ဗာလ ဝတ်ပြုရေးလွှမ်းမိုးသည့် ရှေးခေတ် ဥဂရစ်မြို့
၁၉၂၈ ခုနှစ်တွင် ဆီးရီးယားလယ်သမားတစ်ဦး၏ ထယ်သွားသည် ရှေးခေတ်ကြွေထည်မြေထည်များထည့်ထားသည့် သင်္ချိုင်းဂူပေါ်ရှိ ကျောက်တုံးတစ်တုံးကို ထိုးမိခဲ့သည်။ သူ၏ရှာဖွေတွေ့ရှိချက်သည် ထူးခြားစွာအရေးပါကြောင်းကို စိတ်ပင်မကူးမိခဲ့ချေ။ အမှတ်မထင်တွေ့ရှိသည့် ဤသင်္ချိုင်းဂူအကြောင်း သတင်းရသည့်အခါ ကလော့ဒ် ရှေဖာဦးဆောင်သော ပြင်သစ်ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့သည် နောက်တစ်နှစ်တွင် ထိုနေရာသို့ ခရီးထွက်လာခဲ့သည်။
မကြာမီပင်၊ ကမ္ပည်းစာတစ်ခုကို ထိုအဖွဲ့တူးဖော်ရရှိခဲ့ရာ ထိုအပျက်အယွင်းများသည် အဘယ်နေရာဖြစ်ကြောင်း ခွဲခြားသိရှိလာကြသည်။ ၎င်းကား “အရှေ့ဖျားဒေသတွင် အရေးပါဆုံး ရှေးခေတ်မြို့တစ်မြို့၊” ဥဂရစ်မြို့ဖြစ်နေ၏။ စာရေးဆရာ ဘယ်ရီ ဟိုဘာမဲန်းက ဤသို့ပင်ဆိုသည်– “သမ္မာကျမ်းစာကို ကျွန်ုပ်တို့သိနားလည်ဖို့ မည်သည့်တူးဖော်တွေ့ရှိရာထက်မဆို၊ ပင်လယ်သေကျမ်းလိပ်များထက်ပင် ဤရှာဖွေတွေ့ရှိချက်က သာ၍အကျိုးသက်ရောက်ပါသေးသည်။”—သည် အတ္တလန်တစ် လစဉ်။
လမ်းဆုံကျသောမြို့
ယခု ဆီးရီးယားနိုင်ငံမြောက်ပိုင်းဟုလူသိများသော မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ရာစ် ရှမ်ရာခေါ် ကုန်းမြင့်ပေါ်တွင်တည်ရှိခဲ့သည့် ဥဂရစ်မြို့သည် ဘီ.စီ.အီး. ဒုတိယထောင်စုနှစ်အတွင်း အလွန်စည်ပင်ဝပြောသော လူမျိုးပေါင်းစုံနေထိုင်ရာမြို့ကြီးတစ်မြို့ဖြစ်ခဲ့၏။ ၎င်း၏အကျယ်အဝန်းသည် မြောက်ဘက်ရှိ ကာစ်စီအဲစ်တောင်မှ တောင်ဘက်ရှိ တဲလ် စူးကပ်စ်အထိ ၃၅ မိုင်၊ အနောက်ဘက်ရှိ မြေထဲပင်လယ်မှ အရှေ့ဘက်ရှိ အော်ရွန်တီဇ်ချိုင့်ဝှမ်းအထိ မိုင် ၂၀ မှ ၃၀ အတွင်းကျယ်ပြန့်သည်။
ဥဂရစ်ဒေသ၏မျှတသော ရာသီဥတုကြောင့် သိုးနွားတိရစ္ဆာန်မွေးမြူရေးလုပ်ငန်း ထွန်းကားသည်။ ထိုဒေသတွင် ကောက်နှံပင်များ၊ သံလွင်ဆီ၊ ဝိုင်နှင့် မက်ဆိုပိုတေးမီးယားနှင့် အီဂျစ်ပြည်၌ အလွန်ရှားပါးသည့်သစ်တို့ ထွက်သည်။ ထို့ပြင် အဆိုပါမြို့သည် အချက်အချာကျသည့် ကုန်သွယ်ရေးလမ်းဆုံတွင် တည်ရှိသဖြင့် အပြည်ပြည်ဆိုင်ရာ ဦးဆုံးဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်လာလေသည်။ အစ်ဂျီးယန်းပင်လယ်ဒေသ၊ အနာတိုလီယာကျွန်းဆွယ်ဒေသ၊ ဘေဘီလုန်မြို့၊ အီဂျစ်ပြည်နှင့် အရှေ့အလယ်ပိုင်းဒေသရှိ အခြားနေရာဒေသများမှ ကုန်သည်များသည် ဥဂရစ်မြို့တွင် သတ္တုများ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ကုန်ပစ္စည်းအမြောက်အမြားတို့ကို ကုန်သွယ်ခဲ့ကြသည်။
ပစ္စည်းဥစ္စာကြွယ်ဝလင့်ကစား ဥဂရစ်မြို့သည် အမြဲပင် လက်အောက်ခံနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ရ၏။ ထိုမြို့သည် ဘီ.စီ.အီး. ၁၄ ရာစုတွင် ဟစ်တိုက်အင်ပါယာအတွင်း သိမ်းသွင်းမခံရမီအထိ အီဂျစ်အင်ပါယာ၏ မြောက်ဘက်စွန်းမြို့တစ်မြို့ဖြစ်ခဲ့သည်။ ဥဂရစ်မြို့သည် ၎င်းကိုအစိုးရသည့်အာဏာရှင်ထံ စစ်သားများနှင့် အခြားဆက်ကြေးများပေးခဲ့ရသည်။ ကျူးကျော်ဝင်ရောက်လာကြသည့် “ပင်လယ်ဓားပြများ”a သည် အနာတိုလီယာ (တူရကီအလယ်ပိုင်း) နှင့် ဆီးရီးယားမြောက်ပိုင်းတို့ကို စတင်လုယူဖျက်ဆီးခဲ့ကြသည့်အခါ ဟစ်တိုက်လူမျိုးသည် ဥဂရစ်စစ်သားများနှင့် စစ်သင်္ဘောများကို ချောဆွဲသွားခဲ့၏။ ယင်းကြောင့် ဥဂရစ်မြို့မှာ အကာအကွယ်မဲ့ဖြစ်ခဲ့ရာ ဘီ.စီ.အီး. ၁၂၀၀ ခန့်တွင် ရှင်းရှင်းဖျက်ဆီးခံလိုက်ရလေသည်။
အတိတ်ကိုပြန်နိုးထစေခြင်း
ဥဂရစ်မြို့ပျက်စီးသွားသောအခါ ပေ ၆၀ နီးပါးမြင့်ပြီး ဧက ၆၀ ကျော်ကျော်ကျယ်ဝန်းသည့် တောင်ပူစာကြီးတစ်ခု ဖြစ်ကျန်ရစ်ခဲ့သည်။ ဤတောင်ပူစာ၏ ခြောက်ပုံတစ်ပုံကိုသာ တူးဖော်၍ရသေးသည်။ ထိုအပျက်အယွင်းများမှ စတုရန်းပေပေါင်း ၁၀၀,၀၀၀ ခန့်ကျယ်ဝန်းပြီး အခန်းပေါင်းတစ်ရာနီးပါးရှိ ဧရာမနန်းတော်ကြီးတစ်ခု၏ အကျန်အကြွင်းများနှင့် ရင်ပြင်များကို ရှေးဟောင်းသုတေသနပညာရှင်များ တူးဖော်ရရှိခဲ့ကြ၏။ အဆိုပါ မျိုးစုံပါဝင်သောအဆောက်အအုံကြီးတွင် ရေပိုက်များ၊ ရေချိုးခန်းများနှင့် မိလ္လာစနစ်များရှိသည်။ ပရိဘောဂများကို ရွှေ၊ ကြည်ပြာရောင်ကျောက်မျက်နှင့် ဆင်စွယ်တို့ဖြင့် စီခြယ်ထား၏။ ဆင်စွယ်ဖြင့် အနုစိတ် ထွင်းထုထားသည့် မှန်ကူကွက်များကိုလည်း တွေ့ရှိခဲ့ရသည်။ ထိုနန်းတော်၏ တံတိုင်းဖြင့်ကာရံထားသည့် ပန်းခြံနှင့် ရေကန်တို့ကလည်း ပို၍ဆွဲဆောင်မှုရှိစေသည်။
၎င်းမြို့နှင့် ပတ်ပတ်လည်ရှိလွင်ပြင်၌ ဗာလနှင့် ဒါဂန်bတို့၏ ဝတ်ပြုကျောင်းများကို တွေ့ရှိရသည်။ အဆိုပါဝတ်ပြုကျောင်းမျှော်စင်များသည် ပေ ၆၀ ခန့်မြင့်ပြီး နတ်ဘုရားရုပ်တုရှိသည့် အတွင်းခန်းတစ်ခုသို့ပို့ဆောင်သည့် ဆင်ဝင်ဆောင်ငယ်တစ်ခုရှိသည်။ အခမ်းအနားပွဲအမျိုးမျိုးကို ရှင်ဘုရင်ကြီးမှူးဦးဆောင်သည့် ရင်ပြင်ကြီးတစ်ခုသို့ လှေကားထစ်ဖြင့်တက်သွားရသည်။ ညအချိန် သို့မဟုတ် လေပြင်းမုန်တိုင်းတိုက်ခတ်စဉ် ဆိပ်ကမ်းသို့ သင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆိုက်ကပ်နိုင်စေရန် ဝတ်ပြုကျောင်းများထိပ်တွင် အချက်ပြမီးများ ထွန်းညှိပေးထားပေမည်။ ဘေးကင်းစွာပြန်ရောက်ခဲ့ကြသည့် သင်္ဘောသားများသည် မုန်တိုင်းနတ်ဘုရား ဗာလ-ဟာဒဒ်ကြောင့်ဖြစ်မည်ဟု ယူဆပြီး ၎င်း၏ဝတ်ကျောင်းတွင် တွေ့ရှိခဲ့ရသော ကျောက်ဆူး ၁၇ ကို ပူဇော်ပသခဲ့ကြပေမည်။
ကမ္ပည်းရတနာသိုက်
ဥဂရစ်မြို့၏အပျက်အယွင်းများတွင် အုတ်ခွက်ကျောက်စာ ထောင်နှင့်ချီ ရှာဖွေတွေ့ရှိခဲ့ကြ၏။ ဘာသာစကား ရှစ်မျိုး၊ လက်ရေး ငါးမျိုးဖြင့် ရေးသားထားသည့် စီးပွားရေး၊ ဥပဒေ၊ သံတမန်ရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ကျောက်စာများကို တွေ့ရှိခဲ့ရပြီ။ တွေ့ရှိခဲ့ရသမျှတွင် သက်တမ်းအရင့်ဆုံး အက္ခရာစဉ်တစ်ခုဖြစ်သည့် မြားသွားပုံ သင်္ကေတ ၃၀ ကိုအသုံးပြု၍ ယခုချိန်ထိတိုင် မသိရှိရသေးသည့် ဘာသာစကားဖြင့် ရေးသားထားသော ကျောက်စာများကို ရှေဖာ၏အဖွဲ့ တွေ့ရှိခဲ့ကြသည်၊ ၎င်းကို ဥဂရစ်တစ်စာဟု အမည်ပေးလိုက်ကြ၏။
ဥဂရစ်တစ်မှတ်တမ်းများတွင် သာမန်အကြောင်းအရာများအပြင် ထိုအချိန်က ဘာသာရေးယုံကြည်ချက်များနှင့် အမူအကျင့်များကို ပိုမိုနားလည်သဘောပေါက်စေသည့် စာပေကျမ်းဂန်များလည်း ပါရှိသည်။ ဥဂရစ်ဘာသာတရားသည် အိမ်နီးချင်းခါနာန်လူမျိုးတို့ ကျင့်သုံးသော ဘာသာတရားနှင့် များစွာတူညီခဲ့ပုံရ၏။ ရိုလန် ဒီ ဗော၏အဆိုအရ အဆိုပါစာပေများသည် “ဣသရေလလူမျိုး အောင်ပွဲမခံချိန်က ခါနာန်ပြည်၏ယဉ်ကျေးမှုကို အတိအကျပင် ထင်ဟပ်သည်။”
ဗာလမြို့ရှိဘာသာတရား
ရာစ် ရှမ်ရာစာပေများတွင် နတ်ဘုရားနှင့် နတ်ဘုရားမ ၂၀၀ ကျော်ကို ဖော်ပြပေးထားသည်။ အကြီးဆုံးနတ်ဘုရားမှာ နတ်ဘုရားတို့နှင့် လူသားတို့၏ဖခင်ဟု သတ်မှတ်ထားသည့် အဲလ်ဖြစ်သည်။ မုန်တိုင်းနတ်ဘုရားဖြစ်သည့် ဗာလ-ဟာဒဒ်မှာ “မိုးတိမ်စီးသူ” ဖြစ်ပြီး “ကမ္ဘာမြေကြီး၏အရှင်သခင်” ဖြစ်သည်။ အဲလ်ကိုမူကား လူတို့နှင့်ကွာလှမ်းသော ပညာရှိ မုတ်ဆိတ်ဖြူအဖိုးအိုအဖြစ် သရုပ်ဖော်ထား၏။ အခြားတစ်ဖက်တွင်မူ ဗာလသည် နတ်ဘုရားများနှင့် လူသားတို့ကို အုပ်ချုပ်ဖို့သာ ရှာကြံနေသည့် ရည်မှန်းချက်ကြီးပြီး ကြံ့ခိုင်သန်စွမ်းသောနတ်ဘုရားတစ်ပါးဖြစ်သည်ဟုဆို၏။
အဆိုပါရှာဖွေတွေ့ရှိသည့် စာပေများကို နှစ်သစ်ကူး သို့မဟုတ် ကောက်ရိတ်သိမ်းချိန်ကဲ့သို့သော ဘာသာရေးပွဲတော်များတွင် ရွတ်ဆိုခဲ့ရပုံရှိသည်။ သို့သော် ၎င်း၏အဓိပ္ပာယ်အတိအကျကို မသိကြရချေ။ အုပ်ချုပ်မှုနှင့်ပတ်သက်၍ အငြင်းအခုံဖြစ်ကြောင်းဖော်ပြသည့် ကဗျာတစ်ပုဒ်တွင် ဗာလသည် အဲလ်၏အချစ်ဆုံးသား၊ ပင်လယ်နတ်ဘုရား ရာမ်ကို အနိုင်ရလိုက်သည်ဟူ၏။ ဤအောင်ပွဲက ဗာလသည် ပင်လယ်ပြင်တွင် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ဥဂရစ်သင်္ဘောသားများအား ယုံကြည်စိတ်ချစေသည်။ မော့တ်နှင့် ယှဉ်ပြိုင်ရသည့်တိုက်ပွဲတွင်မူ ဗာလရှုံးနိမ့်သွားရာ မြေအောက်လောကသို့ ကျသွားခဲ့၏။ သို့နှင့် မိုးခေါင်ရေရှားဖြစ်သွားခဲ့ရာ လူတို့သည် လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းခဲ့ရ၏။ အချစ်နှင့်စစ်၏နတ်ဘုရားမဖြစ်သော ဗာလ၏ဇနီး၊ သူ့ညီမ အာနတ်က မော့တ်ကို သတ်ပစ်လိုက်ပြီး ဗာလကို အသက်ပြန်သွင်းပေးသည်။ ဗာလသည် အဲလ်၏ဇနီး အာသီရတ် (အာရှီရာ) ၏သားတို့ကို သိမ်းရုံးသတ်ဖြတ်ပစ်လိုက်ပြီးနောက် ထီးနန်းကို ပြန်သိမ်းယူလေသည်။ သို့သော် နောက်ခုနစ်နှစ်အကြာတွင် မော့တ်ပြန်ပေါ်လာသည်။
အချို့က ဤကဗျာသည် နှစ်ပတ်လည် ဥတုရာသီများ၏ အမှတ်လက္ခဏာဖြစ်၏ဟု အနက်ဖွင့်ကြသည်၊ ထိုရာသီစက်ဝန်းတစ်ပတ်လည်ချိန်အတွင်း ရှင်သန်စေသည့်မိုးဥတုကို ချစ်ချစ်တောက်ပူသောနွေဥတုက ဝါးမျိုလိုက်ပြီးနောက် ဆောင်းဦးရာသီ ဖြစ်ပေါ်လာပြန်သည်။ အခြားသူတို့ကမူ ထိုခုနစ်နှစ်စက်ဝန်းသည် ငတ်မွတ်ခေါင်းပါးမှုနှင့် မိုးခေါင်ရေရှားမှုတို့ကို စိုးရိမ်ခြင်းနှင့်စပ်ဆိုင်သည်ဟု ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ၊ ဗာလ၏ကြီးမြတ်မှုသည် လူ့ကြိုးပမ်းမှုများ အောင်မြင်ရန် မရှိမဖြစ်လိုအပ်ရာဖြစ်သည်ဟု ယူမှတ်ကြ၏။ ကျွမ်းကျင်သူပညာရှင် ပီတာ ခရေဂီက ဤသို့ဖော်ပြသည်– “ဗာလဝတ်ပြုရေး၏ပန်းတိုင်မှာ သူ၏ ကြီးမြတ်မှုကို တည်မြဲစေရန်ဖြစ်သည်; သူသည် အကြီးမြတ်ဆုံးဖြစ်နေမှသာ လူတို့ ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော ကောက်ပဲသီးနှံများနှင့် ကျွဲနွားတိရစ္ဆာန်တို့ ဖြစ်ထွန်းအောင်မြင်မည်ဟု သူ့ကိုဝတ်ပြုသူတို့က ယုံကြည်ကြသည်။”
အယူမှားဝါဒကိုဆန့်ကျင်သည့် ကတုတ်ရင်တား
တူးဖော်ရရှိသည့် စာပေများမှ ထူးခြားစွာတွေ့ရှိရသည်အရာမှာ ဥဂရစ်တစ်ဘာသာတရား၏ အကျင့်ပျက်ပြားမှုဖြစ်၏။ ရုပ်ပြသမ္မာကျမ်းအဘိဓာန်က ဤသို့ဖော်ပြသည်– “အဆိုပါနတ်ဘုရားများကို ဝတ်ပြုကိုးကွယ်ခြင်း၏ ယုတ်ညံ့သောရလဒ်များကို ၎င်းစာပေများက ဖော်ပြသည်; ၎င်းတို့သည် စစ်မှု၊ မြင့်မြတ်သောပြည့်တန်ဆာလုပ်ငန်း၊ လိင်စိတ်ပြင်းထန်မှုနှင့် လူမှုရေးယုတ်ညံ့သိမ်ဖျင်းမှုမှအကျိုးဆက်တို့ကို အသားပေးဖော်ပြသည်။” ဒီ ဗောက ဤသို့ဆိုသည်– “ဤကဗျာများကို ဖတ်ရှုသည့်အခါ ယာဝေးကိုယုံကြည်ကိုးကွယ်သူ အစစ်အမှန်များနှင့် မြင့်မြတ်သောပရောဖက်များသည် ၎င်းဝတ်ပြုရေးကို အဘယ်ကြောင့်စက်ဆုပ်ရွံရှာကြကြောင်း နားလည်နိုင်သည်။” ဣသရေလလူမျိုးအား ဘုရားသခင်ပေးသည့် ပညတ်တော်သည် ထိုမှားယွင်းသောဘာသာရေးကို ရှောင်ကြဉ်နိုင်သည့် ကတုတ်ရင်တားတစ်ခုဖြစ်သည်။
ဥဂရစ်မြို့တွင် ရှေ့ဖြစ်ဟောခြင်း၊ နက္ခတ်ဗေဒင်နှင့် မှော်အတတ်ပညာတို့ကို အလွန်အမင်းလိုက်စားကြ၏။ ကောင်းကင်တန်ဆာများတွင်သာမက အင်္ဂါချွတ်ယွင်းသည့် သန္ဓေသားများနှင့် သတ်ဖြတ်ထားသည့်တိရစ္ဆာန်များ၏ ကလီစာတို့တွင်ပါ အတိတ်နိမိတ်နှင့် အရိပ်လက္ခဏာများ ဖတ်ယူလေ့ရှိကြသည်။ “ထုံးတမ်းစဉ်လာအရ နတ်ဘုရားတစ်ပါးကို ပူဇော်သည့် တိရစ္ဆာန်တစ်ကောင်သည် အဆိုပါနတ်ဘုရား၏တစ်စိတ်တစ်ဒေသဖြစ်လာပြီး ၎င်းနတ်ဘုရား၏ဝိညာဉ်သည် တိရစ္ဆာန်၏ဝိညာဉ်နှင့် ရောနှောပေါင်းစပ်သွား၏ဟု ယုံကြည်ခဲ့ကြသည်” ဟု သမိုင်းပညာရှင် ဂျက်ကလင်း ဂါရှေကဆိုသည်။ “ရလဒ်အနေနှင့် အဆိုပါကိုယ်တွင်းအင်္ဂါများပေါ်တွေ့ရှိသည့် အရိပ်လက္ခဏာများကိုဖတ်ခြင်းအားဖြင့် နတ်ဘုရားများ၏စိတ်ထားကို သတ်မှတ်ဆုံးဖြတ်နိုင်သည်၊ ထိုနတ်ဘုရားများသည် အနာဂတ်ဖြစ်ရပ်များနှင့်ပတ်သက်၍သော်လည်းကောင်း၊ ထူးခြားသောအခြေအနေတစ်ခုတွင် ပြုရမည့်အမှုနှင့်ပတ်သက်၍သော်လည်းကောင်း၊ ဟုတ်မဟုတ်၊ သင့်လျော်၊ မသင့်လျော် ဖြေကြားပေးနိုင်သည်။” (Le pays d’Ougarit autour de 1200 av.J.C.) ဣသရေလလူမျိုးမူကား ထိုကဲ့သို့သော အမူအကျင့်များကို ရှောင်ကြဉ်ကြရ၏။—တရားဟောရာ ၁၈:၉-၁၄။
မောရှေပညတ်က တိရစ္ဆာန်နှင့် ကာမစပ်ယှက်ခြင်းကို ပြတ်ပြတ်သားသား တားမြစ်ထားသည်။ (ဝတ်ပြုရာ ၁၈:၂၃) ဥဂရစ်မြို့တွင် ယင်းအမူအကျင့်ကို မည်သို့ရှုမြင်ခဲ့ကြသနည်း။ ဗာလသည် နွားမပျိုနှင့် ကာမစပ်ယှက်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည့်စာပေများက ဖော်ပြသည်။ “ဗာလသည် နွားသိုးသဏ္ဌာန်အယောင်ဆောင်၍ ကာမစပ်ယှက်သည်ကိုမဟုတ်ဟု ငြင်းခုံလျှင် ဗာလ၏ဒဏ္ဍာရီများကို ပြန်လည်ပြုလုပ်ကြသည့် သူ၏ယဇ်ပုရောဟိတ်များလည်း ထပ်တူပြု၏ဟုမဆိုနိုင်ချေ” ဟု ရှေးဟောင်းသုတေသနပညာရှင် စိုင်းရပ်စ် ဂေါ်ဒန်ကပြောဆိုသည်။
ဣသရေလလူမျိုးသည် “သေသောသူအတွက် ကိုယ့်အသားကို မလှီးမရှရ” ဟုမိန့်မှာခံခဲ့ရ၏။ (ဝတ်ပြုရာ ၁၉:၂၈၊ သမ္မာ) အဲလ်မူကား ဗာလသေဆုံးသွားသောအခါ “သူ့အရေပြားကို ဓားဖြင့်လှီးဖြတ်၊ သင်တုန်းဓားဖြင့် ခွဲစိတ်; သူ၏ပါးနှင့် မေးစေ့ကိုလည်း လှီးဖြတ်ခြင်းဖြင့်” တုံ့ပြန်ခဲ့သည်။ ဘာသာရေးထုံးတမ်းအရ ကိုယ်ခန္ဓာကိုဒဏ်ရာဒဏ်ချက်များရစေခြင်းသည် ဗာလဝတ်ပြုသူတို့အလယ် ဓလေ့ထုံးစံဖြစ်ခဲ့ဟန်တူသည်။—၃ ဓမ္မရာဇဝင် ၁၈:၂၈။
ဥဂရစ်တစ်ကဗျာတစ်ပုဒ်အရ ဆိတ်ကလေးတစ်ကောင်ကို နို့ရည်တွင် ထည့်ပြုတ်ခြင်းသည် ခါနာန်ဘာသာတရား၏ မျိုးအောင်ခြင်းဓလေ့တစ်ခုဖြစ်ပုံရသည်။ သို့သော် မောရှေပညတ်တွင်မူ “ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ” ဟု ဣသရေလလူမျိုးအား မိန့်မှာထား၏။—ထွက်မြောက်ရာ ၂၃:၁၉။
ကျမ်းချက်များဖြင့် နှိုင်းယှဉ်ပြခြင်း
ဥဂရစ်တစ်ကျမ်းဂန်များကို မူလအစက ဟေဗြဲကျမ်းစာစောင်များအကူအညီဖြင့် အဓိကထား ဘာသာပြန်ဆိုခဲ့သည်။ ပီတာ ခရေဂီက ဤသို့ဆိုသည်– “ဟေဗြဲကျမ်းစာစောင်များတွင် အသုံးပြုထားသည့် စကားလုံးများစွာ၏အဓိပ္ပာယ်များသည် မရှင်းမလင်းဖြစ်နေ၏၊ တစ်ခါတစ်ရံ အတိအကျမသိ; ၂၀ ရာစုနှစ်မတိုင်မီက ဘာသာပြန်ဆိုသူများသည် နည်းအမျိုးမျိုးဖြင့် အတတ်နိုင်ဆုံး အဓိပ္ပာယ်ဖွင့် မှန်းဆခဲ့ကြရသည်။ သို့သော် ဥဂရစ်တစ်ကျမ်းတွင် အလားတူစကားလုံးများပါလာသည့်အခါ အဓိပ္ပာယ်ကို တိုး၍နားလည်သဘောပေါက်လာနိုင်သည်။”
ဥပမာ၊ ဟေရှာယ ၃:၁၈၊ [ကဘ] တွင် အသုံးပြုထားသည့် ဟေဗြဲစကားလုံးတစ်လုံးကို အများအားဖြင့် “ခေါင်းစည်းများ” ဟုဘာသာပြန်ဆိုလေ့ရှိသည်။ အလားတူ ဥဂရစ်တစ်ရင်းမြစ်စကားလုံးတစ်လုံးက နေနှင့် နေနတ်ဘုရားမတို့ကို သတ်မှတ်သည်။ ထို့ကြောင့်၊ ဟေရှာယပရောဖက်ပြုချက်၌ ဖော်ပြထားသည့် ယေရုရှလင်မြို့ရှိ အမျိုးသမီးများသည် ခါနာန်နတ်ဘုရားများကို ဂုဏ်ပြုသည့်အနေနှင့် “လဆန်းပုံလည်ဆွဲများ” အပြင် နေပုံလည်ဆွဲများကိုပါ တန်ဆာဆင်ယင်ခဲ့ကြဟန်တူသည်။
မက်ဆိုရက်တစ်ကျမ်းတွင် နယပုံပြင် ၂၆:၂၃ ပါ “[ချစ်အားကြီးသော] နှုတ်နှင့် ဆိုးညစ်သောစိတ်နှလုံး” ကို “ငွေချော်” နှင့်မွမ်းမံသောမြေအိုးဖြင့် နှိုင်းယှဉ်ထားသည်။ ဥဂရစ်တစ်ရင်းမြစ်စကားလုံးတစ်လုံးက အဆိုပါနှိုင်းယှဉ်ချက်ကို “အိုးခြမ်းကွဲပေါ်က စဉ့်နှင့်တူ” သည်ဟု ပြန်ဆိုစေသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဤနယပုံပြင်ကျမ်းကို “နှလုံးပုပ်ပြီး နှုတ်ချိုခြင်းသည် အိုးခြမ်းပဲ့ကို ငွေသုတ်ထားခြင်းနှင့်တူ၏” ဟု သင့်လျော်စွာ ပြန်ဆိုထားသည်။
သမ္မာကျမ်းစာအတွက် အခြေခံသလော
ရာစ် ရှမ်ရာကျမ်းတို့ကို စေ့စေ့စစ်ဆေးလေ့လာခဲ့ကြရာ သမ္မာကျမ်းစာမှအပိုဒ်အချို့သည် ဥဂရစ်တစ်ကဗျာများကို အလိုက်သင့်ပြုပြင်ရေးသားထားခြင်းမျှဖြစ်၏ဟု ပညာရှင်အချို့က အခိုင်အမာပြောဆိုကြသည်။ ပြင်သစ်အင်စတီကျူ့အဖွဲ့ဝင် အန်ဒရေ ကာကိုက “ဣသရေလဘာသာတရားသည် ခါနာန်ယဉ်ကျေးမှုကို ဗဟိုပြုအခြေခံသည်” ဟုဆို၏။
ဆာလံ ၂၉ နှင့်စပ်လျဉ်း၍ ရောမမြို့၊ ပုပ်ရဟန်းမင်း၏ကျမ်းစာကျောင်းမှ မစ်ချဲလ် ဒါဟွတ်က ဤသို့ဝေဖန်ပြောဆို၏– “ဤဆာလံသည် မုန်တိုင်းနတ်ဘုရား ဗာလအတွက်သီကုံးစပ်ဆိုသည့် ရှေးခါနာန်ဓမ္မသီချင်းတစ်ပုဒ်ကို ယာဝေးဘာသာအတွက် အလိုက်သင့်ပြုပြင်ရေးသားထားခြင်းဖြစ်သည်။ . . . ထိုဆာလံသီချင်းပါ စကားလုံးတိုင်းနီးပါးမျှကို ပို၍ရှေးကျသည့် ခါနာန်ကျမ်းများတွင် ယခုပုံတူတွေ့ရှိနိုင်သည်။” ထိုကဲ့သို့ကောက်ချက်ချခြင်းသည် သင့်လျော်မှန်ကန်သလော။ လုံးဝမမှန်ကန်ပေ!
အမှန်မှာ ဆင်တူချက်များကို ချဲ့ကားဖော်ပြထားကြောင်း အစွန်းမရောက်သော ပညာရှင်များက ဝန်ခံကြ၏။ “မည်သည့်ဥဂရစ်တစ်ကျမ်းပိုဒ်ကိုမျှ ဆာလံ ၂၉ နှင့် အပြည့်အဝနှိုင်းယှဉ်၍မရပါ။ အဆိုပါဆာလံ ၂၉ (သို့မဟုတ် သမ္မာကျမ်းစာမှ အခြားမည်သည့်ကျမ်းပိုဒ်မဆို) သည် တိတ္တိယုံတမ်းစကားတစ်ခု၏ အလိုက်သင့်ပြုပြင်ရေးသားထားရာဖြစ်သည်ဟုဆိုခြင်းသည် အခြေအမြစ်လုံးဝမရှိချေ” ဟု ဓမ္မပညာရှင် ဂယ်ရီ ဘရန်လေကထုတ်ဖော်ပြောဆိုသည်။
ဥပစာအသုံးအနှုန်းများ၊ ကဗျာဆန်ဆန် အလားတူရာများနှင့် စာရေးဟန်တို့ ဆင်တူပုံရှိခြင်းတို့သည် အလိုက်သင့်ပြုပြင်ရေးသားထားသည့် အထောက်အထားလော။ ထိုသို့ဖြစ်မည့်အစား ယင်းသို့သောအလားတူရာများကို မျှော်လင့်ဖို့ဖြစ်သည်။ ဘာသာတရားဆိုင်ရာစွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “ပုံစံနှင့်အကြောင်းအရာဆင်တူရသည့် အကြောင်းရင်းမှာ ယဉ်ကျေးမှုကြောင့်ဖြစ်၏– ဥဂရစ်နှင့် အစ္စရေးလူမျိုးစပ်ကြား ထူးခြားသည့် ပထဝီဝင်အနေအထား၊ လောကရေးအခြေအနေတို့နှင့်ပတ်သက်၍ ကွာခြားချက်များရှိသော်လည်း ထိုလူမျိုးတို့သည် ကဗျာလင်္ကာနှင့် ဘာသာရေးဝေါဟာရတူညီသည့် ယဉ်ကျေးမှုအသိုင်းအဝိုင်းကြီးမှဖြစ်ကြသည်။” ထို့ကြောင့် ဂယ်ရီ ဘရန်လေက ဤသို့ကောက်ချက်ချသည်– “ဘာသာစကားဆင်တူချက်များကြောင့်သာ သမ္မာကျမ်းစာတွင် အယူမှားယုံကြည်ချက်များပါဝင်သည်ဟု အတင်းအကျပ်ဆိုခြင်းသည် မလျောက်ပတ်သည့် အနက်ဖွင့်ဆိုရှင်းပြချက်ဖြစ်ပေသည်။”
အဆုံးစွန်ပြောရလျှင် ရာစ် ရှမ်ရာကျမ်းတို့နှင့် သမ္မာကျမ်းစာ၌ ဆင်တူသည့်အချက်များရှိမည်ဆိုလျှင် ၎င်းတို့သည် ဝိညာဉ်ရေးအရမဟုတ်ဘဲ စာပေပြုစုခြင်းသက်သက်မျှဖြစ်ကြောင်း မှတ်သားသင့်ပေသည်။ “သမ္မာကျမ်းစာပါ လူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ မြင့်မြတ်မှုများကို ဥဂရစ်တစ်ကျမ်းဂန်တို့တွင် [မ] တွေ့ရှိရပါ” ဟု ရှေးဟောင်းသုတေသနပညာရှင် စိုင်းရပ်စ် ဂေါ်ဒန်က မှတ်ချက်ချသည်။ အမှန်ဆိုရလျှင် ကွဲပြားခြားနားချက်များသည် ဆင်တူသည့်အရာများထက် ပိုများပြားသည်။
ဥဂရစ်လူမျိုးဆိုင်ရာတို့ကို ပိုမိုလေ့လာခြင်းအားဖြင့် ကျမ်းရေးသူများနှင့် ယေဘုယျဟေဗြဲလူမျိုးတို့၏ ယဉ်ကျေးမှု၊ ရာဇဝင်သမိုင်း၊ ဘာသာရေးဝန်းကျင်အခြေအနေတို့ကို သမ္မာကျမ်းစာလေ့လာသူများ တိုးသိနားလည်ရန် များစွာအကူအညီပေးသည်။ ရာစ် ရှမ်ရာကျမ်းတို့ကို ဆက်ပြီးဆန်းစစ်လေ့လာခြင်းက ရှေးခေတ်ဟေဗြဲဘာသာစကားကို ပိုမိုသိရှိနားလည်စေပေမည်။ ထိုထက်မက ဥဂရစ်အရပ်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းပစ္စည်းများသည် ညစ်ညမ်းသောဗာလဝတ်ပြုမှုနှင့် ယေဟောဝါ၏သန့်စင်သောဝတ်ပြုမှု မည်မျှကွာခြားကြောင်း ပြောင်မြောက်စွာ မီးမောင်းထိုးပေးပါသည်။
[အောက်ချက်မှတ်ချက်များ]
a “ပင်လယ်ဓားပြများ” ကို မြေထဲပင်လယ်ကျွန်းများနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများမှ သင်္ဘောသားများဟု အများအားဖြင့် သတ်မှတ်ထားကြသည်။ ထိုသူတို့တွင် ဖိလိတ္တိလူမျိုးများ ပါဝင်ပေမည်။—အာမုတ် ၉:၇။
b ထင်မြင်ချက်အမျိုးမျိုးရှိကြသော်လည်း ကျွမ်းကျင်ပညာရှင်အချို့က ဒါဂန်ဝတ်ကျောင်းသည် အဲလ်ဝတ်ကျောင်းဖြစ်သည်ဟု ဆိုသည်။ ပြင်သစ်ပညာရှင်နှင့် ဂျေရုဆလမ်ကျမ်းစာသင်ကျောင်း ပါမောက္ခဖြစ်သူ ရိုလန် ဒီ ဗောက ဒါဂန်သည် တရားသူကြီးမှတ်စာ ၁၆:၂၃ နှင့် ၁ ဓမ္မရာဇဝင် ၅:၁-၅ တွင်ပါသော ဒါဂုန်ဖြစ်ပြီး ၎င်းအမည်သည် အဲလ်၏အမည်ဖြစ်သည်ဟု အကြံပြုတင်ပြခဲ့သည်။ ဘာသာတရားစွယ်စုံကျမ်းက “ဒါဂန်သည် [အဲလ်] နှင့် တစ်နည်းနည်းဖြင့် ဆက်နွှယ်နိုင်သည် သို့မဟုတ် ဆင်တူနိုင်သည်” ဟုဖော်ပြသည်။ ရာစ် ရှမ်ရာကျမ်းများတွင် ဗာလကို ဒါဂန်၏သားဟုဆိုထားသည်၊ သို့သော် ဤတွင်ရှိ “သား” ဟူသောအဓိပ္ပာယ်မှာ မသေချာလှပေ။
[စာမျက်နှာ ၂၅ ပါ အကျဉ်းဖော်ပြချက်]
ဥဂရစ်အရပ်တွင် တွေ့ရှိခဲ့သော ရှေးဟောင်းပစ္စည်းများက ကျမ်းစာကို ကျွန်ုပ်တို့ပိုမိုသိရှိနားလည်ဖို့ ကူညီပေးခဲ့
[စာမျက်နှာ ပါ ၂၄၊ ၂၅ မြေပုံ/ ရုပ်ပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
၁၄ ရာစု ဘီ.စီ.အီး. အချိန်က ဟစ်တိုက်အင်ပါယာ
မြေထဲပင်လယ်
ဥဖရ
ကာစ်စီအဲစ်တောင် (ဂျီဘဲလ် အဲလ်-အဂ္ဂရာ)
ဥဂရစ် (ရာစ် ရှမ်ရာ)
တဲလ် စူးကပ်စ်
အော်ရွန်တီဇ်
ဆီးရီးယား
အီဂျစ်
[Credit Lines]
Statuette of Baal and rhyton in the shape of an animal’s head: Musée du Louvre, Paris; painting of the royal palace: © D. Héron-Hugé pour “Le Monde de la Bible”
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
နန်းတော်မုခ်တံခါး အကျန်အကြွင်း
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဥဂရစ်တစ် ဒဏ္ဍာရီကဗျာကြောင့် ထွက်မြောက်ရာ ၂၃:၁၉ ရှိခဲ့ခြင်းဖြစ်မည်
[Credit Line]
Musée du Louvre, Paris
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ဗာလကျောက်ပြား
အမဲလိုက်ပုံပါ ရွှေပန်းကန်ပြား
မျိုးအောင်ခြင်းနတ်ဘုရားမပုံ ဖော်ပြထားသည့် ဆင်စွယ်အလှပြင်ဘူးအဖုံး
[Credit Line]
All pictures: Musée du Louvre, Paris