အကျင့်အားဖြင့်သာမဟုတ် မခံစားထိုက်သောကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရ
“သင်တို့သည် ယုံကြည်ခြင်းအားဖြင့် . . . ကယ်တင်ခြင်းသို့ ရောက်ရကြလေပြီ။ . . . ကိုယ့်အကျင့်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။”—ဧဖက် ၂:၈၊ ၉။
၁။ ကိုယ့်အောင်မြင်မှုများနှင့်ပတ်သက်၍ ခရစ်ယာန်များသည် လူအများနှင့် မည်သို့ကွာခြားသနည်း၊ အဘယ်ကြောင့်နည်း။
ယနေ့ လူတို့သည် မိမိတို့၏အောင်မြင်မှုများကို အလွန်ဂုဏ်ယူတတ်ကြပြီး ချက်ချင်း ကိုယ်ရည်သွေးလေ့ရှိ၏။ ခရစ်ယာန်များမူ ကွာခြားသည်။ သူတို့သည် စစ်မှန်သောဝတ်ပြုရေးနှင့်ဆိုင်သော မိမိတို့၏အောင်မြင်မှုများကိုပင် အလေးပေးဖော်ပြလွန်းခြင်း မပြုကြချေ။ အုပ်စုလိုက်အနေနှင့် ယေဟောဝါ၏လူမျိုးတော် ပြီးမြောက်ခဲ့ရာများကြောင့် သူတို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြသော်လည်း မိမိတို့၏ပါဝင်မှုများကို မဖော်ပြကြချေ။ ယေဟောဝါ၏လုပ်ငန်းတော်တွင် ပုဂ္ဂိုလ်ရေးအောင်မြင်မှုများထက် သဘောထားမှန်သည် ပိုအရေးကြီးကြောင်း သူတို့သိထားကြသည်။ အဆုံး၌ ထာဝရအသက်ရသူတစ်ဦးသည် မိမိ၏ အောင်မြင်မှုများကြောင့်မဟုတ်ဘဲ ယုံကြည်ခြင်းနှင့် ဘုရားသခင်၏မခံစားထိုက်သော ကျေးဇူးတော်ကြောင့် ထိုဆုကျေးဇူးကိုရရှိမည်ဖြစ်သည်။—လုကာ ၁၇:၁၀; ယောဟန် ၃:၁၆။
၂၊ ၃။ အဘယ်အရာကို ပေါလုဝါကြွားခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၂ ဤအချက်ကို တမန်တော်ပေါလု ကောင်းစွာသိထားပါသည်။ “ကိုယ်၌စူးသောဆူး” မှ သက်သာရာရဖို့ သုံးကြိမ်ဆုတောင်းပြီးနောက် ယေဟောဝါ၏ဤဖြေကြားချက်ကို သူရရှိခဲ့သည်– “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်။” ယေဟောဝါ၏ဆုံးဖြတ်ချက်ကို နှိမ့်ချစွာလက်ခံပြီးနောက် ပေါလု ဤသို့ပြောခဲ့သည်– “ထိုကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်၌ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းငှာ သာ၍ငါအလိုရှိ၏။” ပေါလု၏နှိမ့်ချသောစိတ်ထားကို ကျွန်ုပ်တို့ အတုယူလိုစိတ်ရှိသင့်သည်။—၂ ကောရိန္သု ၁၂:၇-၉။
၃ ပေါလုသည် ခရစ်ယာန်လုပ်ငန်းများကို ထူးခြားစွာလုပ်ဆောင်ခဲ့သော်လည်း သူ၏အောင်မြင်မှုများသည် မိမိ၏တတ်ကျွမ်းမှုများကြောင့်မဟုတ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ ကျိုးနွံစွာဖြင့် သူဤသို့ဆိုသည်– “စစ်၍မကုန်နိုင်သော ခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်း၏ဧဝံဂေလိတရားကို တစ်ပါးအမျိုးသားတို့အား ဟောပြောခြင်းငှာလည်းကောင်း၊ . . . သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသောသူထက်သာ၍ငယ်သောငါအား ထိုကျေးဇူးတော်ကိုပေးတော်မူပြီ။” (ဧဖက် ၃:၈၊ ၉) ဤတွင် ဝါကြွားစိတ်လုံးလုံးမရှိ၊ ငါသာလျှင် အမြတ်ဆုံးဟူ၍ စိတ်ကြီးဝင်ခြင်းလည်းမရှိချေ။ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (ယာကုပ် ၄:၆; ၁ ပေတရု ၅:၅) ကျွန်ုပ်တို့သည် ပေါလု၏ပုံနမူနာကိုလိုက်ပြီး အငယ်ဆုံးသောညီအစ်ကိုတို့ထက် သာ၍ငယ်သည်ဟု မိမိတို့ကိုယ်ကို ယူမှတ်ကာ နှိမ့်ချမှုတင်ပြကြပါသလော။
‘သူတစ်ပါးသည် ကိုယ်ထက်သာသည်ဟု ယူမှတ်ခြင်း’
၄။ ကျွန်ုပ်တို့ထက် သူတစ်ပါးသာသည်ဟု ယူမှတ်ရန် တစ်ခါတစ်ရံ အဘယ်ကြောင့်အခက်တွေ့နိုင်သနည်း။
၄ ခရစ်ယာန်များကို တမန်တော်ပေါလု ဤသို့ဆုံးမခဲ့သည်– “ရန်တွေ့လိုသောစိတ်၊ . . . တပ်မက်သော [“အတ္တ၊” ကဘ] စိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့။” (ဖိလိပ္ပိ ၂:၃) ကျွန်ုပ်တို့သည် အထူးသဖြင့် တာဝန်ရှိအနေအထား၌ရှိနေလျှင် ယင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ မျက်မှောက်လောကတွင် အလွန်ပျံ့နှံ့လျက်ရှိသော အပြိုင်အဆိုင်စိတ်ဓာတ်၏ ဩဇာလွှမ်းမှုကို ကျွန်ုပ်တို့အတော်အသင့်ခံရသောကြောင့် နှိမ့်ချမှုရှိဖို့ အခက်တွေ့နိုင်ပါသည်။ ဖြစ်တတ်သည်မှာ၊ မိမိတို့အိမ်တွင် မွေးချင်းများနှင့်ဖြစ်စေ၊ ကျောင်းတွင် ကျောင်းနေဖက်များနှင့်ဖြစ်စေ ယှဉ်ပြိုင်ရန် ကလေးဘဝကတည်းက သင်ကြားခံခဲ့ရကြမည်။ ကျောင်းအားကစား ကြယ်ပွင့်ဖြစ်ခြင်း၊ သို့တည်းမဟုတ် လူရည်ချွန်ဖြစ်ခြင်းအခွင့်ထူးကို ကြိုးစားရယူရန် အစဉ်မပြတ်တိုက်တွန်းခံခဲ့ရပေမည်။ မှန်ပါသည်၊ မည်သည့်အလုပ်ကောင်းကိုမဆို အစွမ်းကုန်ကြိုးစားလုပ်ဆောင်ခြင်းသည် ချီးမွမ်းစရာဖြစ်၏။ သို့သော် ခရစ်ယာန်များသည် မိမိတို့ကို အလွန်အကျွံ အာရုံစိုက်စေဖို့မဟုတ်ဘဲ လုပ်ငန်းတစ်ခုမှ အကျိုးအပြည့်အဝရရှိပြီး သူတစ်ပါးကိုပါ အကျိုးခံစားစေဖို့ ပြုလုပ်တတ်ကြသည်။ သို့တိုင် အတော်ဆုံးအတတ်ဆုံးအဖြစ် အမြဲချီးမွမ်းခံလိုစိတ်ရှိခြင်းသည် အန္တရာယ်ရှိ၏။ မည်သို့အားဖြင့်နည်း။
၅။ အပြိုင်အဆိုင်စိတ်ဓာတ်ကို ထိန်းချုပ်ခြင်းမရှိပါက မည်သို့ဖြစ်သွားနိုင်သနည်း။
၅ အပြိုင်အဆိုင်စိတ်ဓာတ် သို့မဟုတ် အတ္တဆန်သောသဘောထားတို့ကို မထိန်းချုပ်ပါက လူတစ်ဦးအား ရိုင်းပျလာစေပြီး မာနထောင်လွှားသူ ဖြစ်လာစေနိုင်သည်။ ထိုသူသည် အခြားသူများ၏စွမ်းရည်များနှင့် အခွင့်ထူးများကို မနာလိုဖြစ်လာနိုင်ပေသည်။ “ငွေကိုတပ်မက်သော [“မနာလိုမျက်စိရှိ၊” ကဘ] သူသည် ကြွယ်ဝခြင်းငှာ အလျင်အမြန်ပြုတတ်၏။ နောက်တစ်ဖန်ဆင်းရဲခြင်းသို့ ရောက်မည်ဟုမအောက်မေ့တတ်” ဟု နယပုံပြင် ၂၈:၂၂ ကဆို၏။ သူရပိုင်ခွင့်မရှိသောနေရာများကိုပင် ရောင့်တက်စွာ လှမ်းယူလိုပေမည်။ သူ၏လုပ်ရပ်များကို ဆင်ခြေဆင်လက်ပေးရန် ညည်းညူစပြုလာပြီး သူတစ်ပါးကို ဝေဖန်လာပေမည်၊ ယင်းတို့ကို ခရစ်ယာန်များ ရှောင်ကြဉ်သင့်သည်။ (ယာကုပ် ၃:၁၄-၁၆) မည်သို့ပင်ဖြစ်စေ သူသည် ငါသာပဓာနသဘောထားကို မွေးမြူနေလေပြီ။
၆။ အပြိုင်အဆိုင်စိတ်ဓာတ်ကိုရှောင်ရန် သမ္မာကျမ်းစာက မည်သို့သတိပေးသနည်း။
၆ ထို့ကြောင့် သမ္မာကျမ်းစာက ခရစ်ယာန်များကို ဤသို့တိုက်တွန်းသည်– ‘ငါတို့သည် အတ္တဆန်ခြင်း၊ အချင်းချင်းယှဉ်ပြိုင်ရန် ဆွပေးခြင်း၊ အချင်းချင်းငြူစူခြင်းတို့ကို ရှောင်ကြကုန်အံ့။’ (ဂလာတိ ၅:၂၆၊ ကဘ) ထိုစိတ်ထားမျိုးရှိခဲ့သူ ခရစ်ယာန်ရောင်းရင်းတစ်ဦးအကြောင်း တမန်တော်ယောဟန် ဤသို့ဆို၏– “အသင်းတော်ထံသို့ မှာစာကိုငါရေး၍ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သောဒယောတရပ်သည် ငါတို့အားအခွင့်မပေး။ ထိုကြောင့်၊ ငါလာသောအခါ သူသည်မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှာ ငါပြုမည်။ ထိုသူသည် ငြူစူသောစကားနှင့် ငါတို့ကိုကဲ့ရဲ့ . . . တတ်၏။” ခရစ်ယာန်တစ်ဦး ထိုအခြေအနေသို့ရောက်သွားခြင်းသည် အမှန်ဝမ်းနည်းစရာပင်!—၃ ယောဟန် ၉၊ ၁၀။
၇။ အများနှင့်ယှဉ်ပြိုင်ရသော ယခုခေတ် လုပ်ငန်းခွင်တွင် အဘယ်အရာကို ခရစ်ယာန်တစ်ဦးရှောင်လိုမည်နည်း။
၇ ခရစ်ယာန်တစ်ဦးသည် ယှဉ်ပြိုင်ရသောကိစ္စမှန်သမျှကို လုံးလုံးရှောင်နိုင်မည်ဟု ယူဆခြင်းသည် လက်တွေ့မကျသည်မှာအမှန်။ ဥပမာ၊ ဝမ်းစာရှာလုပ်ငန်းတွင် အခြားသူများနှင့်ဖြစ်စေ၊ ထုတ်ကုန်တူသော သို့မဟုတ် အလားတူဝန်ဆောင်မှုများ ဆောင်ရွက်သော စီးပွားရေးအဖွဲ့အစည်းများနှင့်ဖြစ်စေ စီးပွားပြိုင်မှုရှိပေမည်။ သို့သော် ထိုအခါမျိုး၌ပင် ခရစ်ယာန်တစ်ဦးသည် သူ၏စီးပွားရေးလုပ်ငန်းကို လေးစားသောသဘော၊ မေတ္တာစိတ်နှင့် စာနာထောက်ထားမှုရှိရှိ လုပ်ကိုင်လိုပေမည်။ ဥပဒေနှင့်ဆန့်ကျင်သော၊ ခရစ်ယာန်မဆန်သောအလုပ်များကို သူပြုလုပ်မည်မဟုတ်သကဲ့သို့ နိုင်လိုစိတ်ပြင်းပြသူ၊ ဇာတ်တူသားစားသည့်စိတ်ထားရှိသူအဖြစ် နာမည်ထွက်စေမည်မဟုတ်ပါ။ မည်သည့်လုပ်ငန်းတွင်မဆို နံပါတ်တစ်ဖြစ်ခြင်းသည် ဘဝတွင် အရေးအပါဆုံးဟု သူယူမှတ်မည်မဟုတ်ပါ။ လောကလုပ်ငန်းများ၌ပင် ထိုစိတ်ထားမျိုးတင်ပြဖို့လိုသည်မှန်လျှင် ဝတ်ပြုရေးနှင့်ပတ်သက်လာလျှင် သာ၍ပင်လိုအပ်ပေမည်!
‘သူတစ်ပါးနှင့်မနှိုင်းယှဉ်ဘဲ’
၈၊ ၉။ (က) ခရစ်ယာန်အကြီးအကဲများသည် အဘယ်ကြောင့်တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်စရာအကြောင်း မရှိသနည်း။ (ခ) ၁ ပေတရု ၄:၁၀ သည် ဘုရားသခင့်ကျေးကျွန်အားလုံးနှင့် အဘယ်ကြောင့်သက်ဆိုင်သနည်း။
၈ ဝတ်ပြုရေးနှင့်ပတ်သက်ပြီး ခရစ်ယာန်များ၌ ရှိသင့်ရှိထိုက်သော စိတ်သဘောထားကို ဤမှုတ်သွင်းခံစကားက ဖော်ပြသည်– “လူတိုင်းကိုယ်ပြုသောအမှုကိုစစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆို [“သူတစ်ပါးနှင့်မနှိုင်းယှဉ်၊” ကဘ] ဘဲ ကိုယ်၌သာဝါကြွားဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။” (ဂလာတိ ၆:၄) အသင်းတော်အကြီးအကဲများသည် တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်များမဟုတ်ကြောင်း သိထားကြပြီး အဖွဲ့လိုက်ရင်းရင်းနှီးနှီး၊ ပူးပေါင်းလုပ်ဆောင်ကြသည်။ အသင်းတော်တစ်ခုလုံး၏ကောင်းကျိုးအတွက် မိမိတို့တတ်နိုင်သမျှ ပါဝင်ကူညီနိုင်ကြသဖြင့် ဝမ်းမြောက်ကြသည်။ ဤနည်းဖြင့် ပြိုကွဲစေတတ်သော အပြိုင်အဆိုင်စိတ်ဓာတ်ကို ဖယ်ရှားပြီး အသင်းတော်တစ်ခုလုံးရှေ့ စည်းလုံးသောပုံနမူနာကောင်း တင်ပြကြသည်။
၉ အကြီးအကဲအချို့သည် အသက်အရွယ်၊ အတွေ့အကြုံ သို့မဟုတ် ပင်ကိုစွမ်းရည်များကြောင့် အခြားသူများထက် ပို၍ကျွမ်းကျင်ပေမည်၊ သို့တည်းမဟုတ် ထိုးထွင်းသိမြင်မှုပိုရှိပေမည်။ ယင်းကြောင့် အကြီးအကဲများသည် ယေဟောဝါ၏အဖွဲ့အစည်းတွင် တာဝန်အမျိုးမျိုးရရှိထားကြသည်။ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်မည့်အစား ဤဆုံးမစကားကို သူတို့မှတ်ထားကြသည်– “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။” (၁ ပေတရု ၄:၁၀) အမှန်မှာ ဤကျမ်းချက်သည် ယေဟောဝါ၏ကျေးကျွန်အားလုံးနှင့် သက်ဆိုင်ပါသည်၊ အကြောင်းမှာ သူတို့အားလုံးသည် တိကျမှန်ကန်သော အသိပညာဆုကျေးဇူးနှင့် ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ခွင့်ကို အနည်းနှင့်အများ ရရှိထားကြ၍ဖြစ်သည်။
၁၀။ မြင့်မြတ်သောလုပ်ငန်းတော်ကို အဘယ်နည်းဖြင့် ထမ်းဆောင်မှသာ ယေဟောဝါလက်ခံမည်နည်း။
၁၀ မိမိတို့ကိုယ်ကို သူတစ်ပါးထက် မြှင့်တင်ဖို့မဟုတ်ဘဲ မြင့်မြတ်သောလုပ်ငန်းတော်ကို မေတ္တာနှင့် အလေးထားမှုတို့ဖြင့် ထမ်းဆောင်မှသာ ယေဟောဝါနှစ်သက်တော်မူမည်။ ထို့ကြောင့် စစ်မှန်သောဝတ်ပြုရေးကို ထောက်ခံရာတွင် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ဟန်ချက်ညီညီ ရှုမြင်ဖို့အရေးကြီးသည်။ မည်သူမျှ အခြားသူ၏စိတ်ရင်းကို အတိအကျ အကဲမဖြတ်နိုင်သော်လည်း ယေဟောဝါသည် “နှလုံးကိုကြည့်ရှုတတ်သည်။” (သု. ၂၄:၁၂; ၁ ဓမ္မရာဇဝင် ၁၆:၇) ထို့ကြောင့် ‘ယုံကြည်ခြင်းနဲ့ဆိုင်တဲ့အကျင့်တွေကို ငါဘာရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာလဲ’ ဟူ၍ မိမိတို့ကိုယ်ကို မကြာမကြာ မေးသင့်သည်။—ဆာလံ ၂၄:၃၊ ၄; မဿဲ ၅:၈။
ကျွန်ုပ်တို့၏လုပ်ရပ်အပေါ် လျောက်ပတ်သောအမြင်
၁၁။ ကျွန်ုပ်တို့၏ဓမ္မအမှုနှင့်ပတ်သက်၍ အဘယ်မေးခွန်းများကို စဉ်းစားသုံးသပ်ထိုက်သနည်း။
၁၁ ယေဟောဝါ၏မျက်နှာသာရရှိရေးတွင် ကျွန်ုပ်တို့၏စိတ်ရင်းသည် အရေးအပါဆုံးဖြစ်ပါက ယုံကြည်ခြင်းအကျင့်များကို မည်မျှအလေးထားပြုလုပ်သင့်သနည်း။ ခရစ်ယာန်ဓမ္မအမှုကို စိတ်ရင်းမှန်နှင့် လုပ်ဆောင်နေသ၍ ကျွန်ုပ်တို့အဘယ်အရာကို မည်မျှပြုလုပ်ကြောင်း မှတ်တမ်းသွင်းဖို့ တကယ်လိုပါသလော။ ဤကား မေးသင့်မေးထိုက်သော မေးခွန်းများဖြစ်၏၊ အကြောင်းမှာ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းလုပ်ရပ်များထက် အရေအတွက်ကို ဦးစားမပေးလိုသကဲ့သို့ ခရစ်ယာန်လုပ်ငန်းနှင့်ပတ်သက်၍ မှတ်တမ်းကောင်းသွင်းခြင်းကို အဓိကအလေးထားရာ ဖြစ်မလာစေလိုသောကြောင့်တည်း။
၁၂၊ ၁၃။ (က) ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းကို မှတ်တမ်းထားရသည့် အကြောင်းရင်းအချို့ကား အဘယ်နည်း။ (ခ) ဟောပြောခြင်းလုပ်ငန်း၏ ခြုံငုံမှတ်တမ်းကိုကြည့်လိုက်လျှင် ရွှင်လန်းစရာ အဘယ်အကြောင်းများရှိသနည်း။
၁၂ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းဟူသောစာအုပ်က မည်သို့ဖော်ပြသည်ကို သတိပြုပါ– “ဟောပြောခြင်းလုပ်ငန်း တိုးတက်မှုမှတ်တမ်းများကို ယေရှုခရစ်၏ အစောပိုင်းနောက်လိုက်တို့ အထူးစိတ်ဝင်စားခဲ့ကြသည်။ (မာကု ၆:၃၀) ပင်တေကုတ္တေပွဲနေ့တွင် တပည့်များအပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းသည့်အခါ လူ ၁၂၀ ရှိခဲ့ကြောင်း တမန်တော်ကျမ်းက ဖော်ပြပါသည်။ မကြာမီပင် တပည့်အရေအတွက်သည် ၃,၀၀၀ ဖြစ်လာသည်။ ထို့နောက် ၅,၀၀၀ ဖြစ်လာ၏။ . . . (တမန်တော် ၁:၁၅; ၂:၅-၁၁၊ ၄၁၊ ၄၇; ၄:၄; ၆:၇) ဤတိုးတက်မှု သတင်းများသည် တပည့်များကို အားတက်စေလိုက်မည်ဖြစ်ခြင်း!” ထပ်တူအကြောင်းရင်းကြောင့် ယနေ့ ယေဟောဝါသက်သေများသည် ‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့’ ဟူသော ယေရှု၏စကားပြည့်စုံမှုတွင် ကမ္ဘာတစ်ဝန်းပြီးမြောက်ခဲ့သည့် မှတ်တမ်းများကို အတိအကျထားရှိကြခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄) အဆိုပါမှတ်တမ်းများသည် ကမ္ဘာ့လယ်ကွင်းတွင် ပြုလုပ်ခဲ့ရာများကို အရှိအတိုင်းဖော်ပြသည်။ အဘယ်ဒေသတွင် အကူအညီလိုအပ်နေကြောင်း၊ ဟောပြောခြင်းလုပ်ငန်း တိုးတက်စေဖို့အဘယ်စာအုပ်စာတမ်းမျိုး မည်မျှလိုအပ်နေကြောင်း သိရှိစေပါသည်။
၁၃ ထို့ကြောင့် မှတ်တမ်းသွင်းခြင်းက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ပိုမိုထိရောက်စွာဟောပြောဖို့ အထောက်အကူပြုနိုင်သည်။ ထို့အပြင် ကမ္ဘာ့အခြားဒေသများရှိ ကျွန်ုပ်တို့ညီအစ်ကိုများ၏လုပ်ငန်းအကြောင်း ကြားရသောအခါ အားရှိကြသည်မဟုတ်လော။ ကမ္ဘာတစ်ဝန်း တိုးပွား၊ ချဲ့ထွင်နေသည့် သတင်းများက ကျွန်ုပ်တို့ကို ပီတိဖြာစေသည်၊ တိုး၍ပါဝင်ရန် စေ့ဆော်ပေးပြီး ယေဟောဝါ၏ကောင်းချီးရဖို့ စိတ်ချစေသည်။ ကမ္ဘာချီမှတ်တမ်းတွင် ကျွန်ုပ်တို့၏ကိုယ်ပိုင်မှတ်တမ်း ပါဝင်ကြောင်းသိရခြင်းသည်လည်း အလွန်ကျေနပ်အားရစရာပင်! ကျွန်ုပ်တို့၏မှတ်တမ်းသည် ကမ္ဘာချီမှတ်တမ်းနှင့် နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ်မျှဖြစ်သော်လည်း ယင်းကို ယေဟောဝါသတိမပြုဘဲ မနေပါ။ (မာကု ၁၂:၄၂၊ ၄၃) သင့်မှတ်တမ်းမပါလျှင် ခြုံငုံမှတ်တမ်း ပြည့်စုံမည်မဟုတ်ကြောင်း သတိရပါ။
၁၄။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်းတွင် ဟောပြောခြင်းနှင့် သွန်သင်ခြင်းအပြင် အဘယ်အရာပါဝင်သေးသနည်း။
၁၄ ယေဟောဝါ၏ ဆက်ကပ်အပ်နှံကျေးကျွန်တစ်ဦးအနေဖြင့် သက်သေခံယောက်စီလုပ်ဆောင်ရသည့် တာဝန်အများစုကို သူ၏မှတ်တမ်းတွင် ဖော်ပြမည်မဟုတ်ချေ။ ဥပမာ၊ ကျမ်းစာကို သူမှန်မှန်လေ့လာခြင်း၊ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ပါဝင်ခြင်း၊ အသင်းတော်တာဝန်များထမ်းဆောင်ခြင်း၊ ယုံကြည်သူချင်းများ အကူအညီလိုသောအခါ ထောက်ကူပေးခြင်း၊ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ငွေကြေးထောက်ပံ့ခြင်း အစရှိသည်တို့ကို မှတ်တမ်းမသွင်းပါ။ ထို့ကြောင့် လယ်ကွင်းလုပ်ငန်းမှတ်တမ်းသည် ဟောပြောခြင်းလုပ်ငန်း၌ ကျွန်ုပ်တို့ကို ဆက်၍စိတ်ထက်သန်စေပြီး အရှိန်လျှော့သွားခြင်းကို တားဆီးပေးသော်လည်း ယင်းအပေါ် အမြင်မှန်ထားရကြမည်။ ကျွန်ုပ်တို့ထာဝရအသက် ရထိုက်မရထိုက် အဆုံးအဖြတ်ပေးမည့် ဝိညာဉ်ရေးလိုင်စင်အဖြစ် ယင်းကို မရှုမြင်ရပါ။
“ကောင်းသောအကျင့်များ၌ စိတ်အားကြီး”
၁၅။ အကျင့်တစ်ခုတည်းက ကယ်တင်ခြင်းမရစေနိုင်သော်လည်း အဘယ်ကြောင့် ၎င်းတို့မရှိ၍မဖြစ်သနည်း။
၁၅ အကျင့်တစ်ခုတည်းဖြင့် ကယ်တင်ခြင်းသို့ မရောက်နိုင်သော်လည်း ၎င်းတို့ မရှိ၍မဖြစ်သည်မှာ ရှင်းပါသည်။ ထို့ကြောင့် ခရစ်ယာန်များကို “ကောင်းသောအကျင့်များ၌ စိတ်အားကြီး၍ ပိုင်ဆိုင်တော်မူသောအမျိုး” ဟုခေါ်ဆိုထားပြီး “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြ” ရန် အားပေးထားသည်။ (တိတု ၂:၁၄၊ သမ္မာ; ဟေဗြဲ ၁၀:၂၄) ကျမ်းရေးသူနောက်တစ်ဦး ယာကုပ်က ပိုထိရောက်စွာ ဤသို့ရိုးရိုးရှင်းရှင်းပြောသည်– “ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။”—ယာကုပ် ၂:၂၆။
၁၆။ အကျင့်လုပ်ရပ်ထက် အဘယ်အရာက ပို၍အရေးကြီးသနည်း၊ သို့သော် အဘယ်အရာကို ကျွန်ုပ်တို့သတိပြုသင့်သနည်း။
၁၆ ကောင်းသောအကျင့်များကိုယ်နှိုက်က အရေးကြီးသည်မှန်သော်လည်း ယင်းတို့ကို ပြုလုပ်သည့်ရည်ရွယ်ချက်များသည် သာ၍ပင်အရေးကြီး၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ရည်ရွယ်ချက်များကို မကြာမကြာဆန်းစစ်ကြည့်ဖို့ကောင်း၏။ သို့သော် အခြားသူများ၏စိတ်ရင်းကို အတိအကျသိနိုင်သူမရှိသဖြင့် သူတစ်ပါးအား စစ်ကြောဆုံးဖြတ်ခြင်းကို ကျွန်ုပ်တို့ သတိပြုရကြမည်။ “သူတစ်ပါးပိုင်သောလူကို စစ်ကြောစီရင်သောသင်သည် အဘယ်သူနည်း” ဟုကျွန်ုပ်တို့ကို မေးပြီး ဤသို့ရှင်းရှင်းဖြေထားသည်– “သူသည် မိမိသခင်စီရင်သောအားဖြင့်သာ အပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ရောက်ရ၏။” (ရောမ ၁၄:၄) အရာခပ်သိမ်း၏သခင် ယေဟောဝါနှင့် ကိုယ်တော်ခန့်အပ်ထားသော တရားသူကြီး ယေရှုခရစ်တို့သည် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများအပေါ်သာအခြေမခံဘဲ ကျွန်ုပ်တို့၏စိတ်ရင်း၊ ကျွန်ုပ်တို့၏အခွင့်အလမ်းများ၊ ကျွန်ုပ်တို့၏မေတ္တာနှင့် သစ္စာနှံမှုတို့ကိုပါအခြေပြုပြီး ကျွန်ုပ်တို့ကို တရားစီရင်ပါလိမ့်မည်။ “ရှက်ကြောက်စရာအကြောင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက် ဘုရားသခင့်ရှေ့၌ နှစ်သက်တော်မူဖွယ်သောသူအဖြစ်ဖြင့် ကိုယ်ကိုဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့” ဟူသော ခရစ်ယာန်များအား ပေးခဲ့သည့် တမန်တော်ပေါလု၏ဆုံးမစကားနှင့်အညီ ကျွန်ုပ်တို့ပြုမပြု ယေဟောဝါနှင့် ယေရှုခရစ်တို့ကသာ အတိအကျတရားစီရင်နိုင်ပါသည်။—၂ တိမောသေ ၂:၁၅၊ သမ္မာ; ၂ ပေတရု ၁:၁၀; ၃:၁၄။
၁၇။ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေစဉ် ယာကုပ် ၃:၁၇ ကို ကျွန်ုပ်တို့ အဘယ်ကြောင့်မှတ်ထားသင့်သနည်း။
၁၇ ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ အသင့်အတင့်သာ မျှော်လင့်တော်မူ၏။ ယာကုပ် ၃:၁၇ [ကဘ] အရ “အထက်မှသက်ရောက်သောပညာ” တွင် အခြားအရာများအပြင် “သင့်တင့်လျော်ကန်” ခြင်းပါဝင်၏။ ဤကိစ္စတွင် ယေဟောဝါကို ကျွန်ုပ်တို့ အတုယူမည်ဆိုလျှင် ပညာရှိလမ်းစဉ်ဖြစ်သည်သာမက တကယ့်အောင်မြင်မှုတစ်ခု ဖြစ်မည်မဟုတ်ပေလော။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင်နှင့် ညီအစ်ကိုများ မတတ်နိုင်ရာကို တရားလွန် မမျှော်မှန်းသင့်ပါ။
၁၈။ ကျွန်ုပ်တို့၏အကျင့်နှင့် ယေဟောဝါ၏ မခံစားထိုက်သောကျေးဇူးတော်အပေါ် အမြင်မှန်ရှိလျှင် အဘယ်အရာကို မျှော်လင့်နိုင်သနည်း။
၁၈ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဆိုင်ရာအကျင့်များနှင့် ယေဟောဝါ၏မခံစားထိုက်သော ကျေးဇူးတော်အပေါ် အမြင်မှန်ရှိနေသမျှကာလပတ်လုံး ယေဟောဝါ၏စစ်မှန်သောကျေးကျွန်များ၏ အမှတ်အသားဖြစ်သည့် ပျော်ရွှင်မှုကို ဆက်တင်ပြနေကြပါမည်။ (ဟေရှာယ ၆၅:၁၃၊ ၁၄) ကျွန်ုပ်တို့ကိုယ်တိုင် မည်မျှပင်လုပ်ဆောင်နိုင်ပါစေ ကိုယ်တော်၏လူမျိုးတစ်မျိုးလုံးအပေါ် ယေဟောဝါသွန်းလောင်းသော ကောင်းချီးများ ခံစားရ၍ ဝမ်းမြောက်နိုင်ကြပါမည်။ ယေဟောဝါထံ “ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း” နေခြင်းဖြင့် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ရန် ကူညီပေးဖို့ အသနားခံကြပါမည်။ သို့ပြုလျှင် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် [ကျွန်ုပ်တို့]၏စိတ်နှလုံး [နှင့် စိတ်စွမ်းအား] တို့ကို စောင့်မလိမ့်မည်” မှာ သေချာ သည်။ (ဖိလိပ္ပိ ၄:၄-၇) မှန်ပါသည်၊ ကျွန်ုပ်တို့၏အကျင့်အားဖြင့်သာမဟုတ်ဘဲ ယေဟောဝါ၏ မခံစားထိုက်သောကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရနိုင်ကြောင်း သိထား၍ နှစ်သိမ့်မှုနှင့် အားပေးမှုရရှိနိုင်ကြပါသည်!
သင်ရှင်းပြနိုင်သလော
ခရစ်ယာန်များသည်
• ကိုယ့်အောင်မြင်မှုများအကြောင်း ဝါကြွားပြောဆိုခြင်းကို အဘယ်ကြောင့်ရှောင်ကြသနည်း။
• အပြိုင်အဆိုင်စိတ်ဓာတ် တင်ပြခြင်းကို အဘယ်ကြောင့်ရှောင်ကြသနည်း။
• လယ်ကွင်းဓမ္မအမှုတွင်ပါဝင်သည့် သူတို့၏လုပ်ဆောင်မှုကို အဘယ်ကြောင့် မှတ်တမ်းသွင်းကြသနည်း။
• ခရစ်ယာန်ချင်းများအား စစ်ကြောဆုံးဖြတ်ခြင်းကို အဘယ်ကြောင့်ရှောင်ကြသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
“ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏”
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
အကြီးအကဲများသည် အသင်းတော်၏ကောင်းကျိုးအတွက် မိမိတို့တတ်နိုင်သမျှ ပါဝင်ကူညီရခြင်းကို ဝမ်းမြောက်ကြ
[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံ]
သင့်မှတ်တမ်းမပါလျှင် ခြုံငုံမှတ်တမ်း ပြည့်စုံမည်မဟုတ်