ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁ စာ. ၂၄-၂၇
  • ရွှေထက်သာ၍ကောင်းသောအရာကို ကျွန်တော်တွေ့ရှိခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွှေထက်သာ၍ကောင်းသောအရာကို ကျွန်တော်တွေ့ရှိခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေရိကန်၌ကြံရာမရဖြစ်ခဲ့
  • မောင်နှမများပြန်ဆုံစည်း
  • မိသားစုနှင့်အသုဘအခမ်းအနား
  • အမှန်တရားသင်ယူခြင်း
  • ကျွန်တော်၏မွေးရပ်မြေကို တွေ့ရှိခြင်း
  • အမှန်တရားကို ရှေးဦးစွာထားခြင်း
  • လူငယ့်ဘဝမှစ၍ မိမိတို့၏ ဖန်ဆင်းရှင်ကို သတိရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါ၏ နည်းလမ်းတော်များအတိုင်း သားသမီးရှစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းသည် စိန်ခေါ်ချက်နှင့် ပျော်ရွှင်ဖွယ်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါကို ဘယ်လိုကျေးဇူးဆပ်နိုင်မှာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • မျက်စိများနှင့် နှလုံးတို့ကို ဆုလာဘ်တော်ပေါ်တွင် ဆက်၍စူးစိုက်ထားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁ စာ. ၂၄-၂၇

ရွှေထက်သာ၍ကောင်းသောအရာကို ကျွန်တော်တွေ့ရှိခဲ့

ချားလ်စ် မီလ်တန်ပြောပြသည်

တစ်နေ့သောအခါ အဖေက “ချာလီကို ငွေသီးတဲ့အမေရိကန်ကို ပို့လိုက်ရအောင်လား။ ငွေရှာပြီး ဒို့ဆီကိုပြန်ပို့ခိုင်းမယ်!” ဟုပြောခဲ့သည်။

တစ်နည်းပြောရရင် အမေရိကန်လမ်းတွေကို ရွှေတွေနဲ့ခင်းထားတယ်လို့ လူတွေထင်ခဲ့ကြတယ်။ အဲဒီတုန်းက အရှေ့ဥရောပမှာ သူတို့ရဲ့ဘဝဟာ အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော့်မိဘမှာ လယ်ယာငယ်တစ်ခုရှိပြီး နွားအနည်းငယ်နဲ့ကြက်တွေ မွေးထားတယ်။ ကျွန်တော်တို့မှာ လျှပ်စစ်လည်းမရှိ၊ အိမ်ထဲမှာရေပိုက်လည်းမရှိခဲ့ဘူး။ ဒါပေမဲ့ အဲဒီတုန်းက အနီးအနားမှာနေတဲ့ ဘယ်သူ့ဆီမှာမှလည်းမရှိခဲ့ဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၆ နှစ်နီးပါး ၁၈၉၃၊ ဇန်နဝါရီ ၁ ရက်မှာ ဟိုစိုချက်ခ်ရွာမှာ ကျွန်တော်မွေးဖွားခဲ့တယ်။ အဲဒီတုန်းက အော့စ်ထရို-ဟန်ဂေရီအင်ပါယာနယ် ဂလီစီယာပြည်ထဲမှာ ကျွန်တော်တို့ရွာရှိတယ်။ အခုတော့ ဟိုစိုချက်ခ်ဟာ စလိုဗားကီးယားနဲ့ယူကရိန်းကနေ သိပ်မဝေးတဲ့ အရှေ့ပိုလန်မှာ တည်ရှိပါတယ်။ ဆောင်းရာသီမှာ အရမ်းကိုအေးပြီး နှင်းတအားကျတယ်။ ကျွန်တော့်အသက်ခုနစ်နှစ်လောက်မှာ ချောင်းဘက်ကို နှစ်ဖာလုံလမ်းလျှောက်သွားပြီး ရေရရှိဖို့ ရေခဲပြင်ကိုပေါက်ချွန်းနဲ့ပေါက်ခဲ့ရတယ်။ အိမ်အထိသယ်လာတဲ့ရေကို အမေက ချက်ပြုတ်ဖို့၊ ဆေးကြောဖို့အတွက် အသုံးပြုခဲ့တယ်။ ရေခဲတုံးကြီးတွေကို အဝတ်လျှော်ခုံအနေနဲ့အသုံးပြုပြီး ချောင်းမှာ အမေအဝတ်လျှော်ခဲ့တယ်။

ဟိုစိုချက်ခ်မှာ ကျောင်းမရှိပေမဲ့ ပိုလန်၊ ရုရှား၊ စလိုဗေးကီးယားနဲ့ ယူကရိန်းစကားတွေကို ကျွန်တော်တတ်မြောက်ခဲ့တယ်။ ဂရိသြသဒေါက်စ်ဘာသာဝင်အဖြစ် ကျွန်တော်တို့ကြီးပြင်းလာပြီး ဘုန်းကြီးအကူဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ သောကြာနေ့မှာ ကျွန်တော်တို့ အသားမစားသင့်ဘူးလို့ပြောတဲ့ ဓမ္မဆရာတွေကျတော့ အသားစားခဲ့ကြလို့ ကျွန်တော့်အသက်ငယ်သေးပေမဲ့ သူတို့ကိုစိတ်ဆိုးခဲ့တယ်။

ကျွန်တော့်သူငယ်ချင်းအချို့က သူတို့အိမ်ကိုပြန်ပြုပြင်ဖို့နဲ့ လယ်ယာပစ္စည်းတွေဝယ်ဖို့အတွက် ပိုက်ဆံတွေပိုက်ပြီး အမေရိကန်ပြည်ထောင်စုကနေ ပြန်လာခဲ့ကြတယ်။ အဲဒါကြောင့် အမေရိကန်ကို နောက်တစ်ခေါက် ခရီးထွက်ဖို့စီစဉ်နေကြတဲ့ အိမ်နီးနားချင်းအချို့နဲ့ ကျွန်တော့်ကိုထည့်လိုက်ဖို့ အဖေပြောဆိုခဲ့တာဖြစ်တယ်။ အဲဒါကျွန်တော် ၁၄ နှစ်အရွယ်ရှိတဲ့ ၁၉၀၇ ခုနှစ်ကပေါ့။

အမေရိကန်၌ကြံရာမရဖြစ်ခဲ့

မကြာခင်မှာ ကျွန်တော်သင်္ဘောပေါ်ရောက်နေပြီး အတ္တလန်တိတ်ကို နှစ်ပတ်အတွင်းဖြတ်ခဲ့တယ်။ အဲဒီအချိန်က ဒေါ်လာ ၂၀ ရှိဖို့လိုတယ်၊ နို့မဟုတ်ရင် ကိုယ့်နိုင်ငံကို ပြန်ပို့ခံရလိမ့်မယ်။ ကျွန်တော့်မှာ ဒေါ်လာ ၂၀ တန်ငွေစတစ်စရှိတဲ့အတွက် အမေရိကန်ဝင်ပေါက် နယူးယောက်မြို့၊ အဲလစ္စကျွန်းကနေဝင်ခဲ့တဲ့ သန်းချီတဲ့လူတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ တကယ်တော့ သစ်ပင်တွေပေါ်မှာ ငွေမသီးပါဘူး၊ လမ်းတွေလည်း ရွှေမခင်းထားခဲ့ပါဘူး။ လမ်းအတော်များများကို ဘာမှတောင်မခင်းထားခဲ့ဘူး!

ပဲင်စီလ်ဘေးနီးယားနယ်၊ ဂျော်စ်တောင်းကို ကျွန်တော်တို့ ရထားစီးသွားကြတယ်။ ကျွန်တော်နဲ့ပါလာတဲ့သူတွေက အရင်ကလာဖူးတဲ့အတွက် ကျွန်တော်နေနိုင်မယ့်ဘော်ဒါဆောင်ကို သိကြတယ်။ နောက်မှသိခဲ့ရတဲ့ ၁၅ မိုင်လောက်ပဲဝေးတဲ့ ပဲင်စီလ်ဘေးနီးယားနယ်၊ ဂျရုမ်းမှာနေတဲ့ ကျွန်တော့်အမကြီးကိုသွားရှာဖို့ အစီအစဉ်ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းရင်းစကားမှာ “ဂျ” အသံထွက်ကို “ယ” အသံထွက်တာကြောင့် ဂျရုမ်းကို ယာရုမ်းလို့ကျွန်တော်ပြောမိတယ်။ ဘယ်သူမှ ယာရုမ်းကိုမကြားဘူးဖူး၊ ဒါနဲ့ တိုင်းတစ်ပါးနိုင်ငံမှာ အင်္ဂလိပ်စကားမတောက်တခေါက်၊ ငွေနည်းနည်းလေးနဲ့ ရောက်ခဲ့ရတယ်။

မနက်တိုင်း အလုပ်ထွက်ရှာခဲ့တယ်။ အလုပ်သမားရုံးခန်းအပြင်ဘက်မှာ တန်းစီရပ်စောင့်နေတဲ့လူအုပ်ထဲက နှစ်ယောက်၊ သုံးယောက်လောက်ပဲ အလုပ်ရခဲ့တယ်။ ဒါနဲ့ လမ်းညွှန်စာအုပ်အကူအညီတွေနဲ့ အင်္ဂလိပ်စာကိုလေ့လာဖို့ နေ့တိုင်း ဘော်ဒါဆောင်ကို ပြန်ခဲ့တယ်။ တစ်ခါတလေ ကျပန်းအလုပ်တွေကိုရပေမဲ့ လတွေကုန်တာနဲ့အမျှ ကျွန်တော့်ပိုက်ဆံလည်း ကုန်လုနီးပါးဖြစ်ခဲ့တယ်။

မောင်နှမများပြန်ဆုံစည်း

တစ်နေ့ကျတော့ မီးရထားဘူတာရုံအနီးမှာရှိတဲ့ ဘားဆိုင်ပါတဲ့ဟိုတယ်နားက ကျွန်တော်ဖြတ်လျှောက်သွားတယ်။ အစားအသောက်အနံ့တွေက တကယ့်ကိုမွှေးကြိုင်နေတယ်! ဘီယာခွက်ကြီးတစ်ခွက်ကို ငါးဆင့်နဲ့ဝယ်သောက်မယ်ဆိုရင် ဘားဆိုင်မှာရှိတဲ့ အသားညှပ်ပေါင်မုန့်၊ ဟော့ဒေါ့နဲ့ အခြားစားစရာတွေကို အလကားစားနိုင်မယ်ဆိုပါလား။ ကျွန်တော့်အသက်မပြည့်သေးပေမဲ့ အရက်ရောင်းသူက ကျွန်တော့်ကိုသနားလို့ ဘီယာရောင်းပေးတယ်။

ကျွန်တော်စားနေတုန်းမှာ လူတချို့က “မြန်မြန်သောက်ကြဟေ့! ဂျရုမ်းသွားမယ့်ရထားလာနေပြီ” လို့ပြောလိုက်တယ်။

“ယာရုမ်းလား” လို့ကျွန်တော်မေးခဲ့တယ်။

“မဟုတ်ဘူး၊ ဂျရုမ်း” လို့အဲဒီလူတွေပြောခဲ့တယ်။ အဲဒီအခါကျမှ အမဘယ်မှာနေတယ်ဆိုတာကို ကျွန်တော်သိတော့တယ်။ တကယ်တော့ အမအိမ်ကနေ သုံးအိမ်ပဲဝေးတဲ့နေရာမှာနေတဲ့ လူတစ်ယောက်ကိုတွေ့ခဲ့တယ်! ဒါနဲ့ ရထားလက်မှတ်ဝယ်ပြီး နောက်ဆုံးမှာ အမကိုတွေ့ခဲ့တယ်။

အမနဲ့ယောက်ဖက ကျောက်မီးသွေးတွင်းအလုပ်သမားတွေအတွက် ဘော်ဒါဆောင်ဖွင့်ထားတော့ သူတို့နဲ့ကျွန်တော်နေလိုက်တယ်။ မိုင်းထဲကရေထုတ်တဲ့ ရေစုပ်စက်ကို စောင့်ကြည့်ရတဲ့အလုပ်တစ်ခုကို သူတို့ရှာပေးခဲ့တယ်။ အချိန်မရွေး စက်ရပ်သွားတာနဲ့ မက္ကင်းနစ်ကို ခေါ်ပေးရတယ်။ တစ်နေ့ကို ၁၅ ဆင့်ပေးတယ်။ အဲဒီနောက် ရထားလမ်းပေါ်မှာ၊ အုတ်ဖိုမှာ အလုပ်လုပ်ခဲ့တဲ့အပြင် အာမခံကိုယ်စားလှယ်အဖြစ်တောင်အလုပ်လုပ်ခဲ့သေးတယ်။ နောက်တော့ အကိုစတီဗ်နေတဲ့ ပစ်ဘာ့ဂ်မြို့ကို ကျွန်တော်ပြောင်းခဲ့တယ်။ သံမဏိစက်ရုံတွေမှာ အလုပ်လုပ်ခဲ့ကြတယ်။ အိမ်ကို ငွေပို့ဖို့လောက်အောင် တစ်ခါမှငွေအလုံအလောက်မရခဲ့ဘူး။

မိသားစုနှင့်အသုဘအခမ်းအနား

တစ်နေ့ကျတော့ အလုပ်ကို လမ်းလျှောက်သွားနေတုန်း အိမ်ဖော်မလေးတစ်ယောက် သူအလုပ်လုပ်တဲ့အိမ်ရှေ့မှာရပ်နေတာကို ကျွန်တော်သတိပြုမိတယ်။ ‘တကယ်လှတဲ့ကလေးမပဲ’ လို့စဉ်းစားမိတယ်။ နောက်သုံးပတ်အကြာ ၁၉၁၇ ခုနှစ်မှာ ဟယ်လင်နဲ့လက်ထပ်ခဲ့တယ်။ နောက်ဆယ်နှစ်အတွင်းမှာ ကျွန်တော်တို့ကလေးခြောက်ယောက်ရခဲ့ပြီး တစ်ယောက်က နို့စို့အရွယ်မှာပဲ သေဆုံးခဲ့တယ်။

၁၉၁၈ ခုနှစ်မှာ ပစ်ဘာ့ဂ်ရထားဌာနက ကျွန်တော့်ကို ဓာတ်ရထားဒရိုင်ဘာအဖြစ် ခန့်လိုက်တယ်။ ဓာတ်ရထားသိုလှောင်ရုံအနီးမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်ရှင်ဂရိအမျိုးသားနှစ်ယောက်ဟာ ကျမ်းစာအကြောင်းဟောနေရသရွေ့ ဆိုင်ကနေ ဘာမှမမှာရင်လည်း ဂရုစိုက်ပုံမရဘူး။ ကျွန်တော်က “တစ်ကမ္ဘာလုံး မှားနေပြီး ခင်ဗျားတို့နှစ်ယောက်ပဲ မှန်နေတယ်လို့ ပြောချင်တာလား” လို့ပြောခဲ့ဖူးတယ်။

“ဒီလိုဆို ကျမ်းစာဖွင့်ဖတ်ကြည့်ပါလား!” လို့သူတို့ကပြောတတ်တယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့်ကို ယုံကြည်လာအောင် သူတို့မပြောနိုင်ခဲ့ဘူး။

ဝမ်းနည်းစရာကတော့ ၁၉၂၈ ခုနှစ်မှာ ကျွန်တော်ချစ်ရတဲ့ဟက်လင်က ရောဂါရခဲ့တယ်။ ဒါနဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် ဂျရုမ်းမှာနေတဲ့ ကျွန်တော့်အမနဲ့ယောက်ဖဆီကိုပို့လိုက်တယ်။ အဲဒီအချိန်မှာ သူတို့က ခြံတစ်ခြံဝယ်ထားပြီးပြီ။ ကလေးတွေဆီ မကြာခဏသွားပြီး သူတို့စားစရိတ်အတွက် လတိုင်းငွေထောက်ပံ့ပေးခဲ့တယ်။ အဝတ်အစားတွေလည်း ပို့ပေးခဲ့တယ်။ ဟက်လင်ရဲ့အခြေအနေဟာ ဆိုးသည်ထက်ဆိုးလာပြီး ၁၉၃၀၊ ဩဂုတ် ၂၇ ရက်နေ့မှာ သူသေဆုံးသွားခဲ့တယ်။

ကျွန်တော်လည်း အထီးကျန်ဖြစ်ပြီး ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။ အသုဘအစီအစဉ်အတွက် တရားဟောဆရာဆီ သွားတဲ့အခါ သူက “မင်းဟာ ဒီချာ့ချ်အသင်းဝင်မဟုတ်တော့ဘူး။ အခမပေးတာ တစ်နှစ်ကျော်သွားပြီ” လို့ပြောခဲ့တယ်။

ကျွန်တော့်ဇနီးဟာ နာတာရှည်ရောဂါရခဲ့ပြီး ဂျရုမ်းမှာရှိတဲ့ချာ့ချ်ကို ကလေးတွေ အလှူငွေထည့်နိုင်ဖို့အတွက် ပိုသမျှငွေပို့ပေးခဲ့တဲ့အကြောင်း ကျွန်တော်ရှင်းပြခဲ့တယ်။ အသုဘကိစ္စလုပ်ပေးဖို့ တရားဟောဆရာက သဘောမတူခင်မှာ ဒေါ်လာ ၅၀ ချေးပြီး အခအကြွေးကို ကျွန်တော်ဆပ်ခဲ့ရတယ်။ ဟက်လင်ကို နောက်ဆုံးဂါရဝပြုဖို့ မိတ်ဆွေတွေနဲ့မိသားစုက မရီးရဲ့အိမ်မှာ မာ့စ်ပွဲကျင်းပပေးဖို့ပြောတော့ တရားဟောဆရာက နောက်ထပ် ၁၅ ဒေါ်လာတောင်းခဲ့တယ်။ ၁၅ ဒေါ်လာရှာမရနိုင်သေးတဲ့အတွက် လခထုတ်တဲ့ရက်မှာ အဲဒီငွေပေးမယ်ဆိုရင် မာ့စ်ပွဲကျင်းပပေးမယ်လို့ တရားဟောဆရာက သဘောတူလိုက်တယ်။

လခထုတ်တဲ့အချိန်မှာ ကလေးတွေကျောင်းတက်ဖို့အတွက် ဖိနပ်နဲ့အဝတ်တွေ ဝယ်ပေးခဲ့ရတယ်။ နောက်နှစ်ပတ်လောက်မှာ အဲဒီတရားဟောဆရာက ကျွန်တော်ရဲ့ဓာတ်ရထားကိုစီးခဲ့တယ်။ “မင်း ငါ့ကို ၁၅ ဒေါ်လာပေးဖို့ရှိသေးတယ်” လို့သူပြောခဲ့တယ်။ ပြီးတော့ ဆင်းခါနီး သူက “မင်းအလုပ်ရှင်ဆီ ငါသွားပြီး ပေးစရာရှိတဲ့ငွေကို မင်းလခထဲက ဖြတ်ယူလိုက်မယ်” လို့ခြိမ်းခြောက်ခဲ့တယ်။

တစ်နေ့တာအလုပ်ချိန်ပြီးသွားတဲ့အခါ ကျွန်တော့်ကြီးကြပ်မှူးဆီသွားပြီး အဖြစ်အပျက်ကို ပြောပြခဲ့တယ်။ သူဟာ ကက်သလစ်တစ်ယောက်ဖြစ်ပေမဲ့ “တကယ်လို့ အဲဒီတရားဟောဆရာ ဒီကိုလာရင် ငါပြောပစ်လိုက်မယ်!” လို့ဆိုပါတယ်။ အဲဒါက ကျွန်တော့်ကို ဒီလိုစဉ်းစားစရာဖြစ်စေခဲ့တယ်၊ ‘တရားဟောဆရာတွေဟာ ငါတို့ရဲ့ငွေကိုပဲလိုချင်တာ၊ ကျမ်းစာနဲ့ပတ်သက်ပြီးဘာမှ ဘယ်တော့မှမသင်ပေးဘူး။’

အမှန်တရားသင်ယူခြင်း

ဂရိအမျိုးသားနှစ်ယောက်ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ကို နောက်တစ်ခေါက် ကျွန်တော်ရောက်တဲ့အခါ တရားဟောဆရာနဲ့ကြုံခဲ့တဲ့အဖြစ်အပျက်ကို ဆွေးနွေးခဲ့ကြတယ်။ ဒါနဲ့ပဲ အဲဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ခေါ်တဲ့ ယေဟောဝါသက်သေတွေနဲ့ သင်အံမှုစတင်ခဲ့တယ်။ သမ္မာကျမ်းစာနဲ့ကျမ်းစာစာပေတွေကို တစ်ညလုံးမအိပ်ဘဲဖတ်ခဲ့တယ်။ တရားဟောဆရာပြောတဲ့အတိုင်း ဟက်လင်ဟာ ငရဲကလေးမှာ ဆင်းရဲခံစားနေရတာမဟုတ်ဘဲ သူမဟာ သေခြင်းမှာ အိပ်ပျော်နေတယ်ဆိုတာကို သိလာတယ်။ (ယောဘ ၁၄:၁၃၊ ၁၄; ယောဟန် ၁၁:၁၁-၁၄) တကယ်ပဲ ရွှေထက်ပိုပြီးကောင်းတဲ့ သမ္မာတရားကို ကျွန်တော်တွေ့ရှိခဲ့ပါပြီ!

နောက်နှစ်ပတ်အကြာမှာ ပစ်ဘာ့ဂ်က ဂါဒင်ဇာတ်ရုံမှာ ကျမ်းစာကျောင်းသားတွေရဲ့စည်းဝေးကို ပထမဦးဆုံးအကြိမ်တက်တဲ့အခါ ကျွန်တော်က လက်ထောင်ပြီး “ကက်သလစ်ဖြစ်ခဲ့တဲ့နှစ်တွေအားလုံးမှာ ကျမ်းစာအကြောင်း သိခဲ့တာထက် ဒီတစ်ညတည်းမှာ ကျွန်တော်ပိုပြီးသိလာတယ်” လို့ပြောပြတယ်။ မနက်ဖြန် ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်သူပါဝင်ချင်သလဲလို့ သူတို့မေးတဲ့အခါ ကျွန်တော် ထပ်ပြီးလက်ထောင်ခဲ့တယ်။

အဲဒီနောက် ၁၉၃၁၊ အောက်တိုဘာ ၄ ရက်နေ့မှာ နှစ်ခြင်းယူပြီး ကိုယ့်ကိုယ်ကို ယေဟောဝါဆီဆက်ကပ်အပ်နှံခဲ့တယ်။ အဲဒီအတောအတွင်းမှာ အိမ်တစ်လုံးငှားနိုင်ပြီး ကလေးတွေကို ကျွန်တော်နဲ့အတူနေဖို့ ပြန်ခေါ်ခဲ့တယ်။ သူတို့ကိုကြည့်ရှုဖို့ အိမ်ဖော်တစ်ယောက်ကိုလည်း ငှားခဲ့တယ်။ မိသားစုတာဝန်တွေရှိနေပေမဲ့လည်း ၁၉၃၂၊ ဇန်နဝါရီလကနေ ၁၉၃၃၊ ဇွန်လတိုင်အောင် လတိုင်းနာရီ ၅၀ ကနေ ၆၀ အထိကျမ်းစာအကြောင်းဟောတဲ့ အရန်ရှေ့ဆောင်လို့ခေါ်တဲ့ အထူးလုပ်ငန်းတော်မှာ ကျွန်တော်ပါဝင်နိုင်ခဲ့တယ်။

အဲဒီအချိန်လောက်မှာ အလုပ်အသွားအပြန် ကျွန်တော်ရဲ့ဓာတ်ရထားကို အမြဲတမ်းစီးပုံရတဲ့ လှပတဲ့အမျိုးသမီးငယ်တစ်ယောက်ကို စပြီးသတိပြုမိခဲ့တယ်။ ကျွန်တော့်နောက်ကြည့်မှန်ကနေ တစ်ယောက်ကိုတစ်ယောက်မျက်မှန်းတန်းမိခဲ့ကြတယ်။ ဒီလိုနည်းနဲ့ ကျွန်တော်နဲ့မေရီစတွေ့တယ်။ ကျွန်တော်တို့ ပိုးပန်းခဲ့ကြပြီး ၁၉၃၆၊ ဩဂုတ်လမှာ လက်ထပ်ခဲ့ကြတယ်။

၁၉၄၉ ခုနှစ်မှာ အလုပ်သက်တမ်းရင့်လာတဲ့အတွက် အချိန်ပြည့်အမှုဆောင်လို့ခေါ်တဲ့ ရှေ့ဆောင်လုပ်နိုင်ဖို့ အလုပ်ဆင်းချိန်ကိုရွေးခွင့်ရခဲ့တယ်။ သမီးအငယ်ဆုံး ဂျီန်ဟာ ၁၉၄၅ ခုနှစ်မှာစပြီးရှေ့ဆောင်လုပ်ခဲ့တဲ့အတွက် ကျွန်တော်တို့အတူတူ ရှေ့ဆောင်ခဲ့ကြတယ်။ နောက်တော့ နယူးယောက်၊ ဘရွတ်ကလင်က ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်၊ ဗေသလမှာအမှုထမ်းနေတဲ့ ဆမ် ဖရန့်နဲ့ ဂျီန်တွေ့ဆုံခဲ့တယ်။a ၁၉၅၂ ခုနှစ်မှာ သူတို့လက်ထပ်ခဲ့ကြတယ်။ ပစ်ဘာ့ဂ်မှာ ကျွန်တော်ဆက်ပြီးရှေ့ဆောင်ခဲ့တယ်၊ ကျမ်းစာသင်အံမှုတွေအများကြီးကျင်းပခဲ့တယ်။ တစ်ခါတုန်းက အပတ်တိုင်း မိသားစု ၁၄ ခုနဲ့ကျမ်းစာသင်အံမှုကျင်းပခဲ့တယ်။ ၁၉၅၈ ခုနှစ်မှာ ဓာတ်ရထားအလုပ်ကနေ အငြိမ်းစားယူခဲ့တယ်။ အဲဒီနောက် ဝမ်းစာအတွက် နေ့တိုင်းရှစ်နာရီလုပ်ရတဲ့အလုပ် မလုပ်ရတော့တဲ့အတွက် ရှေ့ဆောင်လုပ်ရတာဟာ လွယ်ကူသွားတယ်။

၁၉၈၃ ခုနှစ်မှာ မေရီဟာ ကျန်းမာရေးချို့တဲ့လာခဲ့တယ်။ ကျွန်တော့်ကို အနှစ် ၅၀ နီးပါးဂရုတစိုက်ပြုစုပေးခဲ့သလို သူမကိုကြိုးစားဂရုစိုက်ပြုစုပေးခဲ့တယ်။ နောက်ဆုံးတော့ ၁၉၈၆၊ စက်တင်ဘာ ၁၄ ရက်မှာ သူကွယ်လွန်သွားခဲ့တယ်။

ကျွန်တော်၏မွေးရပ်မြေကို တွေ့ရှိခြင်း

၁၉၈၉ ခုနှစ်မှာ ပိုလန်နိုင်ငံက စည်းဝေးကြီးတွေကိုတက်ရောက်ဖို့ ဂျီန်နဲ့ဆမ်ဟာ ကျွန်တော့်ကို ခေါ်သွားခဲ့ကြတယ်။ ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ဒေသကိုလည်း သွားလည်ပတ်ခဲ့ကြတယ်။ ရုရှားတွေဟာ အဲဒီအပိုင်းကိုသိမ်းပိုက်လိုက်တဲ့အခါ မြို့တွေရဲ့နာမည်တွေကို ပြောင်းလိုက်တဲ့အပြင် လူတွေကိုလည်း တခြားကိုနယ်နှင်ခဲ့ကြတယ်။ ကျွန်တော့်အကိုတစ်ယောက်က အစ္စတန်ဘူလ်မြို့၊ အစ်တစ်ယောက်က ရုရှားကိုနယ်နှင်ခံခဲ့ရကြတယ်။ ကျွန်တော့်ရွာနာမည်ကိုပြောပြီးစုံစမ်းတဲ့အခါ မသိကြတော့ဘူး။

အဲဒီမှာ အဝေးကတောင်တန်းတချို့ကို အကျွမ်းဝင်သလိုလိုရှိခဲ့တယ်။ တဖြည်းဖြည်းနီးလာတဲ့အခါ တောင်ကုန်းတစ်ခု၊ လမ်းခွဲတစ်ခု၊ ချာ့ချ်တစ်ခု၊ မြစ်ပေါ်ကတံတားစတဲ့ ထင်ရှားတဲ့နေရာတွေကို ပြန်မှတ်မိလာခဲ့တယ်။ “ဟိုစိုချက်ခ်” ဆိုတဲ့ဆိုင်းဘုတ်ကို ကျွန်တော်တို့တွေ့လိုက်တော့ ရုတ်တရက်အံ့သြသွားတယ်! မကြာခင်ကပဲ ကွန်မြူနစ်တွေအာဏာကျရှုံးသွားခဲ့လို့ ရွာတွေရဲ့မူရင်းနာမည်တွေကိုပြန်မှည့်ခဲ့ကြတယ်။

ကျွန်တော်တို့အိမ်မရှိတော့ပေမဲ့ အိမ်ပြင်မှာချက်ပြုတ်ဖို့ထားတဲ့ မီးဖိုဟာ မြေကြီးထဲတစ်ပိုင်းတစ်စမြုပ်နေတာကို တွေ့ခဲ့ရတယ်။ အဲဒီနောက် သစ်ပင်ကြီးတစ်ပင်ကို ကျွန်တော်ထိုးပြပြီး “ဒီအပင်ကိုကြည့်ပါဦး။ အမေရိကန်ကိုမထွက်ခင် အဖေစိုက်ထားခဲ့တာ။ ကြည့်ပါဦး၊ ဘယ်လောက်ထိကြီးလာပြီလဲ!” လို့ပြောခဲ့တယ်။ အဲဒီနောက် သင်္ချိုင်းဆီသွားပြီး မိသားစုနာမည်တွေရှာခဲ့ပေမဲ့ လုံးဝမတွေ့ခဲ့ဘူး။

အမှန်တရားကို ရှေးဦးစွာထားခြင်း

၁၉၉၃ ခုနှစ်မှာ ဂျီန်ရဲ့ယောက်ျားကွယ်လွန်သွားတဲ့အခါ ကျွန်တော့်ကိုပြုစုစောင့်ရှောက်ဖို့ ဗေသလကနေထွက်စေချင်သလားလို့ သမီးကမေးခဲ့တယ်။ သူမလုပ်ကိုင်သမျှမှာ အဲဒါအဆိုးဆုံးဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့တယ်၊ အခုလည်း ကျွန်တော့်စိတ်ထားမပြောင်းသေးဘူး။ အသက် ၁၀၂ နှစ်အထိကိုယ့်ဖာသာကိုယ်နေခဲ့တယ်၊ ဒါပေမဲ့ အဲဒီနောက် ပြုစုရေးဂေဟာမှာသွားနေဖို့လိုလာခဲ့တယ်။ ပစ်ဘာ့ဂ်က ဘဲလ်ဗျူးအသင်းတော်မှာ အကြီးအကဲတစ်ယောက်ဖြစ်နေတုန်းပဲ။ တနင်္ဂနွေနေ့တိုင်း ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ စည်းဝေးတွေတက်ဖို့ ညီအစ်ကိုတွေကြိုပို့ပေးတယ်။ အခုတော့ ကျွန်တော်ရဲ့ဟောပြောခြင်းလုပ်ငန်းဟာ အကန့်အသတ်ဖြစ်သွားပေမဲ့ အိုမင်းမစွမ်းတဲ့ရှေ့ဆောင်စာရင်းထဲမှာ ကျွန်တော်ပါနေတုန်းပဲ။

နှစ်တွေတစ်လျှောက် ကင်းမျှော်စင်အသင်းကစီစဉ်ပေးခဲ့တဲ့ ကြီးကြပ်မှူးတွေအတွက် အထူးသင်တန်းကျောင်းတွေကို ကျွန်တော်တက်ခွင့်ရခဲ့တယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ အသင်းတော်အကြီးအကဲတွေအတွက် ဘုရားသခင့်နိုင်ငံတော်ဓမ္မအမှုကျောင်းသင်တန်းအချို့ကို ကျွန်တော်တက်ရောက်ခဲ့တယ်။ ၁၉၃၁ ခုနှစ်ကတည်းက နှစ်တိုင်းပါဝင်ခွင့်ရတာကို ကျွန်တော်တန်ဖိုးထားခဲ့တဲ့ ခရစ်တော်ရဲ့သေခြင်းသတိရအောက်မေ့ပွဲအခမ်းအနားကို ဒီနှစ်ပြီးခဲ့တဲ့ဧပြီ ၁၁ ရက်နေ့မှာ ကျွန်တော့်ကို ဂျီန်ခေါ်သွားခဲ့တယ်။

ကျွန်တော်ကျမ်းစာသင်ပေးခဲ့တဲ့သူထဲက တချို့ဟာ အကြီးအကဲတွေဖြစ်နေပြီ၊ တခြားသူတွေက တောင်အမေရိကမှာ သာသနာပြုတွေဖြစ်နေပြီ၊ တချို့ကျတော့ အဖိုးအဖွားတွေဖြစ်နေပြီး သူတို့သားသမီးတွေနဲ့အတူ ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်နေကြတယ်။ ကျွန်တော့်ကလေးသုံးယောက်—မေရီ ဂျေးန်၊ ဂျွန်နဲ့ ဂျီန်—တို့အပြင် သူတို့ရဲ့ကလေးတွေနဲ့မြေးတွေပါ ယေဟောဝါဘုရားသခင်ကို သစ္စာရှိရှိအမှုထမ်းဆောင်နေကြပါတယ်။ တစ်နေ့နေ့မှာ ကျွန်တော်ရဲ့နောက်သမီးတစ်ယောက်နဲ့ ကျန်ရှိနေတဲ့မြေး၊ မြစ်တွေလည်း အဲဒီလိုပဲလုပ်ကြဖို့ ကျွန်တော်ဆုတောင်းပါတယ်။

အခု ကျွန်တော့်အသက် ၁၀၅ နှစ်ရှိပါပြီ။ သမ္မာကျမ်းစာကိုလေ့လာဖို့နဲ့ သိရှိခဲ့တဲ့အကြောင်းတွေကို တခြားသူတွေကို ပြောပြဖို့ ဘယ်သူ့ကိုမဆို ကျွန်တော်အားပေးနေတုန်းပါပဲ။ ယေဟောဝါနဲ့နီးနီးကပ်ကပ်နေမယ်ဆိုရင် ဘယ်တော့မှစိတ်ဓာတ်ကျမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်ယုံကြည်စိတ်ချတာအမှန်ပါပဲ။ ပျက်စီးတတ်တဲ့ရွှေထက် ပိုပြီးကောင်းတဲ့—အသက်ပေးရှင်ယေဟောဝါဘုရားသခင်နဲ့ အဖိုးမဖြတ်နိုင်တဲ့ဆက်ဆံရေးကောင်းရရှိစေတဲ့—အမှန်တရားမှာ အသင်လည်းပျော်မွေ့နိုင်ပါတယ်။

[အောက်ခြေမှတ်ချက်များ]

a ဆမ် ဖရန့်၏ဘဝအတ္ထုပ္ပတ္တိကို ၁၉၈၆၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၂၂-၆ တွင်တွေ့ရသည်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဓာတ်ရထားကိုမောင်းခဲ့စဉ်က

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အခု ကျွန်တော်နေထိုင်သော ပြုစုရေးဂေဟာ၌

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

၁၉၈၉ ခုနှစ်က ကျွန်တော်တို့တွေ့ ရှိခဲ့သော လမ်းညွှန်ဆိုင်းဘုတ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ