျွန်မခင်ပွန်းဟာ သူ့ကိုယ်ပိုင်ငွေနဲ့ လယ်ယာတွေဝယ်ယူခဲ့တဲ့အတွက် သူတို့အနေနဲ့ ဘာတစ်ခုမှတောင်းဆိုပိုင်ခွင့်မရှိတဲ့အကြောင်း ကျွန်မထောက်ပြတယ်။ စာချုပ်ကိုမြင်တော့ သူတို့လက်ခံကြပါတယ်။”
ကိစ္စရပ်များကို မိသားစုနှင့်ဆွေးနွေးခြင်း
လူတစ်ဦးသည် မိမိ၏ခံယူချက်နှင့် ဆန္ဒများကို မိသားစုအားမပြောပြထားလျှင် ပြဿနာများပေါ်လာနိုင်ပါသည်။ တစ်ဦးသောသူ ကွယ်လွန်သွားသည့်အခါ သူ့ဆွေမျိုးများက ဒေသခံထုံးတမ်းများနှင့်အညီ သူ့အားရွာထဲတွင်သင်္ဂြိုဟ်ရန် အတင်းအကျပ်ပြုသည့်အဖြစ်ကို သုံးသပ်ကြည့်ပါ။ မိမိတို့အသက်အန္တရာယ်ကြုံလာရသည့်အခါ ထိုသူ၏မုဆိုးမနှင့် သားသမီးများသည် သူ့ရုပ်ကလာပ်ကို ဆွေမျိုးသားချင်းတို့နှင့်ချန်ထားခဲ့ရန် အတင်းအကျပ်ပြုခံခဲ့ရသည်။ သူမကဤသို့မြည်တမ်းခဲ့သည်– “ကျွန်မရဲ့ခင်ပွန်းကသာ သူ့ကိုဘယ်လိုသင်္ဂြိုဟ်စေချင်တယ်ဆိုတာကို သူ့ဦးလေး ဒါမှမဟုတ် သူ့ဝမ်းကွဲတစ်ယောက်ယောက်ကိုပြောခဲ့မယ်ဆိုရင် သူတို့ရိုးရာအသုဘထုံးတမ်းအရသင်္ဂြိုဟ်ဖို့ မိသားစုက အတင်းအကျပ်လုပ်မှာမဟုတ်ဘူး။”
အချို့လူ့အဖွဲ့အစည်းများတွင် နှုတ်ကတိပြုခြင်းသည် စာချုပ်စာတမ်းတစ်ခုရေးသားသကဲ့သို့ အတည်ဖြစ်သည်။ ဤအခြေအနေမျိုးကို ရိုးရာအသုဘလုပ်ထုံးနှင့် ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်လုပ်ထုံးများကို အားပေးသည့်ယုံကြည်ချက်များ ခံယူထားသူအများအပြားနေထိုင်ရာ ဆွာဇီလန်နိုင်ငံမှဒေသအချို့တွင် တွေ့ရသည်။ ယင်းကိုသိသောကြောင့် အိုင်ဇာက်အမည်ရှိသူ ခရစ်ယာန်အမျိုးသားတစ်ဦးသည် ယေဟောဝါသက်သေများမဟုတ်သော မိမိ၏ဆွေမျိုးများကိုခေါ်၍ မိမိသေဆုံးပြီးနောက် မည်သို့ပြုစေလိုသည်ကို ဆွေးနွေးလေသည်။ အဘယ်ပစ္စည်းကို မည်သူအား ပေးရမည်အကြောင်းနှင့် မိမိ၏အသုဘအစီစဉ်ကို မည်သို့ကျင်းပရမည်အကြောင်း အသေအချာရှင်းပြထားသည်။ သူကွယ်လွန်ပြီးနောက် သူ့ဆန္ဒအတိုင်း ဖြစ်မြောက်ခဲ့သည်။ အိုင်ဇာက်ကို ခရစ်ယာန်နည်းဖြင့်သင်္ဂြိုဟ်ပြီး သူ့ဇနီးကိုလည်း ကောင်းစွာစောင့်ရှောက်ပေးထားကြပါသည်။
သင့်မိသားစုကိုကာကွယ်ပါ
သင်သေဆုံးသွားလျှင် သင့်မိသားစုကိုအကာအကွယ်ပေးရန် သင်အဘယ်အရာလုပ်မည်ဆိုသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သော်လည်း အက်ဒ်ဝက်အမည်ရှိသူ ခရစ်ယာန်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော့်မိသားစုရှစ်ယောက် အကျိုးခံစားနိုင်ဖို့အတွက် အသက်အာမခံစာချုပ်တစ်ခုရှိပါတယ်။ ကျွန်တော့်ရဲ့ဘဏ်စာရင်းမှာ ကျွန်တော့်ဇနီးရဲ့လက်မှတ်လည်းပါပါတယ်။ ဒါကြောင့် ကျွန်တော်သေသွားမယ်ဆိုရင် အဲဒီစာရင်းထဲကနေ သူမငွေထုတ်ယူနိုင်ပါတယ်။ . . . ကျွန်တော့်မိသားစုအကျိုးအတွက် သေတမ်းစာတစ်စောင်ရေးထားပါတယ်။ ကျွန်တော်သေသွားရင် ကျွန်တော်ချန်ရစ်ခဲ့သမျှအားလုံး ကျွန်တော့်ဇနီးနဲ့ သားသမီးတွေအတွက်ပဲဖြစ်မယ်။ ကျွန်တော့်ရဲ့သေတမ်းစာကို လွန်ခဲ့တဲ့ငါးနှစ်က ရေးခဲ့ပါတယ်။ အဲဒီသေတမ်းစာကို ရှေ့နေတစ်ဦးက ပြင်ဆင်ပေးပြီး ကျွန်တော့်ဇနီးနဲ့သားဆီမှာ မိတ္တူတစ်စောင်ရှိတယ်။ ကျွန်တော့်ရဲ့မိသားစုတွေဟာ ကျွန်တော့်အသုဘကိစ္စမှာမပါဝင်ဖို့ သေတမ်းစာထဲမှာ ကျွန်တော်သီးသန့်ဖော်ပြထားတယ်။ ကျွန်တော်ဟာ ယေဟောဝါရဲ့အဖွဲ့အစည်းကဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်အသုဘအစီစဉ်ကို ကျင်းပပြုလုပ်ဖို့ သက်သေခံတစ်ယောက်၊ နှစ်ယောက်ပဲရှိရင်တောင် လုံလောက်ပါပြီ။ အဲဒီအကြောင်းတွေကို ကျွန်တော့်ရဲ့တိုးချဲ့မိသားစုနဲ့ ကျွန်တော်ဆွေးနွေးထားပါတယ်။”
တစ်နည်းအားဖြင့်ဆိုလျှင် ဤသို့သောအစီအစဉ်များပြုလုပ်ခြင်းသည် သင့်မိသားစုအတွက် လက်ဆောင်တစ်ခုဖြစ်ပါသည်။ သေနိုင်ချေအတွက်စီမံထားခြင်းသည် ချောကလက် သို့မဟုတ် ပန်းစည်းလက်ဆောင်နှင့် မတူသည်တော့မှန်ပါသည်။ သို့တိုင် ယင်းက သင့်မေတ္တာကိုပြရာရောက်သည်။ ထိုသို့ပြုခြင်းက သူတို့နှင့်အတူမရှိတော့သည့်နောက်ပိုင်း၌ပင် သင်သည် ‘ကိုယ်အိမ်သူအိမ်သားတို့ကိုပြုစု’ လိုကြောင်း ပြသရာရောက်ပါသည်။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ယေရှုသည် မိခင်လိုအပ်ရာအတွက် စီစဉ်ပေးခဲ့
“ယေရှု၏လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့်မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယားမာရိနှင့် မာဂဒလမာရိတို့သည်ရပ်နေကြ၏။ ထိုအခါမယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည်မြင်တော်မူလျှင်၊ မယ်တော်အား၊ ‘အချင်းမိန်းမ၊ သင်၏သားကိုကြည့်ပါ’ ဟူ၍လည်းကောင်း၊ တပည့်တော်အားလည်း၊ ‘သင်၏အမိကိုကြည့်ပါ’ ဟူ၍လည်းကောင်းမိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌သိမ်းထား၏။”—ယောဟန် ၁၉:၂၅-၂၇။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ခရစ်ယာန်များစွာတို့သည် မိမိတို့၏မိသားစုကို အကာ အကွယ်ပေးရန်အတွက် တရားဝင်ဆောင်ရွက်မှုများကို စဉ်းစဉ်းစားစားပြုလုပ်ကြသည်