ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၂/၁ စာ. ၃၀-၃၁
  • တောင်ပေါ်မြို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တောင်ပေါ်မြို့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလင်းဆောင်သူများ —အဘယ်ရည်ရွယ်ချက်အတွက်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “အလင်းဆောင်သူများ”—ခရိုင်စည်းဝေးပွဲကြီးမှ ကြွယ်ဝသောကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ‘သင်တို့၏အလင်းကို လင်းစေကြလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ယေဟောဝါ၏ အိမ်တော် ချီးမြှောက်ခြင်း ခံရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၂/၁ စာ. ၃၀-၃၁

တောင်ပေါ်မြို့

ယေရှုသည် မိမိ၏ကျော်ကြားသောတောင်ပေါ်တရားတော်တွင် တပည့်တော်များအား “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်” ဟုမိန့်ဆိုခဲ့သည်။—မဿဲ ၅:၁၄။

ဂျူးနှင့်ဂါလိလဲမြို့များစွာသည် ချိုင့်ဝှမ်းများတွင်မဟုတ်ဘဲ တောင်များပေါ်တွင် တည်ရှိကြ၏။ တောင်ထိပ်ကိုရွေးရခြင်း အဓိကအကြောင်းရင်းမှာ လုံခြုံမှုအတွက်ဖြစ်သည်။ လက်နက်ကိုင်တိုက်ခိုက်သူများအပြင် လှည့်လည်လုယက်တိုက်ခိုက်သူများသည် ဣသရေလမြို့ရွာများကို လုယက်ဖျက်ဆီးလေ့ရှိကြသည်။ (၄ ဓမ္မရာဇဝင် ၅:၂; ၂၄:၂) ကြံ့ကြံ့ခံနိုင်စွမ်းရှိသောမြို့သားများသည် အုတ်တံတိုင်းလိုသည့် မြေနိမ့်ချိုင့်ဝှမ်းရှိမြို့ထက် အိမ်များတစ်စုတစ်ဝေးတည်ရှိသည့် တောင်ပေါ်မြို့ကို ကာကွယ်ရန် ပို၍လွယ်ကူပေသည်။

ဂျူးအိမ်နံရံများကို ထုံးဖြူသုတ်ထားလေ့ရှိရာ တောင်ထိပ်ပေါ်ရှိ အဆိုပါထုံးဖြူအိမ်အစုအဝေးကို မိုင်ပေါင်းများစွာမှ အလွယ်တကူမြင်တွေ့နိုင်သည်။ (တမန်တော် ၂၃:၃) ပါလက်စတိုင်းနယ်၏နေရောင်အောက်တွင် ဤတောင်ပေါ်မြို့များသည် ကျွန်ုပ်တို့ခေတ်တွင်ပင် မြေထဲပင်လယ်မြို့များကဲ့သို့ အချက်ပြမီးအလား ထွန်းလင်းနေတတ်သည်။

ယေရှုသည် ဂါလိလဲနှင့်ဂျူးတောနယ်ပိုင်း၏ ထင်ရှားပေါ်လွင်သော ဤအသွင်အပြင်ကိုအသုံးပြု၍ မိမိ၏နောက်တော်လိုက်များအား ခရစ်ယာန်စစ်တစ်ဦး၏အပိုင်းကဏ္ဍအကြောင်း သွန်သင်ပေးခဲ့၏။ “ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့။” (မဿဲ ၅:၁၆) ခရစ်ယာန်တို့သည် လူတို့၏ချီးမွမ်းခြင်းခံရရန် အကျင့်ကောင်းများကို ကျင့်နေခြင်းမဟုတ်သော်လည်း သူတို့၏အမူအကျင့်ကောင်းကို သတိမပြုမိဘဲမနေကြချေ။—မဿဲ ၆:၁။

ဤသို့သောအမူအကျင့်ကောင်းသည် ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးများအတွင်း အထူးသဖြင့် ပေါ်လွင်ထင်ရှားသည်။ စပိန်နိုင်ငံမှ သတင်းစာတစ်စောင်၌ မကြာသေးမီကကျင်းပခဲ့သော စည်းဝေးကြီးကိုရည်ညွှန်း၍ ဤသို့ဖော်ပြခဲ့သည်– “တခြားဂိုဏ်းတွေမှာ ဘာသာရေးစိတ်ဝင်စားမှုမရှိကြပေမဲ့ ယေဟောဝါသက်သေတွေကတော့ အဲဒီလိုမဟုတ်ဘူး။ ကျမ်းစာရဲ့လက်တွေ့ကျမှုကို သူတို့မပျောက်သွားစေချင်တဲ့အတွက် ကျမ်းစာကို လက်တွေ့ကျင့်သုံးကြတယ်။”

ယေဟောဝါသက်သေများအသုံးပြုနေကျ စပိန်နိုင်ငံအနောက်မြောက်ပိုင်းမှ အားကစားရုံကြီး၏အစောင့် သောမားစ်သည် ကျမ်းစာကို လက်တွေ့ကျင့်သုံးကြသူများနှင့် ပေါင်းသင်းရခြင်းကို ပျော်မွေ့သည်။ သူသည် ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးကို တက်ရောက်နိုင်ရန် သူ၏အငြိမ်းစားယူမည့်ရက်ကို ရွှေ့ဆိုင်းခဲ့သည်။ လူငယ်များအပါအဝင် စည်းဝေးကြီးတက်ရောက်လာသူများစွာက စည်းဝေးကြီးပြီးနောက်တွင် သူ့ထံသွား၍ နှစ်များတစ်လျှောက် သူ၏ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်းနှင့် အငြိမ်းစားကာလအတွင်း ကျန်းမာပါစေဟု ပြောဆိုကြသောအခါ သူမျက်ရည်ကျခဲ့၏။ “ခင်ဗျားတို့လိုလူတွေနဲ့ သိကျွမ်းရတာ ကျွန်တော့်ဘဝမှာ အကောင်းဆုံးအတွေ့အကြုံတစ်ခုပါပဲ” ဟုသူပြောသည်။

တောင်ပေါ်မြို့သည် မိုးကောင်းကင်နောက်ခံတွင် အထင်အရှားပေါ်နေပြီး ယင်းမြို့ရှိအဖြူရောင်အိမ်များကို နေရောင်ထိုးထားသောကြောင့် ကြည့်ရှုသူ၏အာရုံကို ဖမ်းစားထား၏။ ထိုနည်းတူစွာ စစ်မှန်သောခရစ်ယာန်များသည် မြင့်မြတ်သောကျမ်းစာစံနှုန်းများဖြစ်သည့် ရိုးသားမှု၊ ကိုယ်ကျင့်တရားနှင့် ထောက်ထားစာနာမှုတို့ကို ကြိုးစားလိုက်လျှောက်ကြရာ သူတစ်ပါးနှင့်မတူကြောင်းထင်ရှားသည်။

ထို့ပြင် ခရစ်ယာန်များသည် သူတို့၏ဟောပြောခြင်းလုပ်ငန်းအားဖြင့် အမှန်တရားအလင်းကို ရောင်ပြန်ဟပ်ကြ၏။ တမန်တော်ပေါလုက ပထမရာစုခရစ်ယာန်များကို ဤသို့ပြောခဲ့သည်– “ငါတို့သည် ထိုသို့သောတရား၏အမှုကို ဆောင်ရွက်သောသူဖြစ်၍ ကရုဏာကျေးဇူးတော်ကိုခံရသည်နှင့်အညီ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ . . . [အမှန်]တရားကိုအတိအလင်းဖော်ပြ၍ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏စိတ်ထင်အတိုင်း ချီးမွမ်းဖွယ်သောအကျင့်ဓလေ့ကိုကျင့်ကြ၏။” (၂ ကောရိန္သု ၄:၁၊ ၂) သူတို့ဟောပြောခဲ့သည့်နေရာတိုင်းတွင် အတိုက်အခံကြုံတွေ့ရသော်လည်း သူတို့၏ခရစ်ယာန်ဓမ္မအမှုကို ယေဟောဝါကောင်းချီးပေးသောကြောင့် စီ.အီး. ၆၀ ခန့်တွင် “ကောင်းကင်အောက်၌ရှိသမျှသော . . . သတ္တဝါတို့အား” ဟောပြောခဲ့ပြီဟု ပေါလုရေးသားနိုင်ခဲ့၏။—ကောလောသဲ ၁:၂၂၊ ၂၃။

ယနေ့ ယေဟောဝါသက်သေများသည်လည်း ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း ‘သူတစ်ပါးရှေ့၌ မိမိတို့၏အလင်းကိုလင်းစေ’ ရန်မိမိတို့၏တာဝန်ကို အရေးတကြီးဆောင်ရွက်လျက်ရှိကြသည်။ ယေဟောဝါသက်သေများသည် နှုတ်အားဖြင့်ဖြစ်စေ၊ စာပေစာတမ်းအားဖြင့်ဖြစ်စေ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၅ နိုင်ငံ၌ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဖြန့်ချိနေကြသည်။ ထိုကျမ်းစာအမှန်တရားအလင်းကို ဖြစ်နိုင်သ၍လူများများထံရောက်ရှိစေရန် ကျမ်းစာ,စာပေစာတမ်းများကို ဘာသာစကားပေါင်း ၃၇၀ ခန့်ဖြင့် သူတို့ထုတ်ဝေခဲ့ကြပြီ။—မဿဲ ၂၄:၁၄; ဗျာဒိတ် ၁၄:၆၊ ၇။

နေရာများစွာရှိ သက်သေခံများသည် ဟောပြောခြင်းလုပ်ငန်းကို ကန့်သတ်ထားဆဲ သို့မဟုတ် ကန့်သတ်ခဲ့သောနိုင်ငံများမှ ပြောင်းရွှေ့လာကြသူများ၏ဘာသာစကားကို သင်ယူသည့် ခက်ခဲသောအလုပ်ကို ပြုလုပ်နေကြသည်။ ဥပမာ၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လူတို့သည် မြောက်အမေရိကရှိ မြို့ကြီးများစွာသို့ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့လာခဲ့ကြသည်။ ဒေသခံသက်သေခံများသည် ဤပြောင်းရွှေ့လာခါစလူသစ်များအား သတင်းကောင်းဟောပြောဖို့ တရုတ်၊ ရုရှားနှင့် အခြားဘာသာစကားတို့ကို ကြိုးစားသင်ယူနေကြ၏။ လယ်ပြင်သည် ‘စပါးရိတ်ခြင်းငှာ ယခုပင်ဝင်းဝင်းရှိ’ ဆဲဖြစ်နေသည့်အတွက် အခြားသူများအား သတင်းကောင်းဟောပြောရန် ဘာသာစကားအတော်များများအတွက် အမြန်သင်တန်းကို စီစဉ်ပေးလျက်ရှိသည်။—ယောဟန် ၄:၃၅။

ပရောဖက်ဟေရှာယက ဤသို့တင်ကြိုဟောခဲ့သည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား[သခင်]၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” ယေဟောဝါသက်သေများသည် မိမိတို့၏အမူအကျင့်အားဖြင့်ဖြစ်စေ၊ ခရစ်ယာန်ဓမ္မအမှုအားဖြင့်ဖြစ်စေ ဘုရားသခင်၏လမ်းခရီးတော်ကိုခံယူ၍ ခြေရာကိုလိုက်လျှောက်ကြရန် “ထာဝရဘုရား [သခင်၊ “ယေဟောဝါ၊” ကဘ] ၏တောင်တော်” သို့လာကြဖို့ နေရာတကာမှလူတို့ကို ကူညီပေးနေကြသည်။ (ဟေရှာယ ၂:၂၊ ၃) ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း ပျော်ရွှင်ရခြင်းမှာ သူတို့အတူတကွ ‘ကောင်းကင်ခမည်းတော် ယေဟောဝါ၏ဂုဏ်တော်ကို ချီးမွမ်းကြခြင်း’ ကြောင့်ဖြစ်၏။—မဿဲ ၅:၁၆; ၁ ပေတရု ၂:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ