ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၉/၁ စာ. ၂၂-၂၃
  • ဗေသလ အကောင်းနှင့်အဆိုး တည်ရှိရာမြို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗေသလ အကောင်းနှင့်အဆိုး တည်ရှိရာမြို့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ဘုရားသခင်၏အိမ်တော်” ကို တန်ဖိုးထား လေးစားစွာ ရှုမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အားလုံးကို ဖိတ်ခေါ်ပါသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မေ့လျော့မခံရတဲ့ အလုပ်မွန်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၉/၁ စာ. ၂၂-၂၃

ဗေသလ အကောင်းနှင့်အဆိုး တည်ရှိရာမြို့

အချို့မြို့များသည် မြို့တွင်းအဖြစ်အပျက်များကြောင့် ကျော်ကြားလာသည်၊ သို့မဟုတ် နာမည်ပျက်ရသည်။ သို့သော် ဗေသလမူကား ကောင်းကျိုးဆိုးကျိုးနှစ်ခုစလုံးကြောင့် နာမည်ကျော်ကြားလာခြင်းသည် ထူးခြား၏။ ဘိုးဘေးယာကုပ်သည် ‘ဘုရားသခင့်အိမ်တော်’ ဟုအဓိပ္ပာယ်ရှိသော ဗေသလဟု ထိုမြို့ကို အမည်ပေးခဲ့သည်။ သို့သော်ငြားလည်း အနှစ်တစ်ထောင်အကြာတွင် ပရောဖက်ဟောရှေသည် ထိုမြို့ကို “နာကျင်ရာအိမ်” ဟုခေါ်ခဲ့သည်။ ဤမြို့သည် အကောင်းမှအဆိုးသို့ မည်သို့ပြောင်းလဲခဲ့သနည်း။ ၎င်း၏ရာဇဝင်မှ ကျွန်ုပ်တို့ မည်သည့်သင်ခန်းစာရရှိနိုင်သနည်း။

အာဗြဟံအသက်ရှင်လျက်ရှိသေးသော ဘီ.စီ.အီး. ၁၉၄၃ ခုနှစ်တွင် ဘုရားသခင့်လူမျိုးတော်နှင့် ဗေသလသည် စတင်ဆက်သွယ်မှုပြုခဲ့သည်။ ထိုအချိန်က ၎င်း၏မူရင်းခါနာန်အမည် လုဇဖြင့် ယင်းမြို့ကို လူအများသိခဲ့ကြသည်။ ယင်းသည် ယေရုရှလင်မြို့၏မြောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ တောင်ကုန်းဒေသတွင် တည်ရှိသည်။ ဗေသလမြို့အနီးရှိ တောင်များပေါ်မှ မြေသြဇာကောင်းသော ယော်ဒန်လွင်ပြင်ချိုင့်ဝှမ်းကို အာဗြဟံနှင့်သူ၏တူလောတတို့ ရှုစားနေကြပုံကို မြင်ယောင်ကြည့်ပါ။ အာဗြဟံသည် သူတို့၏တိရစ္ဆာန်အုပ်များအတွက် စားကျက်များ သတ်မှတ်ပေးရန် အခက်အခဲတွေ့နေကြောင်းကို လောတဂရုပြုမိစေရန် လိမ္မာပါးနပ်စွာဖြင့် ဤသို့ဆိုသည်– “ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့်သင်၌လည်းကောင်း၊ ငါ့နွားကျောင်းသားတို့နှင့် သင့်နွားကျောင်းသားတို့၌လည်းကောင်း ခိုက်ရန်မရှိပါစေနှင့်။ မြေတစ်ပြင်လုံးသည် သင့်ရှေ့မှာရှိသည်မဟုတ်လော။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည် လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင်၊ ငါသည်လက်ဝဲဘက်သို့သွားမည်။”—ကမ္ဘာဦး ၁၃:၃-၁၁။

အာဗြဟံသည် သူ၏ဦးဆုံးရွေးချယ်ပိုင်ခွင့်ကို အသုံးမပြုခဲ့ပါ။ ယင်းအစား သူသည် အကောင်းဆုံးနေရာရွေးချယ်ရန် ငယ်ရွယ်သူအား ခွင့်ပြုခဲ့သည်။ အာဗြဟံ၏မွန်မြတ်သောစိတ်သဘောထားကို ကျွန်ုပ်တို့အတုယူနိုင်ပါသည်။ အေးဆေးညင်သာစွာပြောဆိုပြီး တစ်ကိုယ်ကောင်းဆန်ဆန်မပြုမူခြင်းဖြင့် မိမိကအစပြုလုပ်ဆောင်ကာ အငြင်းပွားမှုများကို ငြိမ်းအေးစေနိုင်သည်။—ရောမ ၁၂:၁၈။

နှစ်အနည်းငယ်အကြာတွင် အာဗြဟံ၏မြေးယာကုပ်သည် လုဇမြို့၌ စခန်းချခဲ့စဉ် ဆန်းကြယ်သော အိပ်မက်တစ်ခုကိုမက်ခဲ့သည်။ သူသည် “မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုးကောင်းကင်တိုင်အောင်မီ၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ထိုလှေကားဖြင့် ဆင်းလျက်တက်လျက်ရှိကြ” သည်ကိုမြင်ခဲ့၏။ (ကမ္ဘာဦး ၂၈:၁၁-၁၉; ယောဟန် ၁:၅၁ နှိုင်းယှဉ်။) ထိုအိပ်မက်သည် အလွန်အရေးပါသော အဓိပ္ပာယ်ရှိသည်။ ယာကုပ်မြင်ခဲ့သော ကောင်းကင်တမန်များသည် သူ၏မျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်ပေးခဲ့သော ကတိတော်ပြည့်စုံစေရန် သူ၏အကျိုးကိုဆောင်ရွက်ပေးမည်ဖြစ်သည်။ လှေကားအထက်ရှိ ယေဟောဝါ၏မြင့်မားသောနေရာမှာ ဤလုပ်ငန်း၌ ကောင်းကင်တမန်များအား ကိုယ်တော်ညွှန်ကြားမည်ကိုပြသသည်။

ဘုရားသခင်ပေးအထောက်အကူရမည်ဟု ဤသို့အာမခံချက်ရခြင်းသည် ယာကုပ်ကို အလွန်အမင်းဘဝင်ခိုက်စေခဲ့သည်။ သူသည် အိပ်မက်မှနိုးထလာသောအခါ ထိုနေရာကို ‘ဘုရားသခင်၏အိမ်တော်’ ဟုအဓိပ္ပာယ်ရှိသည့် ဗေသလအမည်ကိုပေးခဲ့ကာ ယေဟောဝါအား ဤသို့အဓိဋ္ဌာန်ပြုခဲ့သည်– “ပေးသနားတော်မူသမျှတို့ကို ဆယ်ဖို့တစ်ဖို့ ပူဇော်ပါမည်။”a (ကမ္ဘာဦး ၂၈:၂၀-၂၂) မိမိ၌ရှိသောအရာခပ်သိမ်းသည် ဘုရားသခင်ထံမှရထားသည်ကို အသိအမှတ်ပြုကာ ကျေးဇူးတင်သောအထိမ်းအမှတ်အဖြစ် ရက်ရက်ရောရောပြန်ဆပ်လိုခဲ့သည်။

ယနေ့လည်း ခရစ်ယာန်များ၏အကျိုးကို ကောင်းကင်တမန်များ ဆောင်ရွက်ပေးနေကြပါသည်။ (ဆာလံ ၉၁:၁၁; ဟေဗြဲ ၁:၁၄) သူတို့သည်လည်း “ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်းများနှင့် ပြည့်စုံလျက်ရှိ” ကာရရှိထားသောကောင်းချီးများအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြနိုင်ကြသည်။—၂ ကောရိန္သု ၉:၁၁၊ ၁၂။

အချိန်တန်သော် ယာကုပ်၏သားစဉ်မြေးဆက်များသည် လူမျိုးကြီးတစ်မျိုးဖြစ်လာခဲ့၏။ သူတို့၏ခေါင်းဆောင်ယောရှုသည် ခါနာန်ပြည်ကို အောင်နိုင်ပြီးခါစတွင် ဗေသလမြို့၏အယူမှားဘုရင်ကို တိုက်ထုတ်ခဲ့သည်။ (ယောရှု ၁၂:၁၆) တရားသူကြီးများခေတ်တွင် ပရောဖက်မဒေဗောရသည် ဗေသလမြို့အနီးတွင် နေထိုင်ကာ လူတို့အား ယေဟောဝါ၏စကားတော်တို့ကို ပြောပြခဲ့သည်။ ရှမွေလသည်လည်း ဣသရေလလူမျိုးကို တရားစီရင်ချိန်တွင် ဗေသလမြို့သို့ မကြာခဏရောက်ရှိခဲ့သည်။—တရားသူကြီး ၄:၄၊ ၅; ၁ ဓမ္မရာဇဝင် ၇:၁၅၊ ၁၆။

ဗဟိုအယူဖောက်ပြန်ခြင်းဖြစ်လာသောဗေသလမြို့

သို့ရာတွင် ဘီ.စီ.အီး. ၉၉၇ ခုနှစ်၌ နိုင်ငံကိုခွဲခြားပြီးနောက် စင်ကြယ်သောဝတ်ပြုရေးနှင့် ဗေသလ၏ဆက်စပ်မှုသည် ရပ်တန့်သွားခဲ့သည်။ ဘုရင်ယေရောဗောင်သည် ဗေသလမြို့ကို ဗဟိုနွားသငယ်ဝတ်ပြုရေးအဖြစ် သတ်မှတ်ခဲ့သည်၊ နွားသငယ်သည် ယေဟောဝါအားကိုယ်စားပြုသည်ဟု အထင်ရှိစေခဲ့၏။ (၃ ဓမ္မရာဇဝင် ၁၂:၂၅-၂၉) ယင်းကြောင့် ဗေသလမြို့၏ဖျက်ဆီးခြင်းအကြောင်း ပရောဖက်ပြုသောအခါ ဟောရှေက ယင်းကို “နာကျင်ရာအိမ်” ဟုအဓိပ္ပာယ်ရသည့် “ဗေသဝင်မြို့” ဟုခေါ်ခဲ့ခြင်းဖြစ်သည်။—ဟောရှေ ၁၀:၅၊ ၈။

ဗေသလမြို့သည် ဝိညာဉ်ရေးအရ စိတ်နာကျင်ရာဗဟိုတစ်ခုဖြစ်လာခဲ့သော်လည်း ယင်းနှင့်ပတ်သက်သောအဖြစ်အပျက်များသည် အရေးကြီးသောသင်ခန်းစာများပေးလျက်ရှိသည်။ (ရောမ ၁၅:၄) ဤသင်ခန်းစာတစ်ခုမှာ ၎င်း၏ယဇ်ပလ္လင်များနှင့် ယဇ်ပုရောဟိတ်များကို ဖျက်ဆီးခြင်းအကြောင်းကြိုဟောဖို့ရန် ယုဒမြို့မှဗေသလမြို့သို့ စေလွှတ်ခံရသော အမည်မသိပရောဖက်တစ်ဦးနှင့်ပတ်သက်ပါသည်။ မစားမသောက်ဘဲ တောင်ဘက်သို့မိုင်အနည်းငယ်ဝေးသော ယုဒပြည်သို့ပြန်လာရန်လည်း ယေဟောဝါက သူ့ကိုမိန့်မှာခဲ့သည်။ ဤပရောဖက်သည် ဣသရေလဘုရင်ယေရောဗောင်ရှေ့တွင် ရဲရင့်စွာဖြင့် ဗေသလယဇ်ပလ္လင်အပေါ် ပရောဖက်ပြုကျိန်ခဲ့သည်။ သို့သော် နောက်ပိုင်း၌ သူသည် ဗေသလမြို့ရှိ အသက်ကြီးသောပရောဖက်တစ်ဦး၏အိမ်တွင် စားသောက်ခြင်းအားဖြင့် ဘုရားသခင်၏အမိန့်တော်ကို နားမထောင်ခဲ့ချေ။ အဘယ်ကြောင့်နည်း။ ပရောဖက်ချင်းအား ဧည့်ဝတ်ပြုဖို့ ယေဟောဝါ၏ကောင်းကင်တမန်တစ်ပါးက မိမိကိုမိန့်မှာထားကြောင်း အသက်ကြီးသောပရောဖက်သည် မုသားသုံး၍ပြောဆိုခဲ့ခြင်းကြောင့်ဖြစ်၏။ ယုဒမြို့မှ ထိုပရောဖက်သည် မနာခံမှုကြောင့် အချိန်မတိုင်မီသေဆုံးခဲ့ရသည်။—၃ ဓမ္မရာဇဝင် ၁၃:၁-၂၅။

ယုံကြည်သူချင်းတစ်ဦးက သေချာပုံမပေါက်သည့်အရာကို ပြုလုပ်ဖို့ ကျွန်ုပ်တို့ကို အကြံပြုခဲ့လျှင် မည်သို့တုံ့ပြန်သင့်သနည်း။ စိတ်ရင်းမှန်ဖြင့် ပေးသောအကြံဉာဏ်ပင်လျှင် မှားတတ်သည်ကို သတိရပါ။ (မဿဲ ၁၆:၂၁-၂၃ နှိုင်းယှဉ်။) ဆုတောင်းခြင်းနှင့် ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို လေ့လာပြီး ကိုယ်တော်ထံမှ ညွှန်ကြားချက်ကို ကြိုးစားရယူခြင်းအားဖြင့် အမည်မသိပရောဖက်၏ကြေကွဲဖွယ်အမှားမျိုးကို ကျွန်ုပ်တို့ရှောင်ရှားနိုင်ပါလိမ့်မည်။—သု. ၁၉:၂၁; ၁ ယောဟန် ၄:၁။

နှစ်ပေါင်း ၁၅၀ ခန့်နောက်ပိုင်းတွင် ပရောဖက်အာမုတ်သည်လည်း ဗေသလမြို့တစ်ဖက်၌ပရောဖက်ပြုရန် မြောက်ဘက်သို့ခရီးထွက်ခဲ့သည်။ “ယုဒပြည်သို့ ပြေးသွား” ရန်မိမိအား မောက်မောက်မာမာပြောဆိုခဲ့သည့် ယဇ်ပုရောဟိတ်အာမဇိအပါအဝင် ရန်လိုနေသောပရိသတ်တို့ကို အာမုတ်သည် ပြတ်ပြတ်သားသားရှုတ်ချခဲ့သည်။ ထိုယဇ်ပုရောဟိတ်၏ မိသားစုအပေါ်ကျရောက်မည့် ဘေးဆိုးများအကြောင်း အာမဇိကိုရဲဝံ့စွာပြောခဲ့သည်။ (အာမုတ် ၅:၄-၆; ၇:၁၀-၁၇) ယေဟောဝါသည် ကိုယ်တော်၏နှိမ့်ချသော အမှုဆောင်များကို သတ္တိရှိစေနိုင်ကြောင်း သူ၏ပုံသက်သေက ကျွန်ုပ်တို့ကို သတိပေးပါသည်။—၁ ကောရိန္သု ၁:၂၆၊ ၂၇။

နောက်ဆုံး၌ ယုဒပြည်၏သစ္စာရှိဘုရင်ယောရှိသည် “ဗေသလမြို့ရှိ . . . မြင့်ရာဌာနနှင့်ပူဇော်ရာပလ္လင်ကို ဖြိုဖျက်ချေမွမီးတိုက်၍ တံခွန်တိုင်ကိုလည်းမီးတိုက်လေ၏။” (၄ ဓမ္မရာဇဝင် ၂၃:၁၅၊ ၁၆၊ သမ) ယခုခေတ် အကြီးအကဲများသည် ဘုရားသခင့်ညွှန်ကြားချက်များကို ဇွဲရှိရှိလိုက်လျှောက်ခြင်းနှင့် အသင်းတော်သန့်ရှင်းဖို့ ဦးဆောင်ခြင်းဖြင့် သူ၏ကောင်းသောပုံသက်သေကို တုပနိုင်ကြသည်။

ဗေသလမြို့၏ရာဇဝင်မှ ဤအဖြစ်အပျက်များသည် ဖြောင့်မတ်ခြင်းနှင့်ဆိုးသွမ်းခြင်း၊ ယေဟောဝါအား နာခံမှုနှင့်မနာခံမှု၏အကျိုးဆက်များတို့ကို ကွင်းကွင်းကွက်ကွက်ဖော်ပြပေးထားသည်။ အစောပိုင်းနှစ်များ၌ မောရှေသည် ဣသရေလလူမျိုးရွေးချယ်ရမည့် ဤအရာကိုဖော်ပြခဲ့သည်– “အသက်ရှင်ခြင်းချမ်းသာနှင့် သေခြင်းဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ငါထား၏။” (တရားဟောရာ ၃၀:၁၅၊ ၁၆) ကျွန်ုပ်တို့သည် ဗေသလမြို့၏ရာဇဝင်ကို ဆင်ခြင်တွေးတောခြင်းဖြင့် “နာကျင်ရာအိမ်” နှင့်မဟုတ်ဘဲ စစ်မှန်သောဝတ်ပြုရေးဆိုင်ရာ “ဘုရားသခင့်အိမ်တော်” နှင့်သက်ဆိုင်သူများဖြစ်ကြောင်း ခွဲခြားဖော်ပြရန် တိုက်တွန်းခံရပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ယာကုပ်နှင့်အာဗြဟံ နှစ်ဦးစလုံးသည် ဆယ်ဖို့တစ်ဖို့ကို စေတနာထက်သန်စွာ ပူဇော်ခဲ့ကြသည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဗဟိုနွားသငယ်ကိုးကွယ်ရာအဖြစ် ယေရောဗောင် တည်ထောင်ခဲ့သော ဗေသလမြို့တည်နေရာရှိအပျက်အစီးများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ