ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၃/၁ စာ. ၃-၄
  • ချာ့ချ်များကို ကယ်နိုင်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချာ့ချ်များကို ကယ်နိုင်မည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မည်သူက မည်သူ့ကို ကယ်တင်နေသနည်း
  • တိုက်ခတ်တော့မည့် မုန်တိုင်း
  • ချာ့ချ်များ မည်သို့ဖြစ်သွားပြီနည်း
    နိုးလော့!—၂၀၀၇
  • သောကရောက်နေသော လက်တင်အမေရိကန်ချာ့ချ်—သန်းပေါင်းများစွာ အဘယ်ကြောင့်စွန့်ခွာနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယခုခေတ်တွင် တပည့်တော်အစစ်များဖြစ်အောင် ပြုလုပ်ခြင်း
    နိုးလော့!—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၃/၁ စာ. ၃-၄

ချာ့ချ်များကို ကယ်နိုင်မည်လော

“ဗြိတိန်နိုင်ငံသားများသည် ဘုရားသခင်ကို ယုံကြည်ဆဲဖြစ်သော်လည်း ခရစ်တော်နှင့် ကတိကဝတ်မပြုလိုကြ” ဟုယူဂန်ဒါခရစ်ယာန်ဓမ္မအမှုဆောင် စတီဗင်ထရာအိုမွီက ဆို၏။ လွန်ခဲ့သောနှစ် ၂၀ ခန့်က ယူဂန်ဒါနိုင်ငံရှိ သူ၏ချာ့ချ် အကြမ်းဖက်သုတ်သင်ရှင်းလင်းခံရစဉ် သူလွတ်မြောက်ခဲ့သည်။ ယခု သူသည် အင်္ဂလန်နိုင်ငံ၊ လိဒ်စ်မြို့ရှိ အမျိုးသားကလပ်တွင် ဘင်ဂိုလောင်းကစားက သူ၏ပရိသတ်ကို လုယူမသွားမီ ဆယ်မိနစ်ကြာဟောပြောချက် ပေးနေသည်။

အတ္တလန္တိတ်တစ်ဖက်ကမ်း အမေရိကရှိ မကြာသေးမီက ဖွဲ့စည်းထားသော အင်္ဂလီကန်ခရစ်ယာန်သာသနာပြုအဖွဲ့သည် အလားတူဝိညာဉ်ရေးကပ်ဆိုက်မှုကို ဆိုင်ပြိုင်တွန်းလှန်နေရသည်။ အဆိုပါခရစ်ယာန်သာသနာပြုအဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက်က ဤသို့ဆို၏– “ယခု အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ချာ့ချ်အသင်းသားအနည်းဆုံးနှင့် ဝိညာဉ်ရေးကို စိတ်မပါသော အင်္ဂလိပ်စကားပြော လူဦးရေအများဆုံးတို့ မှီတင်းနေထိုင်ရာအရပ်ဖြစ်နေသည်။ ဤဒေသသည် ခရစ်ယာန်သာသနာပြုလယ်ကွင်းဖြစ်လာလေပြီ။” ချာ့ချ်အတွင်း ပြုပြင်ပြောင်းလဲရန် အားထုတ်မှုများပျက်ပြားခဲ့ရာ ကြံရာမရသည့်အဆုံး ဖွဲ့စည်းခါစခရစ်ယာန်သာသနာပြုအဖွဲ့သည် အစဉ်အလာကိုချိုးဖောက်ကာ “အမေရိကန်ပြည်ထောင်စုသို့ ခရီးဆန့်သော ခရစ်ယာန်သာသနာပြုခရီးစဉ်တစ်ခု” စတင်ရန် အာရှနှင့် အာဖရိကခေါင်းဆောင်များနှင့် ပူးပေါင်းခဲ့သည်။

သို့သော် အာဖရိက၊ အာရှနှင့် လက်တင်အမေရိကမှ ခရစ်ယာန်သာသနာပြုများသည် အဘယ်ကြောင့် ခရစ်ယာန်အခေါ်ခံသူများ နေထိုင်ရာဒေသများဖြစ်သော ဥရောပနှင့် မြောက်အမေရိကတို့ရှိ ‘စိုးလ်များကိုကယ်တင်’ နေကြသနည်း။

မည်သူက မည်သူ့ကို ကယ်တင်နေသနည်း

လွန်ခဲ့သောအနှစ်လေးရာကျော်က ဘာသာတရားကြည်ညိုသော ဥရောပခရစ်ယာန်သာသနာပြုတသီတတန်းကြီးသည် ကိုလိုနီနယ်ချဲ့ထွင်ရေး လမ်းကြောင်းအတိုင်း အာဖရိက၊ အာရှ၊ ပစိဖိတ်သမုဒ္ဒရာနှင့် တောင်အမေရိကစသည့်နိုင်ငံများသို့ အလုံးအရင်းနှင့် ထက်ကြပ်မကွာ လိုက်ပါချီတက်သွားခဲ့ကြသည်။ သူတို့၏ရည်ရွယ်ချက်မှာ အဆိုပါနိုင်ငံများရှိ မယုံကြည်သူတို့ကို မိမိတို့ဘာသာထဲ သိမ်းသွင်းဖို့ဖြစ်သည်။ အချိန်တန်သော် ခရစ်ယာန်မူများအပေါ် အခြေစိုက်ထားသည်ဟုဆိုသော အမေရိကန်ကိုလိုနီတို့သည် ဥရောပခရစ်ယာန်သာသနာပြုတို့နှင့်ပူးပေါင်းလာပြီးနောက် ထိုသူတို့သည် ကမ္ဘာတစ်ဝန်းတွင် မိမိတို့ပိုင် ခရစ်ယာန်သာသနာပြုအုပ်စုများကို ထူထောင်ရာ၌ ဥရောပခရစ်ယာန်သာသနာပြုများထက် ခြေလှမ်းသာသွားခဲ့ကြသည်။ ယခုမူ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားလေသည်။

အနောက်တိုင်းမဟုတ်သောနိုင်ငံများတွင် ခရစ်ယာန်ဘာသာကို လေ့လာသည့် ဗဟိုဌာနကို တည်ထောင်သူ ဒါရိုက်တာ အင်ဒရူးဝေါလ်စ်က “[ခရစ်ယာန်အမည်ခံသူတို့၏] ဗဟိုဌာနတည်ရာအရပ် ပြောင်းသွားပြီ” ဟုဆို၏။ ၁၉၀၀ ပြည့်နှစ်တွင် ခရစ်ယာန်ဟုဆိုသူ ၈၀ ရာခိုင်နှုန်းမှာ ဥရောပသားများ သို့မဟုတ် မြောက်အမေရိကန်သားများဖြစ်ကြသည်။ သို့သော် ယနေ့ ခရစ်ယာန်ဟုအမည်ခံသူ ၆၀ ရာခိုင်နှုန်းမှာ အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတွင် နေထိုင်ကြသည်။ မကြာသေးမီက သတင်းတစ်ပုဒ်တွင် ဤသို့ဖော်ပြသည်– “ဥရောပရှိကက်သလစ်ချာ့ချ်များသည် ဖိလစ်ပိုင်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ခရစ်ယာန်ဓမ္မအမှုဆောင်များကို အမှီပြုနေရ” ပြီး “အမေရိကန် ကက်သလစ်ခရစ်ယာန်သာသနာနယ်ပယ်များ၌ အမှုထမ်းနေသော ခရစ်ယာန်ဓမ္မအမှုဆောင်ခြောက်ဦးတွင် တစ်ဦးမှာ တိုင်းတစ်ပါးမှလာသူဖြစ်သည်။” အများအားဖြင့် ဂါနာနိုင်ငံမှလာသော၊ နယ်သာလန်နိုင်ငံရှိ အာဖရိကန် ဧဝံဂေလိအသင်းသားများက မိမိတို့ကိုယ်ကို “လောကရေးရာစိုးမိုးသည့် တိုက်ကြီးပေါ်ရှိ ခရစ်ယာန်သာသနာပြုချာ့ချ်” အဖြစ် ရှုမြင်ကြသည်။ ထို့ပြင် ယခုအခါ ဗြိတိန်နိုင်ငံ၏ဒေသအသီးသီးတွင် ဘရာဇီးလ်နိုင်ငံမှလာသော ဧဝံဂေလိဟောပြောသူများက ဝတ်ပြုရေးကင်ပိန်းများ လုပ်ဆောင်လျက်ရှိသည်။ စာရေးဆရာတစ်ဦးက “ခရစ်ယာန်သာသနာပြု ယာဉ်သည် နောက်ပြန်ဂီယာထိုးထားလေပြီ” ဟုမှတ်ချက်ချသည်။

တိုက်ခတ်တော့မည့် မုန်တိုင်း

လောကရေးရာစိုးမိုးသည့် ဥရောပနှင့် မြောက်အမေရိကတိုက်ကြီးများတွင် ခရစ်ယာန်သာသနာပြုများ ပိုမိုလိုအပ်နေပုံရှိသည်။ သတင်းမဂ္ဂဇင်းတစ်စောင်က “စကော့တလန်နိုင်ငံတွင် ချာ့ချ်မှန်မှန်တက်သည့် ခရစ်ယာန် ၁၀ ရာခိုင်နှုန်းပင် မရှိတော့” ဟုဆို၏။ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတွင် ထိုထက်ပင် နည်းသည်။ စာရင်းကောက်ယူကြည့်သောအခါ “အမေရိကန်နိုင်ငံသား ၄၀ ရာခိုင်နှုန်းခန့်နှင့် ကနေဒါနိုင်ငံသား ၂၀ ရာခိုင်နှုန်းက မိမိတို့ချာ့ချ်မှန်မှန်တက်သည်ဟုဆိုကြောင်း” အခြားသတင်းတစ်ပုဒ်က ဖြည့်စွက်သည်။ ယင်းနှင့်ခြားနားလျက် ဖိလစ်ပိုင်နိုင်ငံတွင် ချာ့ချ်တက်သူ ၇၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟုဆို၏၊ အခြားဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အလားတူဖြစ်သည်။

ထို့ထက်ထူးခြားသည်မှာ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ချာ့ချ်တက်သူများသည် ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ ချာ့ချ်တက်သူများထက် သာ၍ထုံးတမ်းစဉ်လာ လိုက်နာသူများဖြစ်လာခြင်းပင်တည်း။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုရှိ ကက်သလစ်များ၏သဘောထားကို စစ်တမ်းကောက်ယူသောအခါ ခရစ်ယာန်ဘုန်းကြီးများ၏အခွင့်အာဏာကို မိမိတို့ အယုံအကြည်မဲ့လာကြောင်း တညီတညွတ်တည်းဖော်ပြကြပြီး ချာ့ချ်ဆုံးဖြတ်ချက်များတွင် လူဝတ်ကြောင်များ ပိုမိုပါဝင်ခွင့်ရဖို့နှင့် အမျိုးသမီးများ တန်းတူအခွင့်အရေးရဖို့ ထောက်ခံကြသည်။ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ကက်သလစ်များမူ အဆိုပါကိစ္စများတွင် ချာ့ချ်၏ထုံးတမ်းစဉ်လာရပ်တည်မှုကို သောင်းသောင်းဖြဖြ လက်ခံကြသည်။ ချာ့ချ်လူဦးရေစာရင်းပြောင်းလဲမှုသည် တောင်ဘက်ပိုင်းသို့ ဆက်၍အလေးသာလျက်ရှိရာ အနာဂတ်တွင် ထိပ်တိုက်ရင်ဆိုင်မှုပေါ်ပေါက်ရန် ခိုင်လုံသောအကြောင်းရင်း ရှိနှင့်ပြီဖြစ်သည်။ ဘာသာရေးနှင့် သမိုင်းပညာရှင် ဖိလစ်ဂျဲဂင်က ဤသို့ကြိုပြောသည်– “ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်အတွင်း ဤခရစ်ယာန်ဘာသာရေးအုပ်စုနှစ်စုသည် တစ်စုကိုတစ်စု အပြည့်အဝ သို့မဟုတ် ခရစ်ယာန်စစ်အဖြစ် အသိအမှတ်မပြုတော့ဖို့ အကြောင်းများသည်။”

ဤခေတ်ရေစီးကြောင်းကိုထောက်၍ “အာဖရိက၊ အာရှ၊ လက်တင်အမေရိက၊ မြောက်အမေရိကနှင့် ဥရောပနိုင်ငံသား ခရစ်ယာန်များသည် ချာ့ချ်တစ်ခုတည်းတွင် အတူနေပြီး ယုံကြည်ခြင်းတစ်ပါးတည်းကို မည်သို့တင်ပြနိုင်မည်နည်း” ဟူသည် အရေးပါသောမေးခွန်းတစ်ခုဖြစ်၏ဟု ဝေါလ်စ်ကဆိုသည်။ သင် မည်သို့ထင်သနည်း။ တိုး၍တိုး၍ကွဲပြားလာသော လောကတွင် ချာ့ချ်များကို ကယ်တင်နိုင်မည်လော။ စစ်မှန်သောခရစ်ယာန်စည်းလုံးမှုအတွက် အခြေခံကား အဘယ်နည်း။ ကမ္ဘာတစ်ဝန်းတွင် စည်းလုံးသော ခရစ်ယာန်အသိုင်းအဝိုင်းတစ်ခု ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ကြောင်း ထင်ရှားသောအထောက်အထားနှင့်အတူ ကျမ်းစာဆိုင်ရာအဖြေများကို နောက်ဆောင်းပါးက ဖော်ပြပါမည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ယခင်က ချာ့ချ်တစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ ဂီတသံလွင်နေသော ကဖေးဖြစ်နေပြီ

[Credit Line]

AP Photo/Nancy Palmieri

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ