ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၁/၁၅ စာ. ၂၄-၂၆
  • ဆစ်သီယန်းများ  ပဟေဠိဆန်သောရှေးခေတ်လူသားများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆစ်သီယန်းများ  ပဟေဠိဆန်သောရှေးခေတ်လူသားများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြင်းစီးသူရဲကောင်းများ
  • ထာဝစဉ်အတွက် ဖြည့်ဆည်းထားသောသင်္ချိုင်းဂူများ
  • ဆစ်သီယန်းများနှင့် သမ္မာကျမ်းစာ
  • ပဟေဠိဆန်ဆန်ပျောက်ကွယ်မှု
  • သင်မှတ်မိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၁/၁၅ စာ. ၂၄-၂၆

ဆစ်သီယန်းများ  ပဟေဠိဆန်သောရှေးခေတ်လူသားများ

မြင်းကုန်းနှီးရှိအိတ်များတွင် ပစ္စည်းအပြည့်ဖြင့် ခြေသလုံးအိမ်ပါလူမျိုး၏မြင်းတပ်သည် ဖုန်မှုန့်တောထဲ ဒုန်းစိုင်းနေသည်။ အဆိုပါပဟေဠိဆန်သောလူသားများသည် ဘီ.စီ.အီး. ၇၀၀ ခန့်မှ ၃၀၀ အထိ ယူရေရှားစတက်လွင်ပြင်တွင် အုပ်ချုပ်ခွင့်ရရှိခဲ့ကြသည်။ ထို့နောက် သူတို့ပျောက်ကွယ်သွားကြသည်—သို့သော် သမိုင်းတစ်နေရာတွင် မှတ်တမ်းတင်ခံရပြီးနောက်၌သာဖြစ်သည်။ သမ္မာကျမ်းစာ၌ပင် သူတို့အကြောင်းဖော်ပြထားသည်။ သူတို့ကား ဆစ်သီယန်းများဖြစ်ကြ၏။

ခြေသလုံးအိမ်ပါလူမျိုးများနှင့် မြင်းရိုင်းအုပ်တို့သည် ဥရောပအရှေ့ပိုင်း ကာရ်ပေသီယမ်တောင်များမှ ယခု ရုရှားအရှေ့တောင်ပိုင်းအထိ ကျယ်ပြန့်သော မြက်ခင်းပြင်များတွင် ရာစုနှစ်ချီ၍ လှည့်လည်နေထိုင်ခဲ့ကြသည်။ ဘီ.စီ.အီး. ရှစ်ရာစုတိုင်သော် တရုတ်ဧကရာဇ်ရှူအန်း၏ စစ်ချီတိုက်ခိုက်မှုကြောင့် အနောက်ဘက်သို့ လူအများပြောင်းရွှေ့ခဲ့ရသည်။ အနောက်ဘက်သို့ပြောင်းရွှေ့ကြစဉ် ဆစ်သီယန်းများသည် ကော့ကေးဆပ်နှင့် ပင်လယ်နက်မြောက်ဘက်ဒေသကို အုပ်ချုပ်သော ဆီမီရီယန်းများကို တိုက်ခိုက်၍မောင်းထုတ်ခဲ့လေသည်။

ဆစ်သီယန်းများသည် စည်းစိမ်ဥစ္စာရှာဖွေရာတွင် အာဆီးရီးယန်း၏မြို့တော်၊ နီနေဗှေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ နောက်ပိုင်း၌ သူတို့သည် အာဆီးရီးယားနှင့် မဟာမိတ်ဖွဲ့ကာ မေဒိနိုင်ငံ၊ ဘေဘီလိုနီးယားနိုင်ငံနှင့် အခြားနိုင်ငံများကို တိုက်ခိုက်ခဲ့သည်။ အီဂျစ်မြောက်ပိုင်းအထိပင် သူတို့သွားရောက်တိုက်ခိုက်ခဲ့၏။ အစ္စရေးအရှေ့မြောက်ပိုင်းမှ ဗက်ရှန်မြို့ကို နောက်ပိုင်းတွင် ဆစ်သိုပေါလစ္စမြို့ဟုခေါ်ခဲ့ခြင်းက ဆစ်သီယန်းများ ထိုတွင်နေထိုင်ခဲ့သည်ကို ဖော်ပြပေမည်။—၁ ဓမ္မရာဇဝင် ၃၁:၁၁၊ ၁၂။

နောက်ဆုံး၌ ဆစ်သီယန်းများသည် မျက်မှောက်ခေတ် ရိုမေးနီးယား၊ မော်လ်ဒိုဗာ၊ ယူကရိန်းနှင့် ရုရှားတောင်ပိုင်းစတက်လွင်ပြင်များတွင် အခြေချခဲ့ကြသည်။ ထိုတွင် သူတို့သည် ဂရိလူမျိုးနှင့် မျက်မှောက်ခေတ် ယူကရိန်းနှင့်ရုရှားတောင်ပိုင်းရှိ ဂျုံစပါးစိုက်ပျိုးသူများကြား ပွဲစားလုပ်ကြခြင်းအားဖြင့် ချမ်းသာကြွယ်ဝလာခဲ့ကြသည်။ ဆစ်သီယန်းများသည် ဂျုံစပါး၊ ပျားရည်၊ သားမွေးနှင့် ကျွဲနွားတိရစ္ဆာန်တို့ကို ဂရိဝိုင်၊ အထည်များ၊ လက်နက်များနှင့် ပန်းချီပန်းပုကားချပ်များအတွက် လဲလှယ်ကူးသန်းရောင်းဝယ်ခဲ့ကြသည်။ ဤနည်းဖြင့် သူတို့သည် အလွန့်အလွန်ချမ်းသာလာခဲ့ကြသည်။

မြင်းစီးသူရဲကောင်းများ

စတက်လွင်ပြင်စစ်သူရဲများအတွက် မြင်းသည် ကန္တာရမှလူများအတွက် ကုလားအုတ်ကဲ့သို့ဖြစ်၏။ ဆစ်သီယန်းများသည် အလွန်ကျွမ်းကျင်သော မြင်းစီးသူရဲများဖြစ်ကြပြီး မြင်းကုန်းနှီးနှင့် မြင်းစီးခြေနင်းကွင်းကို ဦးဆုံးအသုံးပြုခဲ့ကြ၏။ သူတို့သည် မြင်းသားကိုစား၍ မြင်းနို့ကို သောက်ကြသည်။ အမှန်ဆိုရလျှင် ယဇ်ပူဇော်ရာတွင်ပင် သူတို့သည် မြင်းများကိုအသုံးပြုခဲ့ကြ၏။ ဆစ်သီယန်းစစ်သူရဲတစ်ဦးသေဆုံးသောအခါ သူ၏မြင်းကိုပါသတ်၍ မြင်းကကြိုးတန်ဆာအပြည့်အစုံဆင်ယင်ပြီး ဂုဏ်ပြုသင်္ဂြိုဟ်လေ့ရှိသည်။

သမိုင်းဆရာဟဲရိုဒိုတပ်စ်၏အဆိုအရ ဆစ်သီယန်းများသည် အရက်ခွက်များအဖြစ် သူတို့သတ်ခဲ့သူများ၏ ဦးခေါင်းခွံများကို အသုံးပြုခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်သော အလေ့အထများရှိကြသည်။ ရန်သူများကို ဝင်ရောက်တိုက်ခိုက်ရာတွင် သူတို့သည် သံဓားများ၊ ရဲတင်းများ၊ လှံများ၊ မြားထစ်များဖြင့် သတ်ဖြတ်ဖျက်ဆီးလေ့ရှိသည်။

ထာဝစဉ်အတွက် ဖြည့်ဆည်းထားသောသင်္ချိုင်းဂူများ

ဆစ်သီယန်းများသည် စုန်းကဝေအတတ်နှင့် နတ်ဘာသာအတတ်ကို လိုက်စားကြပြီး မီးနှင့်မယ်တော်နတ်ဘုရားမကို ကိုးကွယ်ကြသည်။ (တရားဟောရာ ၁၈:၁၀-၁၂) သင်္ချိုင်းဂူကို သေလွန်သူများ၏နေအိမ်အဖြစ် သူတို့ယူမှတ်ကြသည်။ သေလွန်သူအရှင်သခင် အသုံးပြုဖို့ ကျေးကျွန်များနှင့်တိရစ္ဆာန်များကို ပူဇော်ခဲ့ကြသည်။ ပစ္စည်းဥစ္စာနှင့် အခြွေအရံများသည် “နောင်ဘဝ” သို့စော်ဘွားများနှင့်အတူ လိုက်ပါသွားရသည်။ တော်ဝင်သင်္ချိုင်းတစ်ခုတွင် ပြန်ထရန်နှင့် တာဝန်များထမ်းဆောင်ရန် အသင့်အနေအထားမျိုးဖြင့် ကျွန်ယောက်ျားငါးဦးကို သခင်ဘက်သို့ ခြေဆင်းလှဲလျောင်းမြှုပ်ထားသည်ကို တွေ့ရှိရ၏။

အုပ်ချုပ်သူများကို လက်ဆောင်ပစ္စည်းအလျှံပယ်ဖြင့် သင်္ဂြိုဟ်၍ ဝမ်းနည်းငိုကြွေးချိန်အတွင်း ဆစ်သီယန်းတို့သည် သူတို့သွေးကိုသွန်းပြီး ဆံပင်ရိတ်ပစ်လိုက်ကြသည်။ ဟဲရိုဒိုတပ်စ်က ဤသို့ရေးခဲ့၏– “သူတို့၏နားရွက်တစ်စိတ်တစ်ပိုင်းကိုဖြတ်၊ ခေါင်းတုံး၍ လက်မောင်းပတ်ပတ်လည်လှီးရှကာ နဖူးနှင့်နှာခေါင်းများကို အနာတရဖြစ်စေပြီး လက်ဝဲလက်ကို မြားနှင့်ထိုးဖောက်ကြသည်။” ယင်းနှင့်ဆန့်ကျင်လျက် တစ်ခေတ်တည်းရှိ ဣသရေလလူမျိုးကိုပေးသော ဘုရားသခင့်ပညတ်က ဤသို့မိန့်ဆိုခဲ့၏– “သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ။”—ဝတ်ပြုရာ ၁၉:၂၈။

ဆစ်သီယန်းတို့၏ကူရ်ဂါန် (အုတ်ဂူ) များထောင်နှင့်ချီကျန်ရှိ၏။ ကူရ်ဂါန်များတွင်တွေ့ရှိသော အဆင်တန်ဆာများစွာတို့သည် ဆစ်သီယန်းလူမျိုး၏နေ့စဉ်ဘဝအသက်တာကို ပုံဖော်သည်။ ရုရှားဇာဘုရင်မဟာပီတာသည် ၁၇၁၅ ခုနှစ်တွင် ဤအရာများကို စတင်စုဆောင်ခဲ့ပြီး ယခု အဆိုပါဖိတ်ဖိတ်တောက်အရာဝတ္ထုများကို ရုရှားနှင့်ယူကရိန်းရှိ ပြတိုက်များတွင် တွေ့ရှိနိုင်သည်။ ဤ “တိရစ္ဆာန်ပန်းချီပန်းပုအနုပညာ” တွင်မြင်းများ၊ လင်းယုန်များ၊ သိမ်းငှက်များ၊ ကြောင်များ၊ ကျားသစ်များ၊ ချေဆတ်၊ သမင်ဒရယ်များ၊ ငှက်နရားများနှင့် ခြင်္သေ့နရားများ (အတောင်ပံ သို့မဟုတ် အတောင်ပံမပါသော တိရစ္ဆာန်တစ်ကောင်၏ကိုယ်ခန္ဓာနှင့် အခြားတိရစ္ဆာန်တစ်ကောင်၏ခေါင်းရှိသည့် စိတ်ကူးယဉ်သတ္တဝါပုံများ) ပါဝင်သည်။

ဆစ်သီယန်းများနှင့် သမ္မာကျမ်းစာ

သမ္မာကျမ်းစာသည် ဆစ်သီယန်းလူမျိုးအကြောင်း တစ်ကြိမ်တည်းသာ တိုက်ရိုက်ဖော်ပြ၏။ ကောလောသဲ ၃:၁၁ ၌ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာ ခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိ[ဆစ်သီယန်း]လူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။” ခရစ်ယာန်တမန်တော်ပေါလုက ဤစကားများကိုရေးခဲ့စဉ် “ဆစ်သီယန်း” ဟုဘာသာပြန်ဆိုထားသော ဂရိဝေါဟာရသည် လူမျိုးတစ်မျိုးကိုဆိုလိုခြင်းမဟုတ်ဘဲ ရိုင်းစိုင်းသူတို့တွင် အရိုင်းဆုံးသူကို ဆိုလိုခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သောသူများပင်လျှင် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအား၏ လွှမ်းမိုးမှုခံရပါက ဘုရားသခင်ရေးရာအရည်အသွေးများကို ယူတင်ဝတ်ဆင်နိုင်သည်ဟု ပေါလုဖော်ပြနေခြင်းဖြစ်၏။—ကောလောသဲ ၃:၉၊ ၁၀။

ယေရမိ ၅၁:၂၇ ၌တွေ့ရှိရသော အာရှကေနတ်ဟူသောအမည်သည် ဆစ်သီယန်းများကို ဆီးရီးယားစကားဖြင့် ခေါ်ခဲ့သည့် အာရှဂူဇေဖြစ်သည်ဟု ရှေးဟောင်းသုတေသနပညာရှင်အချို့က ယုံကြည်ကြသည်။ ဘီ.စီ.အီး. ခုနစ်ခုမြောက်ရာစုတွင် ဆီးရီးယားကို တော်လှန်ပုန်ကန်ခဲ့ရာ ဤလူတို့နှင့် မဲန်နိုင်တို့သည် မဟာမိတ်ဖွဲ့ခဲ့ကြောင်း မြားသွားသဏ္ဌာန်ကျောက်ပြားစာများ၌ ဖော်ပြထားသည်။ ယေရမိပရောဖက်မပြုမီလေးတွင် ဆစ်သီယန်းများသည် အီဂျစ်သို့သွားစဉ် ယုဒနိုင်ငံကို ဘေးမပြုဘဲဖြတ်သန်းခဲ့ကြသည်။ ထို့ကြောင့် ယုဒနိုင်ငံကို မြောက်ပိုင်းမှတိုက်ခိုက်မည်အကြောင်း သူကြိုဟောခဲ့သည်ကိုကြားဖူးသူအများသည် သူ၏ပရောဖက်ပြုချက်၏ တိကျမှန်ကန်မှုကို သံသယဝင်ခဲ့ကြပေမည်။—ယေရမိ ၁:၁၃-၁၅။

“လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗုလုန်သတို့သမီး စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍ သင်ရှိရာသို့ချီလာကြလိမ့်မည်” ဟူ၍ဆိုသည့် ယေရမိ ၅၀:၄၂ တွင် ဆစ်သီယန်းများကို ရည်ညွှန်းသည်ဟု ကျမ်းပညာရှင်အချို့က ယူဆကြသည်။ သို့သော် ဤအခန်းငယ်သည် မူလတွင် ဘီ.စီ.အီး. ၅၃၉ ခုနှစ်၌ ဗာဗုလုန်ကို အနိုင်ရခဲ့သော မေဒိနှင့်ပေရသိလူမျိုးကို အဓိကရည်ညွှန်းနေခြင်းဖြစ်သည်။

ယေဇကျေလအခန်းကြီး ၃၈ နှင့် ၃၉ တွင်ဖော်ပြထားသော “မာဂေါဂပြည်” သည်ဆစ်သီယန်းလူမျိုးစုများကို ရည်ညွှန်းသည်ဟုဆိုကြ၏။ သို့သော် “မာဂေါဂပြည်” သည်ပုံဆောင်စကားဖြစ်သည်။ ယင်းသည် ကောင်းကင်၌စစ်ဖြစ်ပြီးနောက် စာတန်နှင့် သူ၏ကောင်းကင်တမန်များ နှင်ချခံလိုက်ရသည့် မြေကြီးဝန်းကျင်အရပ်ကို ရည်ညွှန်းနေကြောင်း ထင်ရှားပါသည်။—ဗျာဒိတ် ၁၂:၇-၁၇။

နီနေဗှေးမြို့ပျက်စီးမည့်အကြောင်း ကြိုဟောထားသည့် နာဟုံ၏ပရောဖက်ပြုချက် ပြည့်စုံခြင်းတွင် ဆစ်သီယန်းများပါဝင်သည်။ (နာဟုံ ၁:၁၊ ၁၄) အာဆီးရီးယန်းအင်ပါယာကျရှုံးခဲ့သည့် ဘီ.စီ.အီး. ၆၃၂ ခုနှစ်တွင် ကယ်လ်ဒီးယန်း၊ ဆစ်သီယန်းနှင့် မေသိတို့သည် နီနေဗှေးမြို့ကို လုယက်တိုက်ခိုက်ခဲ့ကြ၏။

ပဟေဠိဆန်ဆန်ပျောက်ကွယ်မှု

ဆစ်သီယန်းလူမျိုးများ ပျောက်ကွယ်ခဲ့ပြီ၊ အဘယ်ကြောင့်နည်း။ “ဘာဖြစ်သွားသလဲဆိုတာ ကျွန်တော်တို့ လုံးဝမသိတာအမှန်ပဲ” ဟုယူကရိန်းရှေးဟောင်းသုတေသနပညာရှင် အကြီးအမှူးတစ်ဦးက ဆိုသည်။ ဆစ်သီယန်းလူများသည် ပေါများကြွယ်ဝမှုကို ကြိုက်နှစ်သက်မှုက အင်အားဆုတ်ယုတ်စေကာ ဘီ.စီ.အီး. ပထမရာစုနှင့် ဒုတိယရာစုတို့တွင် အာရှမှ ခြေသလုံးအိမ်ပါအုပ်စုအသစ်—ဆာမာလျှန်များ—လက်အောက် ကျရှုံးပျောက်ကွယ်သွားသည်ဟု အချို့ကယူဆကြ၏။

ဆစ်သီယန်းလူမျိုးစုအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ပျောက်ကွယ်သွားသည်ဟု အခြားသူများက ဆိုပြန်သည်။ ဆစ်သီယန်းလူမျိုးအကြွင်းအကျန်ကို ကော့ကေးဆပ်ပြည်နယ်၊ အော့ဆက်တီယန်းလူမျိုးတွင် တွေ့ရှိရသည်ဟုဆိုသူများလည်း ရှိသေးသည်။ မည်သို့ပင်ဖြစ်ပါစေ၊ ပဟေဠိဆန်သော ဤရှေးခေတ်လူသားများသည် လူ့သမိုင်းတွင် အမှတ်ထင်ကျန်ခဲ့၏၊ ဆစ်သီယန်းဟူသောအမည်သည် ရက်စက်ကြမ်းကြုတ်မှု၏ ကြောင်းတူသံကွဲစကားလုံး ဖြစ်စေခဲ့သည်။

[စာမျက်နှာ ၂၄ ပါ မြေပုံ]

(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

◻ ရှေးခေတ်မြို့တော်

• မျက်မှောက်ခေတ်မြို့တော်

ဒဲန်းညုမြစ်

ဆစ်သီယာ ← နေရာရွှေ့ပြောင်းသည့် လမ်းကြောင်း

• ကီယက်ဗ်

ဒနီပါမြစ်

ဒနစ္စတာမြစ်

ပင်လယ်နက်

အော့ဆက်တီယာ

ကော့ကေးဆပ်တောင်များ

ကတ်စ်ပီယံပင်လယ်

အာဆီးရီးယား ← ချင်းနင်းဝင်ရောက် တိုက်ခိုက်သည့်လမ်းကြောင်းများ

◻ နီနေဗှေး

တိုက်ဂရစ္စမြစ်

မေဒိ ← ချင်းနင်းဝင်ရောက် တိုက်ခိုက်သည့်လမ်းကြောင်းများ

မက်ဆိုပိုတေးမီးယား

ဘေဘီလိုနီးယား ← ချင်းနင်းဝင်ရောက်တိုက်ခိုက်သည့်လမ်းကြောင်းများ

◻ ဗာဗုလုန်

ယူဖရေးတီးစ်မြစ်

ပါရှန် အင်ပါယာ

◻ စူစာ

ပါရှန် ပင်လယ်ကွေ့

ပါလက်စတိုင်း

• ဗက်ရှန် (ဆစ်သိုပေါလစ္စ)

အီဂျစ် ← ချင်းနင်းဝင်ရောက်တိုက်ခိုက်သည့်လမ်းကြောင်းများ

နိုင်းလ်

မြေထဲပင်လယ်

ဂရိ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဆစ်သီယန်းများသည် စစ်ပြိုင်သူများဖြစ်

[Credit Line]

The State Hermitage Museum, St. Petersburg

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဆစ်သီယန်းများသည် ဂရိအနုပညာလက်ရာများအတွက် ကုန်ကူးသန်းရောင်းဝယ်ပြီး အလွန်ကြွယ်ဝလာခဲ့ကြ

[Credit Line]

Courtesy of the Ukraine Historic Treasures Museum, Kiev

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ