ဝမ်းနည်းပူဆွေးသော်ငြား ကျေးဇူးတင်ရ—ခံနိုင်ရည်ရှိရန် ကျမ်းစာကူညီပေးပုံ
အဲန်ရစ်ကီ ကာရာဘာကာ အကို့စ်တာ ပြောပြသည်
၁၉၇၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှာပေါ့။ ကျွန်တော့်မိသားစုကိုတွေ့ဖို့ သူတို့နေတဲ့ယာခင်းဆီကို ကျွန်တော်သွားနေတာ။ မိသားစုနဲ့ဝေးနေတာ အတော်ကြာပြီမို့ သူတို့ကို တွေ့ချင်လှပြီ။ အိမ်မှာ သူတို့အားလုံးရှိနေမလား၊ ဘယ်သူ့ကိုများ အရင်ဆုံးတွေ့ရလေမလဲလို့ ကျွန်တော်တွေးနေမိတယ်။ အိမ်ကိုလည်းရောက်ရော အမေအပါအဝင် လူလေးယောက်တောင် အသတ်ခံထားရတာကို မြင်လိုက်ရတဲ့အခါ ကျွန်တော် တအားတုန်လှုပ်သွားတယ်။
စိတ်ချောက်ချားသွားတာ ပြောမပြတတ်အောင်ပါပဲ။ ဘာတွေဖြစ်ခဲ့တာလဲ။ ကျွန်တော်ဘာလုပ်ရမလဲ။ အနားမှာ ဘယ်သူမှမရှိကြဘူး၊ ကျွန်တော့်စိတ်တွေ ကယောက်ကယက်ဖြစ်လာပြီး ကူကယ်ရာမဲ့သလို ခံစားရတယ်။ ဒီအကြောင်းဆက်မပြောခင်မှာ ကျွန်တော့်ဘဝနောက်ခံအကြောင်း အနည်းအကျဉ်းပြောပြပါရစေ။ ဒါမှ ဒီဖြစ်ရပ်နဲ့ ဘဝမှာကြုံခဲ့ရတဲ့ ကြေကွဲစရာတခြားဖြစ်ရပ်တွေကြောင့် ကျွန်တော်ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို သင်တို့ ကောင်းကောင်းနားလည်နိုင်ကြမှာ။
အမှန်တရားကို ကျွန်တော်တို့ တွေ့ရှိခဲ့
ကော့စ်တာရီကာနိုင်ငံ၊ နီကိုယာမြို့အနီး၊ ကီရီမန်ဆိုတဲ့ဒေသမှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ ၁၉၅၃ ခုနှစ်၊ အသက် ၃၇ နှစ်အရွယ်မှာ မိဘတွေနဲ့အတူ မိသားစုရဲ့ယာခင်းမှာ ကျွန်တော်နေထိုင်ပါတယ်။ ကက်သလစ်ဘာသာဝင်တွေဖြစ်ကြပေမဲ့ ကက်သလစ်အယူဝါဒတချို့ကို ကျွန်တော်တို့မနှစ်သက်တဲ့အပြင် သိချင်တဲ့မေးခွန်းတွေ အများကြီးရှိတယ်။
တစ်မနက်ခင်းမှာ၊ အနာတိုလီယို အဲလ်ဖာရိုဆိုတဲ့လူတစ်ယောက် အိမ်ကိုရောက်လာပြီး ကျမ်းစာလေ့လာဖို့ ကျွန်တော်တို့ကို အားပေးတယ်။ ကျမ်းစာနဲ့ ကျမ်းစာသွန်သင်ချက်တွေအကြောင်း သူ အများကြီးပြောပြတယ်။ အဖေ၊ အမေ၊ ညီတစ်ယောက်၊ ညီမလေး၊ ညီမလေးရဲ့သူငယ်ချင်းနဲ့ ကျွန်တော်က သူပြောတာတွေကို ထိုင်နားထောင်ကြတယ်။ တစ်နေကုန်ထိုင်ဆွေးနွေးကြတာ ညနက်တဲ့အထိပဲ။ ကျွန်တော်တို့မှာ မေးခွန်းတွေအများကြီးရှိတာကိုး။
အနာတိုလီယိုက အိမ်မှာညအိပ်ပြီး နောက်တစ်ရက်ဆက်နေတယ်။ သူ့ဆီက ကြားရတဲ့အရာတွေကြောင့် တော်တော်လေး စိတ်ကျေနပ်မိတဲ့အပြင် ကျွန်တော်တို့ရဲ့မေးခွန်းတွေကို ကျမ်းစာကနေ တိုက်ရိုက်အဖြေပေးတဲ့အတွက် ပိုပြီးအားရကျေနပ်ခဲ့ကြတယ်။ ဒီဆွေးနွေးမှုက ကျွန်တော်တို့ကို ကောင်းကောင်းအကျိုးသက်ရောက်ခဲ့တယ်။ သင်ယူခဲ့တဲ့အရာတွေကို ပြန်တွေးတောဆင်ခြင်ကြည့်တဲ့အခါ အမှန်တရားကို ရှာတွေ့ပြီဆိုတာ ကျွန်တော်တို့သိလိုက်တယ်။ ကျမ်းစာအခြေပြုမဂ္ဂဇင်းတွေနဲ့ စာအုပ်တချို့ကို အနာတိုလီယိုထားခဲ့တယ်။ ညနေပိုင်းတွေမှာ အဲဒီစာအုပ်တွေကို မိသားစုလိုက် ဖတ်ပြီးလေ့လာကြတယ်။ လျှပ်စစ်မီးမရှိတဲ့အတွက် အဲဒီလိုလုပ်နိုင်ဖို့ တော်တော်ခက်တယ်။ ကျမ်းစာလေ့လာဖို့ ထိုင်တော့မယ်ဆိုရင် ကျွန်တော်တို့အားလုံးက အာလူးထည့်တဲ့ ဂုန်နီအိတ်ခွံတွေ ကိုယ်စီယူပြီး ခြေထောက်တွေကို ခြင်မကိုက်အောင် သေချာဖုံးရတယ်။
ခြောက်လကြာပြီးတဲ့နောက် ကျွန်တော့်မိဘနဲ့ကျွန်တော်အပါအဝင် မိသားစုငါးယောက် နှစ်ခြင်းခံတယ်။ တစ်အိမ်တက်ဆင်းသွားပြီး တခြားသူတွေကို ကျွန်တော်တို့သိရှိခဲ့တဲ့အရာတွေ ဝေမျှရတာ စိတ်လှုပ်ရှားစရာပဲ။ ကာရီယိုမြို့မှာရှိတဲ့ ယေဟောဝါသက်သေအုပ်စုနဲ့တွေ့ဆုံဖို့ နှစ်နာရီကြာ ခြေကျင်လျှောက်ရတယ်၊ မြင်းစီးသွားရတဲ့အခါလည်းရှိတယ်။ အနာတိုလီယိုက ကျွန်တော်တို့နဲ့အတူ ကျမ်းစာလေ့လာဖို့ အိမ်ကိုလာနေတုန်းပဲ။ ကျွန်တော်တို့အိမ်မှာ အစည်းအဝေးလုပ်တော့ တက်ရောက်သူ ရှစ်ဦးရှိတယ်။ သူတို့အားလုံး နှစ်ခြင်းခံခဲ့ကြပြီး သိပ်မကြာခင်မှာပဲ အယောက် ၂၀ လောက်ရှိတဲ့ အသင်းတော်လေးဖြစ်လာတယ်။
ဘုရားသခင့်လုပ်ငန်းတွင် အချိန်ပြည့်ပါဝင်
ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ပြည့်ပါဝင်နိုင်တဲ့သူတွေကို ယေဟောဝါသက်သေတွေရဲ့ ကော့စ်တာရီကာဌာနခွဲရုံးက ဖိတ်ခေါ်တယ်။ ဒါနဲ့ ၁၉၅၇ ခုနှစ်မှာ အဲဒီဖိတ်ခေါ်ချက်ကို ကျွန်တော်လက်ခံပြီး အချိန်ပြည့်အမှုဆောင်တစ်ယောက်အဖြစ် စတင်ပါဝင်ခဲ့တယ်။ ဒီအလုပ်က တကယ့်ကို ပျော်စရာကောင်းတယ်။ တောရွာတွေမှာနေတဲ့လူတွေကို ဟောပြောဖို့ နာရီနဲ့ချီပြီး တစ်ယောက်တည်း လမ်းလျှောက်သွားတဲ့အခါတွေ ရှိတယ်။ တစ်ခါတလေ လူတွေက လက်မခံကြဘူး။ ကျွန်တော်ဘယ်သူလဲ၊ ဘာလုပ်နေတာလဲဆိုတာကို ဓားမကြီးနဲ့ခြောက်လှန့်ပြီးမေးကြတာ အနည်းဆုံးသုံးကြိမ်လောက်ရှိတာ မှတ်မိနေသေးတယ်။
၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းကဆိုရင် လမ်းအတော်များများက တောရိုင်းတွေကိုဖြတ်ပြီးသွားရတဲ့ ခြေကျင်လမ်းလေးတွေဖြစ်လို့ လူတွေဆီရောက်နိုင်ဖို့ ခက်ခက်ခဲခဲသွားရတယ်။ တချို့ဒေသတွေကို မြင်းစီးသွားမှပဲ ရောက်နိုင်တယ်။ မြစ်တွေကို ခြေကျင်ဖြတ်ကူးသွားရတဲ့အခါတွေရှိသလို ကြယ်ရောင်တွေအောက်မှာ ညအိပ်ခဲ့ရတာလည်းရှိတယ်။ ခြင်တွေများလွန်းလို့ တအားစိတ်ညစ်ရတယ်။ မြွေနဲ့မိကျောင်းတွေရဲ့ရန်ကိုလည်း မပြတ်သတိထားနေရတယ်။ ဒီလိုအခက်အခဲတွေရှိပေမဲ့ ယေဟောဝါဘုရားသခင်အကြောင်း လူတွေသိလာအောင် ကူညီပေးခွင့်ရတာ တကယ့်ကိုနှစ်သက်မိတယ်။ တခြားသူတွေကို ကျမ်းစာအမှန်တရားဝေမျှနိုင်ခဲ့လို့ အိမ်ပြန်ရောက်လာတိုင်း ပျော်ရွှင်မှုနဲ့စိတ်ကျေနပ်မှုခံစားရတယ်။ နေ့တိုင်း ဟောပြောပြီး ကျမ်းစာလေ့လာတဲ့အတွက် ယေဟောဝါဘုရားသခင်ကိုချစ်မြတ်နိုးတဲ့စိတ်တွေ တိုးများလာပြီး ကိုယ်တော်နဲ့ပိုရင်းနှီးလာတယ်လို့ ခံစားမိတယ်။
သိပ်မကြာခင်မှာ ထပ်ဆင့်ကောင်းချီးတွေ ကျွန်တော်ရခဲ့တယ်။ တစ်ပတ်မှာ အသင်းတော်တစ်ခုစီကို လည်ပတ်ပြီး အားပေးရတဲ့ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ဆယ်နှစ်ကျော်ကျော် ထမ်းဆောင်ခွင့်ရခဲ့တယ်။ ကျန်းမာရေးအခက်အခဲကြောင့် ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရပေမဲ့ ဘုရားသခင့်လုပ်ငန်းတော်မှာ အချိန်ပြည့်ဆက်ပါဝင်ခဲ့တယ်။
ကြေကွဲဖွယ်ဖြစ်ရပ်များ
၁၉၇၁ ခုနှစ်၊ နီကိုယာမှာ ကျွန်တော်ရှိနေတုန်း မိသားစုနဲ့တွေ့ဖို့ အိမ်ပြန်ခဲ့တယ်။ အိမ်ကိုလည်းရောက်ရော၊ အသက် ၈၀ အရွယ်ကျွန်တော့်အမေက ကြမ်းပြင်ပေါ်မှာ လဲကျနေတာကို တွေ့လိုက်ရတော့တာပဲ။ အမေက သေနတ်နဲ့ပစ်ခံရတဲ့အပြင် ဓားနဲ့ပါ အထိုးခံထားရတယ်။ ဒူးထောက်ပြီး အမေ့ကို ပွေ့ချီလိုက်တဲ့အခါ သူအသက်ရှူနေတုန်းပဲ။ သိပ်မကြာလိုက်ဘူး၊ ကျွန်တော့်လက်ထဲမှာပဲ အမေဆုံးသွားရှာတယ်။ ဘေးပတ်လည်ကိုကြည့်လိုက်တဲ့အခါ ကိုယ်ဝန်ရှစ်လလွယ်ထားတဲ့ ထမင်းချက်အမျိုးသမီးက မီးဖိုချောင်ကြမ်းပြင်ပေါ်မှာ လဲကျနေတယ်။ သူလည်း အသက်မရှိတော့ဘူး။ ဒါတင်မကသေးဘူး၊ ဒေသခံအသင်းတော်က ညီအစ်မတစ်ယောက်လည်း ကြမ်းပြင်ပေါ်မှာ လဲကျသေဆုံးနေတဲ့အပြင် ထမင်းချက်အမျိုးသမီးရဲ့သားငယ်လေးကလည်း ရေချိုးခန်းထဲမှာ လဲသေနေတာကို တွေ့လိုက်ရတော့တာပဲ။ အားလုံးက ရက်ရက်စက်စက် ဓားထိုးခံထားရပြီး သေနတ်နဲ့ပစ်သတ်ခံရတယ်။ ဒီလိုဆိုးဝါးရက်စက်လွန်းတဲ့အလုပ်ကို ဘယ်သူလုပ်တာလဲ၊ ဘာကြောင့်လဲ။
အိမ်အပြင်ဘက်ကို ထွက်လိုက်တော့ အဖေ့ကိုတွေ့တယ်။ သူလည်း ခေါင်းမှာ သေနတ်ဒဏ်ရာကြီးနဲ့၊ ဒါပေမဲ့ အသက်ရှင်နေတုန်းပဲ။ ၁၅ မိနစ်လောက်သွားရတဲ့ ညီလေးရဲ့အိမ်ကို ပြေးကြည့်လိုက်တဲ့အခါ နောက်ထပ်အမျိုးသမီးတစ်ယောက်နဲ့ သူ့သားလေးပါ အသတ်ခံထားရတာကို တွေ့လိုက်ရပြန်တယ်။ လူသတ်သမားက အသက် ၁၇ နှစ်အရွယ်ရှိတဲ့ ကျွန်တော့်တူလေးဖြစ်နေတာကို သိလိုက်ရတဲ့အခါ အကြီးအကျယ်ထိတ်လန့်ခဲ့ရတယ်။ သူက ယေဟောဝါသက်သေတစ်ယောက်တော့ မဟုတ်ပါဘူး၊ စိတ်မနှံ့တဲ့သူပါ။ သူ ထွက်ပြေးသွားတယ်။ ရာဇဝတ်ကောင်ကို ရှာဖွေဖို့ ကော့စ်တာရီကာရဲ့သမိုင်းမှာ လူအများဆုံးအသုံးပြုခဲ့ရတဲ့ အမှုတွဲတစ်ခုဖြစ်သွားတယ်။
ဒီသတင်းက ပြည်တွင်းသတင်းတွေမှာတောင် ပါလာတယ်။ ခုနစ်ရက်ကြာပြီးနောက် ဓားမကြီးတစ်လက်နဲ့ ပွိုင့် ၂၂ ပစ္စတိုဆောင်ထားတဲ့ လူသတ်သမားကို ရဲတွေဖမ်းမိတယ်။ စိတ်မနှံ့တဲ့သူမှန်းသိရက်နဲ့ လူတစ်ယောက်က သူ့ကို ဒီလက်နက်တွေ ရောင်းချခဲ့တယ်။ ရဲတွေက ကျွန်တော့်တူလေးကို သေနတ်နဲ့ပစ်သတ်ပြီး ဖမ်းခဲ့ရတယ်။
လူသတ်တရားခံဖြစ်တဲ့ တူလေးက ဒီကိုပြန်လာပြီး ကျွန်တော့်ကိုပါ ရန်ရှာနိုင်တဲ့အတွက် သူ့ကိုရှာဖွေနေတုန်းအချိန်မှာ ဒီနေရာကနေ ရှောင်ပြေးဖို့ လူအတော်များများက ကျွန်တော့်ကိုအကြံပေးကြတယ်။ ကျန်ရစ်တဲ့မိသားစုဝင်တွေနဲ့ အသင်းတော်က ညီအစ်ကိုညီအစ်မတွေနဲ့အတူ ကျွန်တော်ရှိနေသင့်တယ်လို့ခံစားရတဲ့အတွက် သေချာဆုတောင်းပြီး ကျွန်တော်ဆက်နေခဲ့တယ်။
တစ်ပူပေါ် နှစ်ပူဆင့်
ဝမ်းနည်းစရာက တစ်နှစ်ကြာပြီးတဲ့နောက် အဖေဆုံးသွားတယ်။ နောက်တစ်နှစ်မှာ ယေဟောဝါဘုရားသခင်ရဲ့ သစ္စာရှိကျေးကျွန်တစ်ဦးဖြစ်တဲ့ ညီမလေးက မမျှော်လင့်ဘဲ အသတ်ခံရပြန်တယ်။ မိသားစုဝင်နောက်တစ်ယောက် ဆုံးပါးသွားတဲ့ဒဏ်ကို ဆွေမျိုးတွေအားလုံး အလူးအလဲခံစားခဲ့ရတယ်။ ကျွန်တော်နဲ့ကျွန်တော့်မိတ်ဆွေတွေခံစားရတဲ့ ကြေကွဲမှုနဲ့ဆုံးရှုံးမှုတွေကို စကားနဲ့တောင် မပြောပြတတ်တော့ပါဘူး။ ရဲတွေစုံစမ်းစစ်ဆေးတာကို ခံနေရချိန်တစ်လျှောက်လုံးမှာ ယေဟောဝါကို လုံးလုံးလျားလျားမှီခိုအားထားပြီး ခွန်အားပေးဖို့ မနားတမ်းဆုတောင်းခဲ့တယ်။
၁၉၈၅ ခုနှစ်၊ စန်ဟိုစေမြို့မှာ ခရစ်ယာန်အကြီးအကဲတွေအတွက်ကျင်းပတဲ့ သုံးရက်ကြာသင်တန်းကို ကျွန်တော်တက်ခဲ့တယ်။ သင်တန်းပြီးတဲ့အခါ ယေဟောဝါနဲ့ဆက်ဆံရေးခိုင်မြဲလာတယ်လို့ ခံစားရတယ်။ တနင်္လာနေ့မနက်စောစောမှာ ဘတ်စကားစီးပြီး အိမ်ပြန်ဖို့ထွက်လာခဲ့တယ်။ ဘတ်စကားဂိတ်ဆီကို လမ်းလျှောက်သွားနေတုန်း လူရမ်းကားတွေ ကျွန်တော့်ကို တိုက်ခိုက်တယ်၊ သူတို့က ကျွန်တော့်ကို လည်ပင်းညှစ်ထားပြီး လုယက်တော့တာပဲ။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ သူတို့မျက်နှာတွေကိုတောင် မမှတ်မိလိုက်ဘူးလေ။ ဒီဖြစ်ရပ်ကြောင့် ကော့စ်တာရီကာထုံးစံနဲ့ ကျွန်တော် နှုတ်ခွန်းဆက်စကားမပြောနိုင်တော့ဘူး။ ကျွန်တော်နေထိုင်တဲ့ ဂူအဲန်နာကာစ်တာဒေသမှာဆိုရင် အမျိုးသားတွေက တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံလို့ နှုတ်ဆက်တဲ့အခါ ဒါမှမဟုတ် သူတို့ရှိနေတယ်ဆိုတာကို ဖော်ပြတဲ့အခါ အသံကျယ်ကျယ်နဲ့ အော်ပြောရတဲ့ ထုံးစံရှိတယ်။ အရင်တုန်းက အဲဒီလိုအော်ပြောတဲ့အခါ ကျွန်တော့်အသံက တော်တော်အောင်တယ်၊ အခု ဓားပြတိုက်ခံရပြီးနောက်ပိုင်းမှာတော့ အဲဒီလို မပြောနိုင်တော့ဘူးပေါ့။
၁၉၇၉ ခုနှစ်မှာ အနီးနားအသင်းတော်က စဲလ်လီရာဆိုတဲ့ သက်သေခံညီမတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ စဲလ်လီရာက ကျမ်းစာကို ချစ်မြတ်နိုးတဲ့သူဖြစ်တယ်။ နေ့တိုင်း နှစ်ယောက်အတူတူ ကျမ်းစာဖတ်ရှုလေ့လာကြတယ်။ ဝမ်းနည်းစရာက ၂၀၀၁ ခုနှစ်၊ ဇူလိုင်လမှာ သူ ကင်ဆာရောဂါနဲ့ ဆုံးသွားရှာတယ်။ တစ်ခါတလေ၊ သိပ်အထီးကျန်မိပေမဲ့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က ခွန်အားရှိစေတယ်။—ယောဟန် ၅:၂၈၊ ၂၉။
စမ်းသပ်မှုများကြား ပျော်ရွှင်ရ
ဘဝမှာ ကြေကွဲစရာဖြစ်ရပ်တွေကို တခြားလူတွေထက် ပိုပြီးကြုံခဲ့ရပေမဲ့ ဒီစမ်းသပ်မှုတွေကြောင့် ယေဟောဝါဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ယုံကြည်ခြင်းနဲ့သစ္စာရှိမှုကိုဖော်ပြဖို့ အခွင့်အရေးရလိုက်တယ်လို့ ယူမှတ်ပါတယ်။ (ယာကုပ် ၁:၁၃) ‘အချိန်နဲ့ကြိုတင်မမြင်နိုင်တဲ့ဖြစ်ရပ်’ တွေ ကြုံရတတ်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မပြတ်သတိပေးရင်း ကြုံတွေ့ခဲ့တဲ့အရာတွေအပေါ် မျှမျှတတရှုမြင်နိုင်ဖို့ ကြိုးစားခဲ့တယ်။ (ဒေ. ၉:၁၁၊ ကဘ) ‘ခက်ခဲကျပ်တည်းတဲ့ကာလ’ ဖြစ်တဲ့အတွက် လူတွေက ရက်စက်ကြမ်းကြုတ်ပြီး ချုပ်တည်းမှုမရှိကြတာလို့ တွေးမိတယ်။ (၂ တိမောသေ ၃:၁-၅) ယောဘရဲ့ပုံသက်သေကိုလည်း စိတ်ထဲမှာ အမြဲတွေးတောဆင်ခြင်တယ်။ မိသားစု၊ ကျန်းမာရေး၊ လုပ်ငန်းကိုင်ငန်းတွေ အားလုံးဆုံးရှုံးခဲ့ရပေမဲ့ ယောဘက ‘ယေဟောဝါဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း’ ဆိုပြီး အခိုင်အမာပြောခဲ့တယ်။ သူ့ရဲ့တည်ကြည်မှုကြောင့် ယေဟောဝါ သူ့ကို ကြွယ်ဝစွာ ကောင်းချီးပေးခဲ့တယ်။ (ယောဘ ၁:၁၃-၂၂; ၄၂:၁၂-၁၅) ကျမ်းစာထဲမှာပါတဲ့ ဒီအားရှိစရာအချက်တွေကြောင့် စမ်းသပ်မှုအမျိုးမျိုးရှိတဲ့ကြားက ဆက်ပြီးရွှင်လန်းနိုင်ခဲ့တယ်။
ဘဝမှာ ယေဟောဝါကို ဆက်ပြီးဦးစားထားနိုင်ဖို့ ကိုယ်တော်အမြဲကူညီခဲ့တယ်။ ကျမ်းစာနေ့တိုင်းဖတ်တာက နှစ်သိမ့်မှုနဲ့ခံနိုင်ရည်ရှိနိုင်ဖို့ အဓိကကူညီပေးခဲ့တယ်။ ယေဟောဝါကိုဆုတောင်းတဲ့အတွက် ‘စဉ်းစားလို့မမီနိုင်တဲ့ ဘုရားသခင်ရဲ့ငြိမ်သက်ခြင်း’ ကိုခံစားရတယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) ဒါက စိတ်ငြိမ်သက်မှုရစေတယ်။ ခရစ်ယာန်အစည်းအဝေးတွေကို ပါဝင်တက်ရောက်တာကလည်း ကျွန်တော့်ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
အသက်ကြီးလာပေမဲ့ ခရစ်ယာန်ချင်းတွေနဲ့အတူ အလုပ်လုပ်ဖို့၊ တခြားသူတွေကို ကျမ်းစာသင်ပေးဖို့နဲ့ ဓမ္မအမှုလုပ်ငန်းမှာ ပါဝင်နိုင်ဖို့ ခွန်အားရှိနေသေးတဲ့အတွက် ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ ဒီနည်းတွေနဲ့ တခြားသူတွေအတွက် အမှုဆောင်တာက စိတ်ပျက်အားငယ်တာတွေကို ကျော်လွှားနိုင်တဲ့ခွန်အား ရှိစေတယ်။ ဘဝမှာ ကြေကွဲစရာတွေအများကြီးကြုံခဲ့ရပေမဲ့ ယေဟောဝါကို ကျွန်တော် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိတယ်။a
[အောက်ခြေမှတ်ချက်]
a အဲန်ရစ်ကီ ကာရာဘာကာ အကို့စ်တာသည် အထက်ပါဘဝမှတ်တမ်းကို ရေးသားပြီး နှစ်နှစ်အကြာ၊ အသက် ၉၀ အရွယ်တွင် ကွယ်လွန်ခဲ့သည်။
[စာမျက်နှာ ၂၀ ပါအကျဉ်းဖော်ပြချက်]
ကျမ်းစာနေ့တိုင်းဖတ်တာက နှစ်သိမ့်မှုနဲ့ခံနိုင်ရည်ရှိနိုင်ဖို့ အဓိကကူညီပေးခဲ့တယ်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ကျမ်းစာဟောပြောချက်ကို ဦးဆုံးအကြိမ်ပေးစဉ်က
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
လူငယ်ဘဝတုန်းက လယ်ကွင်းဓမ္မအမှု၌ ပါဝင်စဉ်