ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၉/၁၅ စာ. ၄-၇
  • အမှန်ပင်ဂရုစိုက်သူတစ်ဦး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်ပင်ဂရုစိုက်သူတစ်ဦး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်ကြောင့်ဆင်းရဲ၍ ဖိနှိပ်ခံရသနည်း
  • လူတို့ဖြေရှင်း၍မရသည့်ပြဿနာ
  • “အလိုတော်သည် . . . မြေကြီးပေါ်မှာပြည့်စုံ”
  • တစ်စုံတစ်ဦးသည်လောကကို အမှန်ပြောင်းလဲနိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှု၏ပုံသက်သေကိုလိုက်ပြီး နွမ်းပါးသူများကို စိုးရိမ်ကြောင့်ကြမှုပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • နှစ်သိမ့်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၉/၁၅ စာ. ၄-၇

အမှန်ပင်ဂရုစိုက်သူတစ်ဦး

ထောင်နှင့်ချီသောသူတို့က သူတို့အမှန်ပင်ဂရုစိုက်ကြောင်းပြကြသည်။ အခြားသူတို့၏ပြဿနာများသည် မိမိတို့နှင့်လုံးဝမဆိုင်ဟု စာနာမှုကင်းသော တစ်ကိုယ်ကောင်းဆန်သည့်အမြင် သူတို့၌မရှိကြပါ။ ယင်းအစား ဆင်းရဲခြင်းကိုသက်သာရန် သူတို့တတ်နိုင်သမျှ—တစ်ခါတစ်ရံ မိမိတို့အသက်ကိုစွန့်သည့်အထိပင်—လုပ်ဆောင်ကြသည်။ ၎င်းသည် လုပ်ငန်းတာဝန်ကြီးတစ်ခု၊ လူတို့မထိန်းချုပ်နိုင်သည့် တန်ခိုးကြီးသောစွမ်းအားများကြောင့် ဖြေရှင်းရခက်သည့်အရာတစ်ခုဖြစ်သည်။

“ငတ်မွတ်မှုကိုဖယ်ရှားပေးရန် အမြော်အမြင်နှင့် ဇွဲအရှိဆုံးသော အားထုတ်လုပ်ဆောင်မှုများ” ပင်လျှင် လောဘ၊ နိုင်ငံရေးလှုပ်ရှားမှု၊ စစ်နှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်ပြားနိုင်သည်ဟု ထောက်ပံ့ရေးလုပ်သားတစ်ဦးကဆိုသည်။ ငတ်မွတ်မှုကိုဖယ်ရှားခြင်းသည် ဂရုစိုက်တတ်သူတို့ရင်ဆိုင်ရသော ပြဿနာများထဲမှ တစ်ခုသာဖြစ်၏။ ရောဂါ၊ ဆင်းရဲခြင်း၊ မတရားမှုနှင့် စစ်ကြောင့်ဖြစ်ပေါ်လာသည့် ဆင်းရဲခြင်းများကိုလည်း သူတို့တွန်းလှန်ကြရသည်။ သို့သော် သူတို့အောင်မြင်ပါသလော။

ထောက်ပံ့ရေးအေဂျင်စီတစ်ခု၏ အမှုဆောင်လူကြီးက ငတ်မွတ်မှုနှင့် နာကျင်မှုတို့ကိုဖယ်ရှားရန် “အမြော်အမြင်နှင့် ဇွဲရှိရှိ အားထုတ်လုပ်ဆောင်မှုများ” ပြုသူတို့သည် ယေရှုခရစ်၏ပုံဥပမာထဲမှ ကရုဏာစိတ်ရှိသည့် ရှမာရိလူနှင့်တူသည်ဟုဆို၏။ (လုကာ ၁၀:၂၉-၃၇) သို့သော် မည်သို့ပင်ပြုစေကာမူ ဆင်းရဲခံရသူအရေအတွက်မှာ တိုးများလာလျက်ပင်ဖြစ်သည်ဟု သူဆိုသည်။ ထို့ကြောင့် သူကဤသို့မေးခဲ့သည်– “အကယ်၍ ရှမာရိလူသည် ထိုခရီးစဉ်ကို နှစ်အတော်ကြာ နေ့စဉ်သွား၍ လမ်းဘေးတွင် လုယက်ခံရသူနောက်တစ်ဦးကို အပတ်စဉ်တွေ့လျှင် အဘယ်သို့ပြုသင့်သနည်း။”

‘စေတနာရှင်၏ သေလုမတတ် မောပန်းနွမ်းနယ်ခြင်း’ ဟုဆိုကြသည့်အတိုင်း စိတ်ဓာတ်ကျပြီး လက်မြှောက်အရှုံးပေးလိုက်ရန်လွယ်ပေမည်။ အမှန်တကယ်ဂရုစိုက်သူတို့မူကား အရှုံးမပေးကြသည်မှာ ချီးကျူးစရာဖြစ်သည်။ (ဂလာတိ ၆:၉၊ ၁၀) ဥပမာ၊ ဗြိတိန်၏ဂျူးဝိရှ်တယ်လီဂရပ်ဖ်သတင်းစာသို့ စာရေးခဲ့သူတစ်ဦးက နာဇီဂျာမနီခေတ်အတွင်း “အော့စ်ဝိချ်အကျဉ်းထောင်၏ ဆင်းရဲခြင်းများကိုခံနိုင်ရန် ထောင်နှင့်ချီသော ဂျူးလူမျိုးများကိုကူညီပေးခဲ့” ကြသည့် ယေဟောဝါသက်သေများကို ချီးကျူးခဲ့သည်။ စာရေးသူက “စားစရာနည်းသည့်အခါ သူတို့၏အစာကို ကျွန်ုပ်တို့၏ [ဂျူးလူမျိုး] ညီအစ်ကို၊ ညီအစ်မများနှင့်ဝေမျှစားခဲ့ကြ” သည်ဟုဆိုသည်။ သက်သေခံများသည် သူတို့၌ရှိထားရာများနှင့် တတ်နိုင်သမျှကြိုးစားကူညီပေးခဲ့ကြသည်။

သို့တိုင် စားစရာကို မည်မျှပင်ဝေစားကြပါစေ လူတို့၏ဆင်းရဲခြင်းများကို လုံးဝအဆုံးတိုင်စေနိုင်မည်မဟုတ်သည်က အမှန်ပင်ဖြစ်၏။ ဤသို့ဆိုခြင်းဖြင့် ကရုဏာရှင်များ၏လုပ်ဆောင်မှုများကို တန်ဖိုးလျှော့ချနေခြင်းမဟုတ်ပါ။ ဆင်းရဲခြင်းကိုအမှန်လျော့နည်းစေမည့် အဘယ်လုပ်ရပ်ကိုမဆို ပြုလုပ်ထိုက်ပေသည်။ ထိုသက်သေခံများသည် အကျဉ်းသားချင်းများ၏ဆင်းရဲခြင်းကို အနည်းအကျဉ်းသက်သာစေခဲ့ပြီး နောက်ဆုံးတွင် နာဇီဝါဒကျရှုံးခဲ့သည်။ သို့ရာတွင် ယင်းသို့သောဖိနှိပ်မှုကိုဖြစ်ပေါ်စေခဲ့သည့် ကမ္ဘာ့အစီအစဉ်မှာရှိနေဆဲဖြစ်ပြီး ကရုဏာမဲ့သူ ပေါများနေဆဲဖြစ်သည်။ အမှန်ဆိုလျှင် “ဆင်းရဲသောသူတို့ကို မြေကြီးပေါ်ကလည်းကောင်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲကလည်းကောင်း၊ ကိုက်စားပယ်ရှားစရာဖို့ သန်လျက်နှင့်တူသောသွား၊ ဓားနှင့်တူသောအံနှင့်ပြည့်စုံသော လူတစ်မျိုးရှိ၏။” (သု. ၃၀:၁၄) ဤသို့အဘယ်ကြောင့်ဖြစ်ရကြောင်း သင်သိကောင်းသိလိုပေမည်။

အဘယ်ကြောင့်ဆင်းရဲ၍ ဖိနှိပ်ခံရသနည်း

တစ်ကြိမ်က ယေရှုဤသို့ဆိုခဲ့သည်– “ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏။ သင်တို့အလိုရှိသည်အတိုင်း သူတို့အားကျေးဇူးပြုနိုင်၏။” (မာကု ၁၄:၇) ဆင်းရဲခြင်းနှင့် ဖိနှိပ်ခံရခြင်းသည် အစဉ်ရှိနေမည်ဟု ယေရှုဆိုလိုခဲ့ခြင်းလော။ လူအချို့ယူဆကြသကဲ့သို့ ဤသို့သောဆင်းရဲခြင်းမှာ ကရုဏာရှင်များအနေနှင့် မည်မျှဂရုစိုက်ကြောင်း တင်ပြခွင့်ရစေရန် ဘုရားသခင့်အစီအစဉ်တစ်ခုဖြစ်သည်ဟု ကိုယ်တော်ယူဆခဲ့သလော။ ယေရှု ထိုသို့မယူဆခဲ့ပါ! ဤအစီအစဉ်စနစ်တည်ရှိသ၍ ဆင်းရဲခြင်းရှိလိမ့်မည်ကို ကိုယ်တော်ဖော်ပြလိုခြင်းမျှဖြစ်၏။ သို့သော် မြေကြီးပေါ်တွင် ဤသို့သောအခြေအနေများရှိနေခြင်းမှာ ကောင်းကင်ခမည်းတော်၏ မူလရည်ရွယ်ချက်မဟုတ်ကြောင်းကိုလည်း ယေရှုသိတော်မူ၏။

ယေဟောဝါဘုရားသခင်သည် မြေကြီးကို ဆင်းရဲခြင်း၊ မတရားမှုနှင့် ဖိနှိပ်မှုတို့ဖြင့် ဘေးရောက်စေရန်မဟုတ်ဘဲ ပရဒိသုတစ်ခုဖြစ်ရန် ဖန်ဆင်းခဲ့၏။ ဘဝ၏ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးမည့် အံ့ဖွယ်ပြင်ဆင်မှုများကိုပြင်ဆင်ပေးခြင်းဖြင့် လူ့မိသားစုကိုမည်မျှဂရုစိုက်ကြောင်း ကိုယ်တော်ပြသခဲ့သည်။ ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့နေထိုင်ခဲ့ကြသော ဥယျာဉ်ကိုယ်နှိုက်၏အမည်ကိုသာ စဉ်းစားကြည့်ပါလေ! ၎င်းကို “ပျော်ရွှင်မှု” ဟုအဓိပ္ပာယ်ရှိသည့် ဧဒင်ဟုခေါ်ခဲ့သည်။ (ကမ္ဘာဦး ၂:၈၊ ၉) ငြီးငွေ့ဖွယ်ကောင်း၍ ဖိနှိပ်ချုပ်ချယ်သည့်ဝန်းကျင်တွင် လူသားများအသက်ဆက်ဖို့ လိုအပ်ရာများကိုသာ ယေဟောဝါကန့်သတ်ပေးထားခဲ့သည်မဟုတ်။ ဖန်ဆင်းခြင်းလုပ်ငန်းအပြီးတွင် မိမိပြုလုပ်ခဲ့ရာကိုသုံးသပ်ကာ “အလွန်ကောင်းသည်” ဟုယေဟောဝါကြေညာခဲ့သည်။—ကမ္ဘာဦး ၁:၃၁။

သို့ဖြစ်လျှင် ယနေ့ ကမ္ဘာပေါ်တွင် ဆင်းရဲခြင်း၊ ဖိနှိပ်ခြင်းနှင့် အခြားဆင်းရဲခြင်းများ အဘယ်ကြောင့်ဖြစ်ပေါ်နေရသနည်း။ ကျွန်ုပ်တို့၏ကနဦးမိဘများသည် ဘုရားသခင်ကိုပုန်ကန်ရန်ရွေးချယ်ခဲ့ကြသောကြောင့် မျက်မှောက်ခေတ် . . . အစီအစဉ်စနစ်တည်ရှိနေရခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃:၁-၅) ၎င်းက ဘုရားသခင်သည် မိမိ၏ဖန်ဆင်းရာများထံမှ နာခံမှုကိုတောင်းဆိုခြင်းသည် မှန်မမှန်ဟူသည့် မေးခွန်းကိုပေါ်ပေါက်စေသည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံ၏သားစဉ်မြေးဆက်များကို လွတ်လပ်စွာ အချိန်အကန့်အသတ်နေထိုင်ဖို့ ခွင့်ပြုခဲ့သည်။ လူ့မိသားစုအပေါ် ဖြစ်ပျက်လာမှုများကို ဘုရားသခင်ဂရုစိုက်ဆဲဖြစ်သည်။ မိမိအားပုန်ကန်ခြင်းကြောင့် ဖြစ်ပေါ်လာမည့်နစ်နာမှုမှန်သမျှကို ပပျောက်စေရန် ကိုယ်တော်ပြင်ဆင်ထားတော်မူ၏။ ယေဟောဝါသည် များမကြာမီ ဆင်းရဲခြင်းနှင့် ဖိနှိပ်ခံရခြင်း—အမှန်ဆိုလျှင် ဆင်းရဲမှုမှန်သမျှ—တို့ကို အဆုံးတိုင်စေပါလိမ့်မည်။—ဧဖက် ၁:၈-၁၀။

လူတို့ဖြေရှင်း၍မရသည့်ပြဿနာ

လူဖန်ဆင်းခံရချိန်မှစ၍ ရာစုနှစ်များတစ်လျှောက် လူသားတို့သည် ယေဟောဝါ၏စံနှုန်းများမှ ဝေးသည်ထက်ဝေးစွာ သွေဖည်ခဲ့ကြပြီ။ (တရားဟောရာ ၃၂:၄၊ ၅) ဘုရားသခင့်ပညတ်များနှင့်မူများကို လူတို့ဆက်၍ငြင်းပယ်ခဲ့ကြရာ သူတို့သည် တစ်ဦးနှင့်တစ်ဦးတိုက်ခိုက်ခဲ့ကြပြီး “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ခဲ့ကြပြီ။ (ဒေ. ၈:၉) လူမြောက်မြားစွာကို စိတ်ဆင်းရဲစေသော အရာခပ်သိမ်းကင်းရှင်းသည့် အမှန်ပင်တရားမျှတသော အဖွဲ့အစည်းကိုဆောင်ကြဉ်းပေးရန် ကြိုးပမ်းအားထုတ်မှုအားလုံးသည် ဘုရားသခင်၏ပိုင်သအုပ်စိုးမှုကို လက်အောက်ခံမည့်အစား မိမိတို့လမ်းစဉ်ကိုလိုက်လိုသူများ၏ အတ္တစိတ်ကြောင့် ပျက်ပြားခဲ့ပြီ။

အယူသီးမှုအဖြစ် လူအများပစ်ပယ်ကြမည့် အခြားပြဿနာတစ်ခုရှိသေးသည်။ ဘုရားသခင်အား ပုန်ကန်ရန်ဆွပေးသူသည် လူတို့ကိုဆိုးသွမ်း၍ ကိုယ်ကျိုးရှာစေကြရန် သွေးထိုးလှုံ့ဆော်ဆဲဖြစ်သည်။ သူကား စာတန်ဖြစ်၍ ယေရှုခရစ်ကသူ့ကို “ဤလောကကိုအစိုးရသောမင်း” ဟုခေါ်ဆိုခဲ့၏။ (ယောဟန် ၁၂:၃၁; ၁၄:၃၀; ၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉) တမန်တော်ယောဟန်အားပေးခဲ့သည့် အဆင်းအာရုံတွင် စာတန်ကို အမင်္ဂလာ၏အဓိကဇာစ်မြစ်—‘တစ်လောကလုံးကိုလှည့်ဖြား’ ခြင်းအတွက်တာဝန်ရှိသူ—အဖြစ်ဖော်ပြထားသည်။—ဗျာဒိတ် ၁၂:၈-၁၂။

အချို့သူတို့သည် မိမိတို့လူသားချင်းကို မည်မျှပင်ဂရုစိုက်ကြစေကာမူ စာတန်ကိုဖယ်ရှားရန် သို့မဟုတ် တိုးများလျက်ရှိသော သားကောင်များကိုမွေးမြူပေးသည့် ဤအစီအစဉ်စနစ်ကို ပြောင်းလဲရန် မည်သည့်အခါမျှတတ်နိုင်ကြမည်မဟုတ်ပါ။ သို့ဖြစ်လျှင် လူ့ပြဿနာများကိုဖြေရှင်းရန် အဘယ်အရာလိုအပ်သနည်း။ အဖြေမှာ ဂရုစိုက်တတ်သူတစ်ဦးရှိဖို့သာမဟုတ်ပါ။ စာတန်နှင့် သူ၏မတရားသည့် စနစ်တစ်ခုလုံးကိုဖယ်ရှားရန် ဆန္ဒကောတန်ခိုးပါရှိသူတစ်ဦးလိုပါသည်။

“အလိုတော်သည် . . . မြေကြီးပေါ်မှာပြည့်စုံ”

ဤဆိုးသွမ်းသည့်အစီအစဉ်စနစ်ကို ဖျက်ဆီးမည်ဟု ဘုရားသခင်ကတိပြုထားသည်။ ထိုသို့ပြုရန်လိုအပ်သည့် ဆန္ဒကောတန်ခိုးပါ ကိုယ်တော်၌ရှိတော်မူ၏။ (ဆာလံ ၁၄၇:၅၊ ၆; ဟေရှာယ ၄၀:၂၅-၃၁) ဒံယေလ၏ပရောဖက်ပြုကျမ်းတွင် ဤသို့ကြိုဟောထားသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်တောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၅) “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုဘုရားသခင်ထံဆုတောင်းဖို့ တပည့်တော်များကို ယေရှုခရစ်သင်ပေးသည့်အခါ တည်မြဲ၍ ကောင်းကျိုးပြုမည့် ဤကောင်းကင်အစိုးရကို ကိုယ်တော်ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။—မဿဲ ၆:၉၊ ၁၀။

ယေဟောဝါသည် လူ့မိသားစုကို အမှန်ပင်ဂရုစိုက်တော်မူသောကြောင့် ထိုသို့သောဆုတောင်းချက်များကို ကိုယ်တော်နားညောင်းပါလိမ့်မည်။ ဆာလံ ၇၂ မှပရောဖက်ပြုစကားများအရ ဘုရားသခင်သည် ယေရှု၏အုပ်ချုပ်မှုကိုထောက်ခံသည့် ဆင်းရဲနွမ်းပါးသူ၊ ဝေဒနာခံစားရသူနှင့် ဖိနှိပ်ခံရသူများကို အစဉ်အမြဲကယ်လွှတ်ပေးရန် သားတော်ယေရှုခရစ်ကို အာဏာအပ်နှင်းမည်ဖြစ်သည်။ ထို့ကြောင့် မှုတ်သွင်းခံဆာလံဆရာက ဤသို့သီဆိုခဲ့၏– “ထိုမင်း [ဘုရားသခင်၏မေရှိယဘုရင်] သည် ကိုယ်တော်၏လူတို့တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက်ပါလိမ့်မည်။ . . . ငတ်မွတ်သောသူအော်ဟစ်သောအခါ၊ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍၊ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍၊ သူတို့အသွေးကိုနှမြောတော်မူလိမ့်မည်။”—ဆာလံ ၇၂:၄၊ ၁၂-၁၄။

ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်သည့်အဆင်းအာရုံတွင် ဘုရားသခင်တည်ထောင်ထားသော လုံးဝသစ်လွင်သည့်အစီအစဉ်စနစ်တစ်ခု၊ “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ကို တမန်တော်ယောဟန်မြင်တွေ့ခဲ့သည်။ ဆင်းရဲခံနေရသူများအတွက် ကောင်းချီးတစ်ခုပါတကား! ယေဟောဝါပြုမည့်အရာကို ကြိုဟောရာတွင် ယောဟန်ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်း၊ ငါသည် ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တစ်ဖန်တုံ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။”—ဗျာဒိတ် ၂၁:၁-၅။

မှန်ပါသည်၊ ဤစကားများသည် သစ္စာစကား၊ ဟုတ်မှန်သောစကားများဖြစ်သောကြောင့် ကျွန်ုပ်တို့ယုံကြည်နိုင်ပါသည်။ ယေဟောဝါသည် မကြာမီ မြေကြီးပေါ်မှ ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း၊ ဖိနှိပ်ခံရခြင်း၊ ဖျားနာခြင်းနှင့် မတရားမှုဟူသ၍ကို ဖယ်ရှားပါလိမ့်မည်။ ဤမဂ္ဂဇင်း၌ ကျမ်းချက်များဖြင့် ညွှန်ပြလေ့ရှိသည့်အတိုင်း ကျွန်ုပ်တို့သည် ဤကတိတော်များပြည့်စုံမည့်အချိန်တွင် အသက်ရှင်နေကြောင်း သက်သေအထောက်အထားများစွာက ဖော်ပြသည်။ ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်မှာ လက်တစ်ကမ်း၌ရှိသည်! (၂ ပေတရု ၃:၁၃) ယေဟောဝါသည် မကြာမီ “သေခြင်းကိုအစဉ်အမြဲပယ်ဖျက်” ၍ “ခပ်သိမ်းသောမျက်နှာမှ မျက်ရည်ကိုသုတ်တော်မူ” လိမ့်မည်။—ဟေရှာယ ၂၅:၈၊ သမ။

ထိုသို့မဖြစ်မီ ယခုပင်လျှင် အမှန်ဂရုစိုက်သူများရှိသောကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်နိုင်သည်။ သာ၍ဝမ်းမြောက်ဖွယ်အကြောင်းတစ်ခုမှာ ယေဟောဝါဘုရားသခင်ကိုယ်တိုင် အမှန်ပင်ဂရုစိုက်ခြင်းဖြစ်သည်။ မကြာမီ ဖိနှိပ်ခံရခြင်းနှင့် ဆင်းရဲခြင်းမှန်သမျှကို ကိုယ်တော်ဖယ်ရှားပစ်ပါလိမ့်မည်။

ယေဟောဝါ၏ကတိတော်များကို သင်လုံးဝယုံကြည်စိတ်ချနိုင်ပါသည်။ ကိုယ်တော်၏ကျေးကျွန်ယောရှုသည် အမှန်ပင်ယုံကြည်ခဲ့၏။ ဘုရားသခင့်ရှေးခေတ်လူမျိုးတော်ကို သူကဤသို့ခြွင်းချက်မရှိပြောခဲ့သည်– “သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည်စိတ်နှလုံးထဲမှာသိကြ၏။” (ယောရှု ၂၃:၁၄) ထို့ကြောင့် . . . အသင်ရင်ဆိုင်ရနိုင်သည့် စမ်းသပ်မှုများ၏ လွှမ်းမိုးဖိစီးခြင်းကိုမခံပါနှင့်။ ယေဟောဝါသည် အမှန်ပင်ဂရုစိုက်တော်မူသောကြောင့် သင်၏စိုးရိမ်ပူပန်မှုမှန်သမျှကို ကိုယ်တော်၌ချထားပါလေ။—၁ ပေတရု ၅:၇။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်ကတိထာရာ ကမ္ဘာသစ်တွင်မြေကြီးသည် ဆင်းရဲခြင်း၊ ဖိနှိပ်ခံရခြင်း၊ဖျားနာခြင်းနှင့် မတရားမှုတို့ကင်းရှင်းတော့မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ