စာရှုသူများထံမှမေးခွန်းလွှာ
ယေဟောဝါသည် အာဗြဟံနှင့် မိမိ၏ပဋိညာဉ်ကို ဥရမြို့တွင်ဖွဲ့ခဲ့သလော၊ ခါရန်မြို့တွင်ဖွဲ့ ခဲ့သလော။
အာဗြဟံနှင့် ယေဟောဝါပဋိညာဉ်ဖွဲ့ ခဲ့သည့် ဦးဆုံးမှတ်တမ်းကို ကမ္ဘာဦး ၁၂:၁-၃ ၌တွေ့ရ၍ ဤသို့ဆိုသည်– “ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍ ‘သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲကထွက်ပြီးလျှင် ငါပြလတ္တံ့သောပြည်သို့သွားလော့။ ငါသည် သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ . . . သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်’ ဟုမိန့်တော်မူ၏။”a ယေဟောဝါသည် ဥရမြို့၌ အာဗြဟံနှင့် ဤပဋိညာဉ်ကိုဖွဲ့ ခဲ့ပြီး ခါရန်မြို့၌ သူရှိစဉ် ၎င်းကိုထပ်မံအတည်ပြုခဲ့သည်။
အာဗြဟံသည် ခါနာန်ပြည်သို့ ပြောင်းရွှေ့ရမည်ဟူသော ယေဟောဝါ၏အမိန့်တော်ကို ပထမရာစုတွင် သတေဖန်က ကိုးကားဖော်ပြခဲ့သည်။ ဆဲန်ဟီဒရင်အား သူဤသို့ပြောဆိုခဲ့သည်– “ငါတို့အဘအာဗြဟံသည်၊ခါရန်မြို့၌မနေမီ၊ မေသောပေါတာမိတိုင်း၌ရှိစဉ်အခါ၊ ဘုန်းကြီးတော်မူသောဘုရားသခင်သည် ထင်ရှားတော်မူ၍၊ ‘သင်နေသောပြည်နှင့်တကွ အမျိုးသားချင်းများထဲကထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့သွားလော့’ ဟုအာဗြဟံအားမိန့်တော်မူ၏။” (တမန်တော် ၇:၂၊ ၃) အာဗြဟံသည် မူလက ဥရမြို့မှဖြစ်ပြီး သတေဖန်ဖော်ပြခဲ့သည့်အတိုင်း ခါနာန်ပြည်သို့သွားဖို့အမိန့်ကို ထိုမြို့တွင်ဦးဆုံးကြားခဲ့ရသည်။ (ကမ္ဘာဦး ၁၅:၇; နေဟမိ ၉:၇) အာဗြဟံနှင့် ဘုရားသခင်ပဋိညာဉ်ဖွဲ့ကြောင်း သတေဖန်မဖော်ပြခဲ့သော်လည်း ကမ္ဘာဦး ၁၂:၁-၃ တွင် ထိုပဋိညာဉ်ကို ခါနာန်ပြည်သို့သွားဖို့အမိန့်နှင့် ဆက်စပ်ထားသည်။ ထို့ကြောင့် ယေဟောဝါသည် ဥရမြို့တွင် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ ခဲ့သည်ဟုယူမှတ်ခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။
သို့ရာတွင် ကမ္ဘာဦးကျမ်းမှတ်တမ်းကို အသေအချာဖတ်ရှုကြည့်ရာ၌ နောက်ပိုင်းတွင် ယင်းအချက်များကို ယေဟောဝါသည် ထပ်မံမိန့်ဆို အကျယ်ချဲ့ခဲ့သည်နည်းတူ ကိုယ်တော်သည် ခါရန်မြို့တွင် မိမိ၏ပဋိညာဉ်ကို အာဗြဟံအား ပြန်ဖော်ထုတ်ပြောဆိုခဲ့သည်။ (ကမ္ဘာဦး ၁၅:၅; ၁၇:၁-၅; ၁၈:၁၈; ၂၂:၁၆-၁၈) ကမ္ဘာဦး ၁၁:၃၁၊ ၃၂ အရ၊ အာဗြဟံ၏ဖခင် တေရသည် အာဗြဟံ၊ စာရာနှင့် လောတတို့နှင့်အတူ ခါနာန်ပြည်သို့သွားရန် ဥရမြို့မှထွက်ခွာခဲ့သည်။ ခါရန်မြို့သို့ သူတို့ရောက်ရှိခဲ့ပြီး ထိုတွင် တေရသေဆုံးသည့်အထိ နေထိုင်ခဲ့ကြသည်။ အာဗြဟံသည် ခါရန်မြို့တွင် ပစ္စည်းဥစ္စာအတော်အတန်စုဆောင်းဖို့ အချိန်ရခဲ့သည်။ (ကမ္ဘာဦး ၁၂:၅) တစ်ချိန်တွင် အာဗြဟံ၏အစ်ကိုနာခေါ်သည်လည်း ထိုမြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။
တေရသေဆုံးခြင်းကို မှတ်တမ်းတင်ပြီးနောက် အာဗြဟံအားမိန့်တော်မူသော ယေဟောဝါ၏ဤစကားကို ကျမ်းချက်ကဆက်ဖော်ပြသည်– “ထိုသို့ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း အာဗြံထွက်သွား . . . လေ၏။” (ကမ္ဘာဦး ၁၂:၄) ထို့ကြောင့် ယေဟောဝါသည် ကမ္ဘာဦး ၁၂:၁-၃ မှမှတ်တမ်းတင်စကားများကို တေရသေဆုံးပြီးနောက်မှ မိန့်ဆိုခဲ့ကြောင်း ကမ္ဘာဦး ၁၁:၃၁–၁၂:၄ က အခိုင်အမာသဘောသက်ရောက်စေသည်။ ထိုသို့ဖြစ်လျှင်၊ အာဗြဟံသည် အစောပိုင်းနှစ်များက ဥရမြို့၌ ဦးဆုံးကြားခဲ့ဖူးသည့် အမိန့်တော်နှင့်အတူ ခုလေးတင်ကြားခဲ့ရသော အမိန့်တော်ကိုတုံ့ပြန်သည့်အနေနှင့် ခါရန်မြို့မှထွက်ခွာ၍ ယေဟောဝါဖော်ပြသည့်ပြည်သို့ ပြောင်းရွှေ့ခဲ့သည်။
ကမ္ဘာဦး ၁၂:၁ အရ၊ ယေဟောဝါက ‘သင်၏ပြည်နှင့်တကွ အမျိုးသားချင်းများနှင့် သင့်ဖခင်၏နေအိမ်မှထွက်ပြီးလျှင် ငါပြလတ္တံ့သောပြည်သို့သွားလော့’ ဟု အာဗြဟံအားမိန့်မှာခဲ့သည်။ တစ်ချိန်တစ်ခါက ဥရမြို့သည် အာဗြဟံ၏ ‘ပြည်’ ဖြစ်ပြီး ထိုတွင် သူ့ဖခင်၏ ‘နေအိမ်’ ရှိခဲ့သည်။ သို့သော် အာဗြဟံ၏ဖခင်သည် သူ၏အိမ်ထောင်စုကို ခါရန်မြို့သို့ရွှေ့ပြောင်းခဲ့ပြီး ထိုနေရာကို အာဗြဟံက မိမိ၏ပြည်ဟုခေါ်ဆိုခဲ့သည်။ ခါနာန်ပြည်၌ နှစ်များစွာကြာပြီးနောက် သူသည် ဣဇာက်အတွက် မိန်းမတစ်ဦးရှာပေးဖို့ ‘သူ့ပြည် သူ့အမျိုးသားချင်းများ’ ထံသို့ မိမိ၏ဘဏ္ဍာစိုးကို စေလွှတ်သောအခါ ဘဏ္ဍာစိုးသည် (ခါရန်မြို့ သို့မဟုတ် ၎င်းမြို့အနီးတစ်ဝိုက်ရှိ) “နာခေါ်မြို့” သို့သွားရောက်ခဲ့၏။ (ကမ္ဘာဦး ၂၄:၄၊ ၁၀) ထိုတွင် ဘဏ္ဍာစိုးသည် အာဗြဟံ၏ဆွေမျိုးသားချင်းများဖြစ်သော နာခေါ်၏မိသားစုကြီးအလယ်တွင် ရေဗက္ကကိုတွေ့ ရှိခဲ့သည်။—ကမ္ဘာဦး ၂၂:၂၀-၂၄; ၂၄:၁၅၊ ၂၄၊ ၂၉; ၂၇:၄၂၊ ၄၃။
ဆဲန်ဟီဒရင်အား သတေဖန်ကဤသို့ပြောခဲ့သည်– “သူ [အာဗြဟံ] ၏အဘသေလွန်သည်ရှိသော်၊ ယခုသင်တို့နေသောဤပြည်သို့ ထိုမြို့မှပြောင်းစေတော်မူ၏။” (တမန်တော် ၇:၄) ယင်းက အာဗြဟံကိုခါရန်မြို့၌ ယေဟောဝါမိန့်ဆိုခဲ့ကြောင်း ဖော်ပြသည်။ ကမ္ဘာဦး ၁၂:၁-၃ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ထိုအခါသမယ၌ ယေဟောဝါသည် အာဗြဟံနှင့်ဖွဲ့ထားသော မိမိ၏ပဋိညာဉ်ကို ထပ်မံမိန့်ဆိုခဲ့သည်ဟု ယူမှတ်ခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်၊ အကြောင်းမှာ ခါနာန်ပြည်ထဲသို့ အာဗြဟံပြောင်းရွှေ့ခဲ့သည့်အခါ ပဋိညာဉ်အကျိုးသက်ရောက်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အဖြစ်အပျက်အားလုံးကို သုံးသပ်ကြည့်ရာ ယေဟောဝါသည် အာဗြဟံနှင့် မိမိ၏ပဋိညာဉ်ကို မူလက ဥရမြို့တွင်ဖွဲ့ ခဲ့ပြီး ခါရန်မြို့၌ ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်မည်ဟု ကောက်ချက်ချစေသည်။
[အောက်ခြေမှတ်ချက်]
a ခါနာန်ပြည်တွင် အာဗြဟံအသက် ၉၉ နှစ်ရှိသောအခါ ယေဟောဝါသည် အာဗြံကို အာဗြဟံဟုအမည်ပြောင်းခဲ့သည်။—ကမ္ဘာဦး ၁၇:၁၊ ၅။