ယေဟောဝါစိတ်တော်နှင့်တွေ့ခြင်းသည် ကျွန်တော်အဓိကထားရာ
သည်သြော်ဒေါရော့စ် နီရော့စ်ပြောပြသည်
ကျွန်တော့်အကျဉ်းခန်းတံခါးပွင့်သွားပြီး အရာရှိတစ်ယောက်က “နီရော့စ်ဆိုတာဘယ်သူလဲ” လို့အော်မေးခဲ့တယ်။ ကျွန်တော်ပါလို့ပြောလိုက်တဲ့အခါ သူက “ထစမ်း။ မင်းကိုသေဒဏ်ပေးတော့မယ်” လို့အမိန့်ပေးခဲ့တယ်။ အဲဒါက ၁၉၅၂ ခုနှစ် ဂရိနိုင်ငံ၊ ကောရင့်သ်မြို့စစ်စခန်းတစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်။ ကျွန်တော့်ဘဝဟာ စိုးရိမ်ဖွယ်အခြေအနေမှာ ဘာကြောင့်ရောက်နေတာလဲ။ အဲဒါကိုမရှင်းပြခင် ကျွန်တော့်ရဲ့နောက်ခံအကြောင်း နည်းနည်းပြောပြပါရစေ။
အဖေ့ကို ၁၉၂၅ ခုနှစ်လောက်မှာ ကျမ်းစာကျောင်းသားတွေ (ထိုစဉ်က ယေဟောဝါသက်သေများကို ထိုသို့ခေါ်ခဲ့) လာဆက်သွယ်ခဲ့တယ်။ မကြာခင်မှာဘဲ အဖေဟာ အသင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့ရဲ့ယုံကြည်ချက်ကို မောင်နှမရှစ်ယောက်ကိုပြောပြလို့ အားလုံးကျမ်းစာအမှန်တရားကို လက်ခံခဲ့ကြတယ်။ သူ့မိဘတွေလည်း လက်ခံခဲ့ကြတယ်။ နောက်တော့ အဖေလက်ထပ်ခဲ့ပြီး ၁၉၂၉ ခုနှစ် ဂရိနိုင်ငံ၊ အာဂရီနီယိုမြို့မှာ ကျွန်တော့်ကိုမွေးဖွားခဲ့တယ်။
အဲဒီနှစ်တွေဟာ ဂရိနိုင်ငံမှာ အတော်ဆိုးရွားတဲ့ အချိန်ကာလပါပဲ! ပထမတော့ ဗိုလ်ချုပ်ကြီးမက်တစပ်စ်ရဲ့ ရက်စက်တဲ့အာဏာရှင်စနစ်ဖြစ်ပေါ်ခဲ့တယ်။ အဲဒီနောက် ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့ပြီး မကြာခင်မှာ ဒီနိုင်ငံကို နာဇီတွေသိမ်းပိုက်ခဲ့တယ်။ ရောဂါဘေးနဲ့ အစာခေါင်းပါးမှုဘေးဟာ နေရာအနှံ့မှာဖြစ်ပေါ်ခဲ့တယ်။ ပုပ်ပွနေတဲ့လူသေကောင်တွေကို တစ်ဘီးတပ်လက်တွန်းလှည်းငယ်တွေနဲ့ သယ်သွားကြတယ်။ ကမ္ဘာကြီး တကယ်ဆိုးနေမှန်း ထင်ရှားပါတယ်၊ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော် လိုအပ်နေတယ်ဆိုတာလည်း ထင်ရှားတယ်။
ဆက်ကပ်အပ်နှံအမှုတော်ထမ်းခဲ့သောအသက်တာ
၁၉၄၂၊ ဩဂုတ် ၂၀ ရက်နေ့မှာ ကျွန်တော်တို့အုပ်စုဟာ သက်စလိုနီကာမြို့ပြင်မှာ စည်းဝေးဖို့စုရုံးနေတဲ့အခါ ဗြိတိသျှစစ်လေယာဉ်တွေ မြို့ကိုဗုံးကြဲတိုက်ခိုက်နေတာကို ဦးစီးကြီးကြပ်မှူးကလက်ညှိုးထိုးပြပြီး “အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်” ဆိုတဲ့တိုက်တွန်းချက်ကို နာခံတဲ့အတွက် ကျွန်တော်တို့ဘယ်လိုကာကွယ်ခံရတဲ့အကြောင်း အလေးအနက်ပြောပြခဲ့တယ်။ (ဟေဗြဲ ၁၀:၂၅) အဲဒီအချိန်ဟာ ကမ်းခြေမှာ စုဝေးကြပြီး နှစ်ခြင်းခံဖို့အသင့်ပြင်နေချိန်ဖြစ်တယ်၊ ကျွန်တော်လည်းပါဝင်ခဲ့တယ်။ ကျွန်တော်တို့ ရေထဲကထွက်လာပြီး တန်းစီရပ်နေကြတုန်း ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေက ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကို ချီးမွမ်းတဲ့အနေနဲ့ သီချင်းဆိုပေးခဲ့ကြတယ်။ မမေ့နိုင်တဲ့နေ့တစ်နေ့ပါပဲ!
နောက်မကြာခင်မှာ လူငယ်လေးတစ်ယောက်နဲ့ကျွန်တော် တစ်အိမ်မှတစ်အိမ် အမှုဆောင်ထွက်နေတုန်း ရဲတွေက ကျွန်တော်တို့ကိုဖမ်းပြီး ရဲစခန်းကို ခေါ်သွားခဲ့တယ်။ ကျွန်တော်တို့ကို ကွန်မြူနစ်တွေလို့ ယူမှတ်ထားကြပြီး ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတာကို အသေအချာသိစေဖို့ ကျွန်တော်တို့ကို ရိုက်လည်းရိုက် “ယေဟောဝါဟာ စတာလင်နဲ့အတူတူပဲ၊ ဟဲ့အရူးတွေ!” လို့ပြောခဲ့တယ်။
အဲဒီတုန်းက ဂရိပြည်တွင်းစစ် အကြီးအကျယ်ဖြစ်နေပြီး ကွန်မြူနစ်တွေကိုမုန်းတဲ့စိတ် ပြင်းထန်နေတယ်။ နောက်တစ်နေ့မှာ ကျွန်တော်တို့ကို ရာဇဝတ်သားတွေလိုပဲ လက်ထိတ်ခတ်ပြီး ကျွန်တော်တို့အိမ်ရှေ့ကနေ ဖြတ်လျှောက်ခိုင်းတယ်။ ဒါပေမဲ့ အဲဒါလောက်နဲ့ပဲ ကျွန်တော်စမ်းသပ်ခံရတာမဟုတ်ပါဘူး။
ကျောင်း၌ယုံကြည်ချက်အတွက်စမ်းသပ်မှုများခံခဲ့ရ
ကျွန်တော် ကျောင်းသားပဲရှိသေးတဲ့ ၁၉၄၄ ခုနှစ်အစောပိုင်းမှာ နာဇီတွေက သက်စလိုနီကာမြို့ကို သိမ်းပိုက်ထားတုန်းပဲဖြစ်တယ်။ တစ်နေ့ကျတော့ ကျောင်းမှာ ဘာသာရေးပါမောက္ခဖြစ်တဲ့ ဂရိသြသဒေါက်စ်ဓမ္မဆရာတစ်ယောက်က ကျွန်တော့်ကို တစ်နေ့တာသင်ခန်းစာစစ်မယ်လို့ ပြောခဲ့တယ်။ “သူက ဩသဒေါက်စ်ခရစ်ယာန်မဟုတ်ဘူး” လို့တခြားကလေးတွေက ပြောပြခဲ့တယ်။
“သူက ဘာလဲ” လို့ပါမောက္ခက မေးခဲ့တယ်။
“ကျွန်တော်ယေဟောဝါသက်သေပါ” လို့ပြန်ဖြေခဲ့တယ်။
“သိုးတွေကြားထဲက ဝံပုလွေ” လို့အော်ပြောပြီးတာနဲ့တစ်ပြိုင်နက် ကျွန်တော့်ကိုဆတ်ခနဲဆွဲပြီး ပါးရိုက်ခဲ့တယ်။
‘ဝံပုလွေဟာ သိုးရဲ့အကိုက်ခံရတာဘယ်လိုဖြစ်နိုင်မလဲ’ လို့ကျွန်တော်စဉ်းစားမိခဲ့တယ်။
နောက်ရက်အနည်းငယ်မှာ နေ့လယ်စာစားဖို့ ကျွန်တော်တို့ကျောင်းသား ၃၅၀ ကိုစားပွဲမှာထိုင်ခိုင်းပြီး ကြီးကြပ်ရေးမှူးက “နီရော့စ် ဆုတောင်း” လို့ပြောတယ်။ ယေရှုက သူရဲ့နောက်လိုက်တွေကို သင်ပေးခဲ့တဲ့ မဿဲ ၆:၉-၁၃ မှာပါတဲ့ ‘ကျွန်ုပ်တို့အဘ’ ဆုတောင်းချက်ကို ရွတ်ဆိုလိုက်တာကို ကြီးကြပ်ရေးမှူးက မကြိုက်ဘူး။ ဒါနဲ့ သူထိုင်ခုံကနေ ဒေါသနဲ့ “မင်း ဘာကြောင့် အဲဒီအတိုင်းရွတ်ပြရတာလဲ” ဆိုပြီးမေးခဲ့တယ်။
“ကျွန်တော် ယေဟောဝါသက်သေတစ်ယောက်ဖြစ်လို့ပါ” လို့ပြောခဲ့တယ်။ ဒါနဲ့ သူလည်းပဲ ကျွန်တော့်ကို ဆတ်ကနဲဆွဲပြီးပါးရိုက်ခဲ့တယ်။ အဲဒီနေ့နှောင်းပိုင်းမှာ နောက်ဆရာတစ်ယောက်က ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်ပြီး ဒီလိုပြောခဲ့တယ်– “နီရော့စ် မင်းတော်တယ်၊ မင်းယုံကြည်ချက်တွေကို ခိုင်ခိုင်မြဲမြဲဆွဲကိုင်ထားပါ၊ လက်မလျော့လိုက်နဲ့။” အဲဒီညမှာ အဖေက တမန်တော်ပေါလုရဲ့ ဒီစကားတွေနဲ့ ကျွန်တော့်ကို အားပေးခဲ့တယ်– “ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။”—၂ တိမောသေ ၃:၁၂။
အထက်တန်းကျောင်းပြီးသွားတဲ့အခါ ဘာအလုပ်လုပ်မလဲဆိုတာ ရွေးချယ်ခဲ့ရတယ်။ ဂရိပြည်တွင်းစစ်ကြောင့် ခရစ်ယာန်ကြားနေမှုပြဿနာကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ (ဟေရှာယ ၂:၄; မဿဲ ၂၆:၅၂) ဂရိသမိုင်းမှာ အဲဒီခက်ခဲတဲ့အချိန်အတွင်း လက်နက်ကိုင်ဖို့ငြင်းဆိုခဲ့တဲ့အတွက် နောက်ဆုံးကျတော့ ၁၉၅၂ ခုနှစ်အစောပိုင်းမှာ ထောင်ဒဏ်အနှစ် ၂၀ စီရင်ခံခဲ့ရတယ်။
ကျွန်တော်၏ခရစ်ယာန်ကြားနေမှု စမ်းသပ်ခံခဲ့ရ
မီစ်စိုလောင်းဂီအောန်နဲ့ကောရင့်သ် စစ်စခန်းတွေမှာ ကျွန်တော်အချုပ်ခံနေရတုန်း နိုင်ငံရေးကိစ္စတွေကိုထောက်ပံ့တဲ့ စစ်သားတစ်ယောက်ဖြစ်ဖို့ ကျမ်းစာနဲ့လေ့ကျင့်ခံထားရတဲ့ ကျွန်တော့်ရဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်က ခွင့်ပြုမှာမဟုတ်ဘူးဆိုတာကို စစ်အရာရှိတွေရှေ့ ရှင်းပြခွင့်ရရှိခဲ့တယ်။ ၂ တိမောသေ ၂:၃ ကိုညွှန်းပြီး “ကျွန်တော်ဟာ ယေရှုရဲ့စစ်သားတစ်ယောက်ဖြစ်နေပြီ” လို့လည်းရှင်းပြခဲ့တယ်။ ပြန်စဉ်းစားဖို့ ကျွန်တော့်ကို တိုက်တွန်းခဲ့တဲ့အခါ စိတ်ကူးပေါက်ပြီး ကျွန်တော်ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ၊ အလေးအနက်စဉ်းစားပြီး ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ပါမယ်လို့၊ ကိုယ့်ကိုယ်ကိုဆက်ကပ်အပ်နှံထားလို့ပါဆိုပြီး ပြောပြခဲ့တယ်။
ရလဒ်ကတော့ အလုပ်ကြမ်းကို မလုပ်မနေလုပ်ခဲ့ရပြီးရက် ၂၀ အတွင်း ရက်ခြားအစာမစားရဘဲ၊ သုံးပေခြောက်ပေအခန်းရဲ့ သံမံတလင်းကြမ်းပြင်ပေါ် အိပ်ခဲ့ရတယ်။ ဒီအခန်းထဲမှာ တခြားသက်သေခံနှစ်ယောက်နဲ့အတူ ကျွန်တော်နေခဲ့ရတယ်! ကျွန်တော့်ကိုသေဒဏ်ပေးဖို့ အကျဉ်းခန်းထဲက ခေါ်ထုတ်ခဲ့တာ ဒီကောရင့်သ်စခန်းကိုရောက်နေတုန်းမှာဖြစ်တယ်။
သေဒဏ်ပေးမယ့်နေရာကိုအသွားမှာ အရာရှိက “မင်း ဘာမှမပြောတော့ဘူးလား” လို့မေးခဲ့တယ်။
“မပြောတော့ပါဘူး” လို့ကျွန်တော်ဖြေခဲ့တယ်။
“မင်းမိသားစုကို စာမရေးတော့ဘူးလား။”
“မရေးတော့ပါဘူး။ ဒီမှာ ကျွန်တော် သေဒဏ်ပေးခံရနိုင်တယ်ဆိုတာ သူတို့သိပြီးပါပြီ” လို့နောက်တစ်ခါ ပြန်ဖြေခဲ့တယ်။
ဝင်းထဲကို ကျွန်တော်တို့ရောက်တဲ့အခါ နံရံကပ်ရပ်ခိုင်းတယ်။ အဲဒီနောက် ပစ်သတ်ဖို့ စစ်သားတွေကို အမိန့်ပေးမယ့်အစား “သူ့ကို အထဲခေါ်သွားစမ်း” ဆိုပြီး အရာရှိကအမိန့်ထုတ်လိုက်တယ်။ ဒါက ကျွန်တော့်ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို စမ်းသပ်တဲ့အနေနဲ့ ပရိယာယ်ဆင်လိုက်တာဖြစ်ပါတယ်။
နောက်တော့ ကျွန်တော့်ကို ကျမ်းစာကလွဲလို့ ဘာစာအုပ်ကိုမှထားခွင့်မပြုတဲ့ မာခရိုနီဆော့စ်ကျွန်းကို ပို့လိုက်တယ်။ ရာဇဝတ်အကျဉ်းသား ၅၀၀ နီးပါးရှိတဲ့နေရာကနေ သီးခြားဖြစ်တဲ့ အိမ်ငယ်တစ်လုံးမှာ သက်သေခံဆယ့်သုံးယောက်ကို ထားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီကို တစ်နည်းနည်းနဲ့စာအုပ်တွေရောက်ခဲ့တယ်။ ဥပမာ၊ တစ်နေ့မှာ လူခူမ်ယား (နာမည်ကြီးသကြားလုံး) ဘူးတစ်ဘူး ကျွန်တော့်ဆီရောက်လာတယ်။ စစ်ဆေးရေးမှူးတွေက အောက်မှာဝှက်ထားတဲ့ ကင်းမျှော်စင် မဂ္ဂဇင်းကိုသတိမထားဘဲ လူခူမ်ယား ကိုပဲ မြည်းချင်ကြတယ်။ “စစ်သားတွေက လူခူမ်ယားကို စားခဲ့ကြပြီး ကျွန်တော်တို့က ကင်းမျှော်စင်ကို ‘စားသုံးခဲ့’ ကြတယ်” လို့သက်သေခံတစ်ယောက်က ပြောခဲ့တယ်။
အဲဒီတုန်းက ထွက်လာတာမကြာသေးတဲ့ ဘာသာတရားသည် လူသားတို့အတွက် ဘာပြုလုပ်ပေးသနည်း စာအုပ်တစ်အုပ်ကို ကျွန်တော်တို့ရခဲ့ပြီး အင်္ဂလိပ်စာတတ်တဲ့ သက်သေခံအကျဉ်းသားတစ်ယောက်က ဘာသာပြန်ပေးခဲ့တယ်။ စည်းဝေးတွေကို လျှို့ဝှက်ကျင်းပခဲ့ကြပြီး ကင်းမျှော်စင်ကိုလည်း အတူတကွလေ့လာခဲ့ကြတယ်။ ထောင်ကို ကျောင်းတစ်ကျောင်းအနေနဲ့၊ ဝိညာဉ်ခွန်အားများလာစေဖို့ အခွင့်အရေးတစ်ခုအနေနဲ့ ကျွန်တော်တို့ရှုမြင်ခဲ့ကြတယ်။ ဒါထက် ကျွန်တော်တို့ရဲ့ သမာဓိစောင့်တဲ့လမ်းစဉ်ကို ယေဟောဝါနှစ်သက်တယ်ဆိုတာကို သိရတဲ့အတွက် စိတ်ကြည်နူးမိခဲ့ကြတယ်။
ကျွန်တော်အချုပ်ခံခဲ့ရတဲ့ နောက်ဆုံးထောင်ကတော့ ပလပနီးစပ်စ်အရှေ့ပိုင်းက တရင်သာထောင်မှာဖြစ်ပါတယ်။ အဲဒီမှာ အကျဉ်းသားတစ်ယောက်နဲ့ ကျွန်တော်ကျမ်းစာသင်တာကို ဂရုတစိုက်ကြည့်တတ်တဲ့ အစောင့်တစ်ယောက်ကို သတိပြုမိခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ သက်စလိုနီကာမြို့မှာ အဲဒီအစောင့်နဲ့ ကျွန်တော်ပြန်တွေ့ဆုံတော့ အံ့သြလိုက်တာ! အဲဒီအချိန်မှာ သူသက်သေခံတစ်ယောက်ဖြစ်နေပြီ။ နောက်ပိုင်းမှာ သူ့ကလေးတစ်ယောက်ဟာ ထောင်စောင့်အဖြစ်မဟုတ်ဘဲ အကျဉ်းသားအဖြစ် ထောင်ကိုပို့ခံခဲ့ရတယ်။ သူထောင်ချခံရတဲ့အကြောင်းက ကျွန်တော်နဲ့အတူတူပဲ။
ထောင်မှထွက်လာပြီးနောက် ပြန်လည်လှုပ်ရှားခြင်း
အစက ထောင်ဒဏ်အနှစ် ၂၀ စီရင်ပေမဲ့ သုံးနှစ်ပဲကျခဲ့တယ်။ ထောင်ထဲက ထွက်လာပြီးနောက်မှာ အက်သဲန်ဇ်မှာနေဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာ အဆုတ်အမြှေးရောင်ရောဂါနဲ့ချူချာသွားလို့ သက်စလိုနီကာကို ပြန်လာနေခဲ့ရတယ်။ နှစ်လအထိ အိပ်ရာထဲလဲနေတယ်။ နောက်ပိုင်းမှာ ချစ်စရာကောင်းတဲ့ ခူးလားဆိုတဲ့မိန်းကလေးနဲ့တွေ့ဆုံခဲ့ပြီးနောက်မကြာခင် ၁၉၅၉၊ ဒီဇင်ဘာလမှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။ ၁၉၆၂ ခုနှစ်မှာ သူမဟာ ရှေ့ဆောင်လို့ခေါ်တဲ့ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ သုံးနှစ်ကြာတော့ သူမနဲ့အတူ ရှေ့ဆောင်လုပ်ငန်းမှာ ကျွန်တော်ပါဝင်နိုင်ခဲ့တယ်။
၁၉၆၅၊ ဇန်နဝါရီလမှာ တိုက်နယ်လုပ်ငန်းတာဝန်ကိုရပြီး ဝိညာဉ်ရေးဘက်ခွန်အားပေးဖို့ အသင်းတော်တွေဆီလှည့်လည်ခဲ့ကြတယ်။ အဲဒီနှစ်နွေရာသီမှာ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ခရိုင်စည်းဝေးကြီးကို ကျွန်တော်တို့ဦးဆုံးတက်ရောက်ခွင့်ရရှိခဲ့တယ်။ အဲဒီစည်းဝေးကြီးဟာ ဂရိမှာလုပ်ငန်းပိတ်ပင်ထားလို့ တောထဲမှာ လျှို့ဝှက်ကျင်းပရတဲ့စည်းဝေးတွေနဲ့တော့ မတူပါဘူး။ ၁၉၆၅ အကုန်ပိုင်းမှာ အက်သဲန်ဇ်မြို့က ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ အလုပ်လုပ်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်ဆွေမျိုးတချို့ရဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ၁၉၆၇ ခုနှစ်မှာ သက်စလိုနီကာကို ပြန်သွားခဲ့ရတယ်။
မိသားစုတာဝန်တွေ ထမ်းဆောင်နေရင်း ဧဝံဂေလိလုပ်ငန်းမှာ အရမ်းအလုပ်များနေခဲ့တယ်။ တစ်ခါက ကျွန်တော်ရဲ့ဝမ်းကွဲ ကိုစတာစ်နဲ့စကားပြောနေရင်း ဘုရားသခင့်အဖွဲ့အစည်းဟာဘယ်လောက်ကောင်းတယ်၊ ချစ်ခြင်းမေတ္တာ၊ စည်းလုံးမှုနဲ့ ဘုရားသခင်ကိုနာခံမှု ဘယ်လိုရှိတယ်ဆိုတာတွေကို ပြောပြခဲ့တယ်။ “ဘုရားသခင်သာရှိမယ်ဆိုရင် ဒါတွေဟာ သိပ်ကောင်းမှာပဲ” လို့သူကပြောခဲ့တယ်။ ဘုရားသခင် ရှိ၊ မရှိစစ်ဆေးကြည့်ဖို့ ကျွန်တော်ပြောတာကို သူလက်ခံခဲ့တယ်။ ၁၉၆၉၊ ဩဂုတ်လမှာ ဂျာမနီနိုင်ငံ နျူရင်ဘတ်မြို့မှာကျင်းပမယ့် ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ကျွန်တော်တို့သွားတက်ကြမယ်ဆိုတာ ပြောပြခဲ့တယ်။ သူလည်းလိုက်လို့ရနိုင်မလားလို့မေးတယ်၊ ကျွန်တော်တို့နဲ့ကျမ်းစာလေ့လာနေတဲ့ သူ့သူငယ်ချင်းအလက်ခေါ့စ်လည်း လိုက်ချင်ခဲ့တယ်။
နျူရင်ဘတ်စည်းဝေးကြီးဟာ တကယ့်ကိုထူးခြားတယ်! အဲဒီစည်းဝေးကြီးကို ဟစ်တလာစစ်အောင်ပွဲတွေခံခဲ့တဲ့ ဧရာမအားကစားကွင်းကြီးထဲမှာ ကျင်းပခဲ့တယ်။ အများဆုံးတက်ရောက်သူ ၁၅၀,၀၀၀ ကျော်ရှိခဲ့ပြီး အစီအစဉ်အားလုံးမှာ ယေဟောဝါရဲ့ဝိညာဉ်တော်ရှိတယ်ဆိုတာ ပေါ်လွင်ထင်ရှားခဲ့တယ်။ အဲဒီနောက်မကြာခင်မှာ ကိုစတာစ်နဲ့အလက်ခေါ့စ်တို့ နှစ်ခြင်းခံခဲ့ကြတယ်။ အခုဆိုရင် သူတို့နှစ်ယောက်စလုံး ခရစ်ယာန်အကြီးအကဲတွေဖြစ်နေကြပြီး သူတို့ရဲ့မိသားစုတွေလည်းပဲ သက်သေခံတွေဖြစ်နေကြပြီ။
စိတ်ဝင်စားတဲ့အမျိုးသမီးတစ်ယောက်နဲ့ ကျွန်တော်ကျမ်းစာစသင်ခဲ့တယ်။ သူမရဲ့ခင်ပွန်းက ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကို စစ်ဆေးကြည့်ချင်တယ်လို့ပြောပြီး မကြာခင်မှာ ဆွေးနွေးပွဲတစ်ခုလုပ်ဖို့ ဂရိသြသဒေါက်စ်ဘာသာရေးပညာရှင် မစ္စတာဆာခေါစ်ကို ဖိတ်ထားတယ်လို့ပြောပါတယ်။ သူမခင်ပွန်းက ကျွန်တော်တို့နှစ်ယောက်စလုံးကို မေးခွန်းတွေမေးချင်ခဲ့တယ်။ မစ္စတာဆာခေါစ်က တရားဟောဆရာတစ်ယောက်လည်း ခေါ်လာခဲ့တယ်။ “ဦးဆုံး၊ မေးခွန်းသုံးခုကို မစ္စတာဆာခေါစ်ဖြေပေးပါ” လို့ကျွန်တော်တို့လည်ပတ်နေတဲ့ လူကစပြောတယ်။
ဆွေးနွေးပွဲမှာ အဲဒီလူက ကျွန်တော်တို့သုံးနေတဲ့ ဘာသာပြန်ကျမ်းစာကိုထောင်ပြပြီး “မေးခွန်းနံပါတ်တစ်– ဒါဟာ ကျမ်းစာအစစ်လား ဒါမှမဟုတ် သက်သေခံတွေရဲ့ကျမ်းစာလား” လို့မေးလိုက်တယ်။ မစ္စတာဆာခေါစ်က အဲဒီကျမ်းစာဟာ ခိုင်လုံယုံကြည်လောက်တဲ့ဘာသာပြန်ကျမ်းဖြစ်တယ်လို့ ဖြေတဲ့အပြင် ယေဟောဝါသက်သေတွေဟာ “သမ္မာကျမ်းစာကို ချစ်မြတ်နိုးသူတွေ” လို့လည်းပြောပြခဲ့တယ်။
ဆက်ပြီးအဲဒီလူက ဒီလိုမေးပြန်တယ်၊ “မေးခွန်းနံပါတ်နှစ်– ယေဟောဝါသက်သေတွေဟာ ကိုယ်ကျင့်တရားရှိတဲ့သူတွေလား။” အမှန်မှာ သူ့ဇနီး စတင်ပေါင်းသင်းနေတဲ့ လူတွေဟာ ဘယ်လိုလူစားလည်းဆိုတာကို သူသိချင်လို့ပဲ။ သူတို့တွေက တကယ်ကိုယ်ကျင့်တရားရှိတဲ့လူတွေလို့ အဲဒီဘာသာရေးသမားက အဖြေပေးခဲ့တယ်။
ဆက်ပြီး “မေးခွန်းနံပါတ်သုံး– ယေဟောဝါသက်သေတွေ လစာရလား” လို့မေးခဲ့တယ်။ “မရကြဘူး” လို့အဲဒီဘာသာရေးသမားက ဖြေခဲ့တယ်။
“ကျွန်တော့်မေးခွန်းတွေရဲ့အဖြေတွေရပြီး ဆုံးဖြတ်ချက်လည်းချပြီးပြီ” လို့သူကနောက်ဆုံးအနေနဲ့ပြောလိုက်တယ်။ အဲဒီနောက်မှာ သူဟာ ကျမ်းစာဆက်သင်ပြီး မကြာခင် ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခဲ့ပါတယ်။
ကြွယ်ဝ၍အကျိုးဖြစ်ထွန်းသောဘဝ
ကျွန်တော်ဟာ ၁၉၇၆၊ ဇန်နဝါရီလမှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ပြန်ပြီးအမှုဆောင်ခဲ့တယ်။ နောက်ခြောက်နှစ်လောက်ကြာတော့ ဂရိမှာ ဟောပြောနည်းသစ်ဖြစ်တဲ့ လမ်းပေါ်သက်သေခံခြင်းကို စပြီးလုပ်ဆောင်ရတဲ့ အခွင့်အရေးကိုရရှိခဲ့တယ်။ အဲဒီနောက် ၁၉၉၁၊ အောက်တိုဘာလမှာ ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ အထူးရှေ့ဆောင်တွေအဖြစ် စတင်အမှုဆောင်ခဲ့တယ်။ နောက်လအနည်းငယ်မှာ နှလုံးသွေးကြောလေးခုကို လမ်းလွှဲခွဲစိတ်ကုသခံတာအောင်မြင်လို့ တကယ်ကျေးဇူးတင်စရာပါပဲ။ အခုတော့ ကျွန်တော့်ကျန်းမာရေးတော်တော့်ကို ကောင်းလာတဲ့အတွက် အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းကို ပြန်လည်လုပ်ဆောင်နိုင်ပါပြီ။ သက်စလိုနီကာရှိ အသင်းတော်တစ်ခုမှာ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ကုသမှုခံယူဖို့ အကူအညီလိုသူတွေကိုကူညီပေးတဲ့ ဒေသခံဆေးရုံဆက်သွယ်ရေးကော်မတီနဲ့လည်း ပူးပေါင်းလုပ်ကိုင်နေပါတယ်။
ကျွန်တော့်ဘဝကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါ ကောင်းကင်ခမည်းတော်ရဲ့စိတ်တော်နဲ့တွေ့ဖို့ကြိုးစားခဲ့တာဘယ်လောက်စိတ်ကျေနပ်စရာကောင်းတယ်ဆိုတာကို သဘောပေါက်တယ်။ ကိုယ်တော်ရဲ့ဒီနှစ်သက်စရာကောင်းတဲ့ ဖိတ်ခေါ်ချက်ကို အတော်ကြာကတည်းက ကျွန်တော်လက်ခံခဲ့တဲ့အတွက် ကျေနပ်အားရတယ်– “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။” (သု. ၂၇:၁၁) ယေဟောဝါရဲ့အဖွဲ့အစည်းထဲကို ဝင်လာနေကြတဲ့ စိတ်ရင်းမှန်သူတွေရဲ့အရေအတွက်ဟာ တစ်ကမ္ဘာလုံးမှာ တိုးများလာနေတာကို တွေ့ရလို့ ကျွန်တော်တကယ်ပျော်တယ်။ ကျမ်းစာအမှန်တရားနဲ့ လူတွေကို လွတ်မြောက်စေပြီး ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာ ထာဝရအသက်ရနိုင်မယ့်အခွင့်ကိုပေးတဲ့အလုပ်မှာပါဝင်ရတာ တကယ့်အခွင့်ထူးပဲ!—ယောဟန် ၈:၃၂; ၂ ပေတရု ၃:၁၃။
ယေဟောဝါရဲ့ကျေးကျွန်ငယ်တွေကို အချိန်ပြည့်အမှုဆောင်ပန်းတိုင်ရှိဖို့၊ သူတို့ရဲ့အချိန်နဲ့ခွန်အားကို ကိုယ်တော့်ကိုပေးကြဖို့ ကျွန်တော်တို့အမြဲကြိုးစားအားပေးတယ်။ ယေဟောဝါကို ကိုးစားပြီး ကိုယ်တော့်စိတ်တော်ကို ရွှင်လန်းနေစေရခြင်းမှာ အားရနေတာဟာ တကယ်အကျိုးအနပ်ဆုံးဘဝပါပဲ။—သု. ၃:၅; ဒေသနာ ၁၂:၁။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
(လက်ဝဲမှလက်ယာသို့)
၁၉၆၅ ခုနှစ်၌ ဗေသလမီးဖိုဆောင်တွင် လုပ်ကိုင်နေစဉ်
ဟောပြောခြင်းပိတ်ပင်ခံရသည့် ၁၉၇၀ ပြည့်နှစ်တွင် ဟောပြောချက်ပေးနေစဉ်
၁၉၅၉ ခုနှစ်တွင် ကျွန်တော့်ဇနီးနှင့်အတူ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီးခူးလားနှင့်အတူ