တန်းတူညီမျှမှုမရှိခြင်း—ဘုရားသခင်ရည်ရွယ်ထားသလော
တစ်ခွန်းတည်းဖြေလျှင် မရည်ရွယ်ခဲ့ပါ။အဘယ်ကြောင့်ဆိုသည်ကို ကြည့်ကြစို့။
လူသားအားလုံး အသက်ရှင်ရကျိုးနပ်ပြီး ပျော်ရွှင်မှုတန်းတူရရန် ဘုရားသခင်ရည်ရွယ်ခဲ့၏။ လူ့ဖန်ဆင်းခြင်းအကြောင်း ဤသို့ဖတ်ရသည်– “တစ်ဖန်ဘုရားသခင်က ‘ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးစေ’ ဟုအမိန့်တော်ရှိ၏။ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကိုမြင်တော်မူ [၏]။”—ကမ္ဘာဦး ၁:၂၆၊ ၃၁။
တန်းတူညီမျှမှုမရှိသည့် မျက်မှောက်ခေတ်ဝမ်းနည်းဖွယ်အခြေအနေကို “အလွန်ကောင်းသည်” ဟုဘုရားသခင်ကြေညာနိုင်မည်လော။ ဝေးလေစွ၊ အကြောင်းမှာ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) ကိုယ်တော်သည် “လူမျက်နှာကိုမထောက်” ဘဲ “အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်” ကြောင်းကိုယ်တော်နှင့်ပတ်သက်၍ဆိုထားသည်။ (တရားဟောရာ ၁၀:၁၇; ၃၂:၄; ယောဘ ၃၄:၁၉ နှိုင်းယှဉ်။) ထို့ပြင် တမန်တော်ပေတရုက ဤသို့ကောက်ချက်ချခဲ့သည်– “အကယ်စင်စစ်ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။”—တမန်တော် ၁၀:၃၄၊ ၃၅။
ဘုရားသခင်သည် မေတ္တာရှိပြီး မျက်နှာမလိုက်၊ တရားမျှတ၍ ဟုတ်မှန်ဖြောင့်မတ်သောကြောင့် ပျော်ရွှင်မှုခံစားရဖို့အခွင့်အရေးနှင့်ပတ်သက်၍ မွေးရာပါမညီမျှမှုဖြင့် လူသားတို့ကိုဖန်ဆင်းထားနိုင်မည်လော။ လူလူချင်းခွဲခြားဆက်ဆံစေ၍ တန်းတူညီမျှမှုမရှိသည့်စနစ်တွင် သူတို့ကိုရှိစေခြင်းသည် ကိုယ်တော်၏ဂုဏ်ရည်တော်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပေမည်။ လူသားအားလုံး “မွေးရာပါလွတ်လပ်ခွင့်ရှိကြပြီး ဂုဏ်သိက္ခာနှင့်အခွင့်အရေးတို့တွင် တန်းတူညီတူဖြစ်” ရန်ကိုယ်တော်ရည်ရွယ်တော်မူ၏။ သို့တိုင် ယနေ့ထိုသို့ဖြစ်မနေသည်မှာ ထင်ရှားသည်။ အဘယ်ကြောင့်နည်း။
တန်းတူညီမျှမှုမရှိခြင်း၏ရင်းမြစ်
လူသားအားလုံးကို ဘုရားသခင်တန်းတူဖန်ဆင်းခြင်းက အဘက်ဘက်တွင်တန်းတူဖြစ်ဖို့ ကိုယ်တော်ရည်ရွယ်သည်ဟု မဆိုလိုပါ။ သူတို့၏ပင်ကိုစွမ်းရည်၊ စိတ်ဝင်စားမှုနှင့် စရိုက်ကွာခြားနိုင်သည်။ သူတို့၏အနေအထား သို့မဟုတ် အခွင့်အာဏာအတိုင်းအတာလည်း ကွာခြားနိုင်သည်။ ဥပမာ၊ ယောက်ျားနှင့် မိန်းမသည် အရာရာ၌မတူညီကြသော်လည်း ယောက်ျား၏ “အထောက်အမ” အဖြစ်မိန်းမကို ဘုရားသခင်ဖန်ဆင်းခဲ့၏။ (ကမ္ဘာဦး ၂:၁၈) မိဘနှင့် သားသမီးများသည် အခွင့်အာဏာအရာ၌ သိသိသာသာကွာခြားသည်။ သို့သော် ဤသို့သောကွဲပြားခြားနားမှုများရှိသည့်ကြားမှ အားလုံး—ယောက်ျား၊ မိန်းမနှင့် ကလေးများ—သည် ပျော်ရွှင်မှုအတွက် အခြေခံလိုအပ်ချက်များရရှိရန် တန်းတူအခွင့်အရေးများကို ဘုရားသခင်ပေးသည့်အခွင့်အရေးအဖြစ် ရရန်ဖြစ်သည်။ သူတို့အားလုံးသည် ဘုရားသခင့်ရှေ့တွင် တန်းတူဂုဏ်သိက္ခာနှင့် အဆင့်အတန်းရှိခွင့်ရသည်။
အလားတူ၊ လူသားများအရင်ဖန်ဆင်းခံရသည့် ဘုရားသခင့်နာမ်ဝိညာဉ်သားများသည် ခြားနားသောတာဝန်ဝတ္တရားများပေးအပ်ခံခဲ့ရသည်။ (ကမ္ဘာဦး ၃:၂၄; ၁၆:၇-၁၁; ဟေရှာယ ၆:၆; ယုဒ ၉) သို့ရာတွင် သူတို့အားပေးအပ်ထားသည့် ကန့်သတ်ချက်များအတွင်း အသက်ရှင်ရကျိုးနပ်၍ ပျော်ရွှင်မှုရှိရန် ဘုရားသခင့်ပြင်ဆင်ပေးချက်များကို တန်းတူညီမျှခံစားနိုင်ကြသည်။ ဤနည်းဖြင့် ဘုရားသခင့်မျက်နှာမလိုက်မှုကို အံ့ဖွယ်ကောင်းစွာ ပြန်တင်ပြကြ၏။
ဝမ်းနည်းစရာမှာ နာမ်ဝိညာဉ်သားတစ်ဦးသည် ဘုရားသခင်၏မျက်နှာမလိုက်သည့်အစီအစဉ်နှင့် မကျေနပ်ခဲ့ပါ။ သူ့ကိုဘုရားသခင်ပေးထားသည့်အရာထက် သာ၍အဆင့်မြင့်သောအခြေအနေကို သူတောင့်တလိုလားခဲ့သည်။ ဤမှားယွင်းသောဆန္ဒကိုမွေးမြူခြင်းဖြင့် ဖန်ဆင်းရှင်အဖြစ် အမြင့်မြတ်ဆုံးအခွင့်အာဏာပိုင်သသည့် ယေဟောဝါနှင့် သူဂုဏ်ပြိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဘုရားသခင်အားပုန်ကန်ခဲ့သည့် ဤနာမ်ဝိညာဉ်သားသည် ဘုရားသခင်ပေးထားသည်ထက် ပို၍တောင်းဆိုရန် လူသားတို့ကိုတိုက်တွန်းသွေးဆောင်ခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆; ဟေရှာယ ၁၄:၁၂-၁၄ နှိုင်းယှဉ်။) ထို့ကြောင့် လူတို့အသက်ရှင်ရကျိုးနပ်၍ ပျော်ရွှင်စေရန်အတွက် ယေဟောဝါ၏ပြင်ဆင်ပေးချက်များမှာ ဟန်ချက်မညီတော့ဘဲဖြစ်သွားပုံရှိသည်။ ဗျာဒိတ် ၂၀:၂ တွင် “စာတန်” ဟုဖော်ပြထားသော ဤနာမ်ဝိညာဉ်သူပုန်သည် လူတို့တွင် တန်းတူညီမျှမှုမရှိစေရန် သွေးထိုးလှုံ့ဆော်ပေးသော ဆိုးသွမ်းသူဖြစ်လာလေသည်။
အခြေအနေပြောင်းလဲပါဦးမည်လော
တစ်ခွန်းတည်းဖြေလျှင် ပြောင်းလဲပါမည်!
သို့သော် လိုလားသည့်အပြောင်းအလဲများကို မည်သူပြုလုပ်ပေးမည်နည်း။ လူသားခေါင်းဆောင်များသည် ရာစုနှစ်ပေါင်းများစွာ စိတ်ရင်းမှန်ဖြင့်ကြိုးပမ်းခဲ့ကြပြီ။ သူတို့၏အောင်မြင်မှုမှာ အကန့်အသတ်ဖြင့်ဖြစ်ရာ လူတို့တွင် တန်းတူညီမျှမှုမရှိခြင်းပြဿနာကို ဖြေရှင်းနိုင်ဦးမည်ဟုမျှော်လင့်ခြင်းသည် လက်တွေ့မကျဟု လူများစွာ ကောက်ချက်ချစရာဖြစ်ခဲ့ပြီ။ သို့ရာတွင် ဘုရားသခင့်ရှုမြင်ပုံကို ဟေရှာယ ၅၅:၁၀၊ ၁၁ ၌ဤသို့မှတ်တမ်းတင်ထားသည်– “မိုးရေနှင့်မိုးပွင့်တို့သည် မိုးကောင်းကင်မှဆင်းသက်၍ နောက်တစ်ဖန်မပြန်၊ မြေသည်မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအားအစာကိုလည်းကောင်း ပေးမည်အကြောင်း မြေကိုစိုစေသဖြင့် အပင်ပေါက်စေ၍ အသီးကိုသီးစေသကဲ့သို့၊ ထိုအတူ ငါ၏နှုတ် [မြွက်စကား] သည်ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲငါ့ထံသို့မပြန်ရ။ ငါ့အလိုကိုပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်။”
ယေဟောဝါဘုရားသခင်သည် လူသားအားလုံးအသက်ရှင်ရကျိုးနပ်၍ ပျော်ရွှင်မှုရှိစေရန် တန်းတူအခွင့်အရေးများပေးဖို့ ကိုယ်တော်၏မူလရည်ရွယ်ချက်ကို ပြည့်စုံစေမည်ဟု ကြေညာခဲ့ကြောင်းသိရခြင်းက စိတ်ချမ်းသာစရာပါတကား! အမှန်တရား၏ဘုရားသခင်အနေနှင့် မိမိ၏ကတိတော်ကိုပြည့်စုံစေရန် တာဝန်ယူထားသည်။ ထိုသို့ပြုရန် ကိုယ်တော်၌ဆန္ဒကော တန်ခိုးပါရှိသည့်အတွက် ဝမ်းသာစရာပင်။ ယင်းကို ကိုယ်တော်မည်သို့ပြည့်စုံစေမည်နည်း။
အဖြေမှာ ဘုရားသခင့်နိုင်ငံတော်ပေါ် အခြေပြုသည်၊ ယင်းအတွက် မိမိ၏နောက်လိုက်အားလုံး ဤသို့တောင်းလျှောက်ရန် ယေရှုခရစ်သင်ကြားပေးခဲ့သည်– “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ . . . နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။” (မဿဲ ၆:၉၊ ၁၀) မှန်ပါသည်၊ ဘုရားသခင့်နိုင်ငံတော်သည် “အထက်ဆိုခဲ့ပြီးသော [ယခုတည်ရှိသော] နိုင်ငံရှိသမျှကိုချိုးဖဲ့ဖျက်ဆီး” ရန်ယေဟောဝါအသုံးပြုမည့်နည်းဖြစ်ပြီး “အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၄၊ ၄၅။
ကောင်းကင်နိုင်ငံတော်၏အုပ်ချုပ်မှုအောက်တွင် လူ့အဖွဲ့အစည်းသစ်တစ်ခု ပေါ်ထွက်လာပါလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်၊ ဗျာဒိတ်ကျမ်းတွင် တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့၏– “ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၁) ထိုအခါ မညီမျှမှု၏ မနှစ်သက်စရာအသွင်အမျိုးမျိုး—ဆင်းရဲခြင်း၊ ဖျားနာခြင်း၊ အသိဉာဏ်မဲ့ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် လူတို့၏အခြားအခြားသော ဆင်းရဲခြင်းတို့ ပျောက်ကွယ်သွားပါလိမ့်မည်။a
ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်ကို လူတို့အားအာရုံစိုက်စေခဲ့သည်မှာ ရာစုနှစ်တစ်ခုမကတော့ပါ။ (မဿဲ ၂၄:၁၄) သူတို့သည် ပုံနှိပ်စာတမ်းများအပြင် ကိုယ်တိုင်ကူညီပေးခြင်းအားဖြင့် ကျမ်းစာ၌မှတ်တမ်းတင်ထားသည့်အတိုင်း ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်သော အသိပညာကိုရရှိစေရန် ကြိုးစားအားထုတ်ခဲ့ကြပြီ။ သူတို့၏ကမ္ဘာချီပညာပေးရေးအစီအစဉ်သည် အနာဂတ်တွင် တန်းတူညီမျှ ပျော်ရွှင်စွာအသက်ရှင်ရန် လူတို့ကိုမျှော်လင့်ချက်ပေးသည်သာမက ယခုပင် တန်းတူညီမျှမှုမရှိခြင်းကပ်ဆိုးကို ထိန်းချုပ်ရာတွင်လည်း အကျိုးရှိစေခဲ့ပြီ။ မည်သို့အကျိုးရှိကြောင်း ကြည့်ကြစို့။
[အောက်ခြေမှတ်ချက်များ]
a ဘုရားသခင့်နိုင်ငံတော်သည် မကြာမီ လူအားလုံးကို မည်သို့တန်းတူညီမျှရှိစေမည့်အကြောင်း ဆွေးနွေးချက်အပြည့်အစုံအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသော ထာဝရအသက်ရစေသော အသိပညာစာအုပ် အခန်း ၁၀ နှင့် ၁၁ ကိုကျေးဇူးပြု၍ကြည့်ပါ။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
လူသားအားလုံး အသက်ရှင်ရကျိုးနပ်ပြီးပျော်ရွှင်မှုအတွက် တန်းတူအခွင့်အရေးများရဖို့ဘုရားသခင်ရည်ရွယ်ခဲ့