တန်းတူညီမျှမှုမရှိခြင်း—ကပ်ဆိုးကိုထိန်းချုပ်ခြင်း
ဖန်ဆင်းရှင်သည် မကြာမီ လူသားတို့အလွန်တောင့်တကြသည့် တန်းတူညီမျှမှုကို ရရှိစေတော့မည်။ ထိုအချိန်မရောက်မချင်း ကျွန်ုပ်တို့သည် အနည်းဆုံးတော့ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏မိသားစုများနှင့်ပတ်သက်၍ တန်းတူညီမျှမှုမရှိခြင်းကပ်ဆိုးကို ထိန်းချုပ်ရပေမည်။ တောင်အာဖရိကနိုင်ငံ၏သမ္မတဟောင်း နယ်လ်စင်မဲန်ဒဲလားပြောသည့်အတိုင်း “တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားစေသည်မှာ ကျွန်ုပ်တို့ပေးအပ်ခံရရာမဟုတ်ဘဲရှိနှင့်ပြီးသားအရာကို မည်သို့အသုံးပြုခြင်းပင်ဖြစ်သည်။”
သူ၏စကားကို လူ့သမိုင်းကထောက်ခံသည်။ မွေးဖွားစဉ်က အဘယ်အရာမျှမပါခဲ့သော အမျိုးသား၊ အမျိုးသမီးများစွာတို့သည် သူတို့၌ရှိထားရာကို ကောင်းစွာအသုံးပြုကြခြင်းအားဖြင့် အခွင့်ထူးသောရွယ်တူချင်းများထက် ပိုထူးချွန်ခဲ့ကြ၏။ တစ်ဖက်မှကြည့်ပြန်လျှင် အခွင့်ထူးစွာဖြင့် မွေးဖွားလာသူအချို့သည် သူတို့၏အလားအလာကို အပြည့်အဝအသုံးမချဘဲ မိုက်မဲစွာပြုမူပစ်ခဲ့ကြသည်။
သင်၌ရှိထားရာကို အကျိုးအရှိဆုံးအသုံးချပါ!
ယေဟောဝါသက်သေများသည် ကျမ်းစာလေ့လာခြင်းအားဖြင့် ဘုရားသခင့်ရည်ရွယ်ချက်များ သိကျွမ်းစေသော အသိပညာကို လူတို့ရဖို့ကူညီပေးခြင်းကို အလွန်စိတ်ဝင်စားကြသည်။ သို့ရာတွင် ကျမ်းစာပါ သိသင့်ရာများမှ အကျိုးအပြည့်အဝရရှိရန် လူတို့စာတတ်ရမည်ကို သူတို့သိထားကြသည်။ ထိုအကြောင်းကြောင့် ယေဟောဝါသက်သေများသည် (၁၉၉၀ ပြည့်လွန်နှစ်အလယ်ပိုင်းက) အနောက်အာဖရိကနိုင်ငံတစ်ခုတည်းတွင် လူပေါင်း ၂၃,၀၀၀ အပါအဝင် ထောင်ပေါင်းများစွာသောသူတို့ကို ရေးတတ်ဖတ်တတ်ရန် သင်ကြားပေးခဲ့ကြသည်။ ယေဟောဝါသက်သေများပြုလုပ်သည့် ထူးခြားသောလူမှုရေးလုပ်ဆောင်မှုကို ရည်ညွှန်းကာ ဆန်ဖရန်စစ္စကို အက်ဇမ်မနာသတင်းစာက ဤသို့ဖော်ပြခဲ့သည်– “သူတို့ကို စံပြပြည်သူများအဖြစ် ယူမှတ်နိုင်သည်။ အခွန်ကို တာဝန်သိသိ ပေးဆက်ကြသည်၊ လူနာများကို ပြုစုကြသည်၊ စာတတ်မြောက်ရေးအတွက် ကြိုးပမ်းကြသည်။”
ထို့ပြင် ယေဟောဝါသက်သေများသည် ထောင်ပေါင်းများစွာသောသူတို့ကို လူထုရှေ့စကားပြောဆိုခြင်းသင်တန်းပေးခြင်းအားဖြင့် လူထုရှေ့ကျွမ်းကျင်စွာ စကားပြောဆိုနိုင်သည့် အရည်အချင်းရှိ ဟောပြောသူများဖြစ်လာစေခဲ့ပြီ။ ဤထောင်ပေါင်းများစွာသောသူတို့မှ အချို့သည် တစ်ကြိမ်က စကားပြောဆိုခြင်းအခက်အခဲများရှိခဲ့သူတို့ဖြစ်သည်။ တောင်အာဖရိကမှ ဤသို့ရေးသားခဲ့သူတစ်ဦးကို သုံးသပ်ကြည့်ပါ– “ကျွန်တော်စကားထစ်လွန်းသောကြောင့် ဘာသိဘာသာနေသူတစ်ဦးဖြစ်လာပြီး ကျွန်တော့်အတွက် စကားပြောပေးရန် အခြားသူများကိုအားကိုးလေ့ရှိသည်။ . . . သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ ပါဝင်ကာ ပရိသတ်အနည်းငယ်ရှေ့ ကျမ်းစာဖတ်ရသည့်အခါ . . . ၊ အကြီးအကျယ်ထစ်ငေါ့ခဲ့ရာ သတ်မှတ်ထားချိန်အတွင်း ကျွန်တော့်တာဝန်ကို မပြီးနိုင်ခဲ့ချေ။ အစည်းအဝေးပြီးသည့်နောက် [သွန်သင်ချက်ပေးသူက] လက်တွေ့ကျသည့်အကြံဉာဏ်ကို ကြင်နာစွာပေးခဲ့သည်။ တစ်ကိုယ်တည်းအသံကျယ်ကျယ်ဖတ်ပြီး လေ့ကျင့်ရန် ကျွန်တော့်ကိုအကြံပေးခဲ့သည်။ နေ့စဉ်နှင့်အမျှ အချိန်ယူကာ သမ္မာကျမ်းစာနှင့် ကင်းမျှော်စင် မဂ္ဂဇင်းကို အသံကျယ်ကျယ်ဖတ်ရှုခဲ့သည်။” ဤသူသည် အလွန်တိုးတက်လာရာ ယခုဆိုလျှင် ရာနှင့်ချီသောပရိသတ်မက ထောင်နှင့်ချီသောသူများရှေ့၌ပင် လူထုဟောပြောချက်များကိုပေးနေပါပြီ။
ညီအစ်ကိုများစပ်ကြား တန်းတူညီမျှမှုကိုခံစားခြင်း
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ယေဟောဝါသက်သေများ၏ အခြေအနေသည် မတူညီကြချေ။ ဤခြားနားမှုများက သူတို့နေထိုင်သော မစုံလင်သည့်ကမ္ဘာ့အခြေအနေကို ထင်ဟပ်ခြင်းမျှသာဖြစ်သည်။ သို့သော် အခြားဘာသာရေးအုပ်စုများနှင့်မတူဘဲ သူတို့အထဲမှ လူမျိုးရေး၊ လူမှုရေးနှင့် စီးပွားရေးစိတ်စွန်းကွက်မှုများကို အတော်ပင်ဖယ်ရှားခဲ့ကြပေပြီ။
သူတို့သည် ကျမ်းစာမှသင်ယူခဲ့ရာများကို အတတ်နိုင်ဆုံးလက်တွေ့ကျင့်သုံးကြခြင်းဖြင့် ထိုသို့ပြုနိုင်ခဲ့ကြသည်။ ဤကဲ့သို့သောကျမ်းစာမူများကို သူတို့အကြွင်းမဲ့လက်ခံကြသည်– “ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။” (၁ ဓမ္မရာဇဝင် ၁၆:၇) “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်။” (တမန်တော် ၁၀:၃၄၊ ၃၅) “အဘယ်သူကိုမျှရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့်အသင့်အတင့်နေကြလော့။”—ရောမ ၁၂:၁၇၊ ၁၈; ၁ တိမောသေ ၆:၁၇-၁၉; ယာကုပ် ၂:၅၊ ၉ ကိုလည်းရှု။
ယေဟောဝါသက်သေများသည် စည်းလုံးမှုကိုတိုးမြှင့်ပေးသည့် ဤကျမ်းစာမူများကို အတိအကျလိုက်လျှောက်ကြကာ သူတို့ထဲတွင် လူမျိုးရေး၊ လူမှုရေး သို့မဟုတ် စီးပွားရေးအခြေအနေ ကွဲပြားခြားနားမှုများကြောင့် တန်းတူညီမျှမှုမရှိဘဲဆက်ဆံခြင်းကို ဖြစ်ပေါ်ခွင့်မပြုကြချေ။ ဥပမာ၊ ခရစ်ယာန်အသင်းတော် လုပ်ငန်းတော်ဆိုင်ရာ ထပ်ဆင့်အခွင့်အရေးများကို မည်သူရထိုက်ကြောင်း ဆုံးဖြတ်ရာတွင် ထိုအချက်များလုံးဝမပတ်သက်ပါ။ သွန်သင်ခြင်းနှင့် ကြီးကြပ်ခြင်းစသည့် တာဝန်များကို ဝိညာဉ်ရေးဆိုင်ရာအရည်အသွေးများရှိသူတို့ကိုသာ ပေးအပ်ရ၏။—၁ တိမောသေ ၃:၁-၁၃; တိတု ၁:၅-၉။
မျက်နှာလိုက်သည့်ကမ္ဘာ၏ တန်းတူညီမျှမှုမရှိခြင်းများကို တွေ့ကြုံခံစားခဲ့ရသူတို့သည် မိမိတို့ဖန်ဆင်းရှင်ရှေ့ ညီအစ်ကိုညီအစ်မများအဖြစ် ဆက်ဆံခံရကြခြင်းသည် တကယ်ထူးခြားလှသည်တကား! ယင်းသည်မှန်ကန်ကြောင်း မာတီနာထောက်ခံပြောဆိုနိုင်သည်။ သူ့ဖခင်က မိသားစုကိုပစ်ထားခဲ့ပြီးနောက် ဆင်းရဲသော ကြင်ဖော်မဲ့မိဘတစ်ဦးအိမ်တွင် ကြီးပြင်းလာခဲ့သည်။ လူတို့၏ပစ်ပယ်ခြင်းခံရသူတစ်ဦးအဖြစ် ဆက်ဆံခံရလေ့ရှိရာ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုနည်းပြီး လူတို့နှင့်သင့်မြတ်ဖို့ အခက်အခဲတွေ့ခဲ့သည်။ သို့နှင့် ဘာသိဘာသာနေတတ်လာသည်။ သို့ရာတွင် ကျမ်းစာကိုစတင်လေ့လာ၍ ယေဟောဝါသက်သေတစ်ဦးဖြစ်လာပြီးနောက် ပြောင်းလဲလာလေသည်။ သူကဤသို့ပြောပြသည်– “အပျက်သဘောတွေးတတ်တာကို ကျွန်မတိုက်လှန်နေရတုန်းပဲ၊ ဒါပေမဲ့ အခုဆိုရင် အဲ့ဒီစိတ်ထားကို အရင်ကထက်ပိုချိုးနှိမ်နိုင်ပြီ။ ကိုယ့်ကိုယ်ကိုလေးစားမှု တိုးတိုးလာပြီး ပိုစိတ်ချလက်ချရှိလာတယ်။ အမှန်တရားက ကျွန်မကိုတာဝန်သိတတ်လာစေပြီ။ ကျွန်မကိုယေဟောဝါချစ်တယ်ဆိုတာရယ် အသက်ရှင်ရကျိုးနပ်တယ်ဆိုတာကိုရယ် အခုကျွန်မသိနေပြီ။”
အပြည်ပြည်ဆိုင်ရာခရစ်ယာန်အုပ်စုတစ်ခုအနေနှင့် နိုင်ငံပေါင်း ၂၃၀ ကျော်ရှိ ယေဟောဝါသက်သေများသည် မျက်မှောက်ခေတ်လောကတွင် အမှန်ပင်ထူးခြားသည့် တန်းတူညီမျှမှုကို အတော်အတန်ခံစားနေရကြသည်။ အခြားဘာသာရေးအဖွဲ့အစည်းတစ်ခုခုက အလားတူဆိုနိုင်ကာ သက်သေထူနိုင်ပါမည်လော။
ယေဟောဝါသက်သေများသည် အရှိကိုအရှိအတိုင်းရှုမြင်ကြသည်။ မစုံလင်သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူများဖြစ်ကြရာ တန်းတူညီမျှမှုမရှိခြင်းကို ရာစုနှစ်များစွာကတည်းက ဖျောက်ဖျက်ဖို့ကြိုးစားခဲ့သူတစ်ဦးမျှ မအောင်မြင်ခဲ့သကဲ့သို့ သူတို့လည်းမတတ်နိုင်ကြောင်း ဝန်ခံခဲ့ကြရပြီ။ သို့ဖြစ်စေကာမူ မိမိတို့ထဲ၌ သေစေလောက်သောဤကပ်ဆိုးကို ထိန်းချုပ်ရန် အတော်အတန်ပင်လုပ်ဆောင်နိုင်ခဲ့ကြ၍ ဝမ်းမြောက်ကြသည်။ ဘုရားသခင့်ကတိတော်ကို အခိုင်အမာယုံကြည်လျက် တန်းတူညီမျှမှုမရှိခြင်းသည် အတိတ်တွင်ထာဝစဉ်ကျန်ရစ်တော့မည့် ဖြောင့်မတ်သောကမ္ဘာသစ်ကို သူတို့စောင့်မျှော်ကြသည်။
မှန်ပါသည်၊ နာခံမှုရှိသောလူသားအားလုံးတို့သည် သူတို့၏ဖန်ဆင်းရှင်က သူတို့အား အစကနဦးကတည်းကရှိစေလိုခဲ့သော “ဂုဏ်သိက္ခာနှင့်အခွင့်အရေး” တန်းတူညီမျှခံစားရခြင်း မကြာမီပြန်လည်ရရှိပါလိမ့်မည်။ တကယ်အားရစရာပါတကား! ထို့ပြင် ဤတစ်ကြိမ်တွင် ဧကန်ဖြစ်လာပါလိမ့်မည်!
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေတို့သည်ထောင်ပေါင်းများစွာသောသူတို့ကို ရေးတတ်ဖတ်တတ်ရန်သင်ပေးခြင်းဖြင့် စာမတတ်ခြင်းကိုတိုက်လှန်ကြသည်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ကျမ်းစာအမှန်တရားကလူမျိုးရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စိတ်စွန်းကွက်မှုများကိုဖယ်ရှားရန်ကူညီပေး