ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၃/၁ စာ. ၁၂-၁၄
  • သမ္မာကျမ်းစာက လောင်းကစားခြင်းကိုရှုတ်ချထားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာက လောင်းကစားခြင်းကိုရှုတ်ချထားသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကံတရားရဲ့ ဆွဲဆောင်အား
  • လောင်းကြေးရရှိပုံ
  • ရှောင်အပ်တဲ့ “ကျော့ကွင်း”
  • လောင်းကစားခြင်း
    နိုးလော့!—၂၀၁၅
  • လောင်းကစားလုပ်တာ အပြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၃/၁ စာ. ၁၂-၁၄

သမ္မာကျမ်းစာက လောင်းကစားခြင်းကိုရှုတ်ချထားသလား

နာမည်ကြီး ရုပ်ရှင်တွေ၊ ရုပ်မြင်သံကြားပြကွက်တွေမှာ လောင်းကစားခြင်းအကြောင်း၊ အထူးသဖြင့် ချောမောလှပပြီး ခေတ်မီတဲ့ လူကုံထံတွေ ဝါသနာအရ ကစားနေတဲ့ လောင်းကစားရုံတွေအကြောင်း တင်ဆက်တတ်ကြတယ်။ တချို့က အဲဒီပြကွက်တွေဟာ တကယ်မဟုတ်ဘူးဆိုတာ သိထားပေမဲ့ တချို့ကတော့ အဲဒီပြကွက်တွေကိုကြည့်ပြီး စိတ်ကူးရေလျဉ်ကြောမှာ မျောပါသွားကြတယ်။

ဒါပေမဲ့ ရုပ်ရှင်ပြင်ပလောကမှာ ထီထိုးခြင်း၊ ဘောလုံးပွဲလောင်းခြင်းနဲ့ အင်တာနက်ကနေတစ်ဆင့် လောင်းကစားခြင်းတွေ ရေပန်းစားနေပါတယ်။ လောင်းကစားခြင်းက “တောမီးလိုပဲ တစ်ကမ္ဘာလုံးနီးပါး မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတယ်” ဆိုပြီး စာအုပ်တစ်အုပ် (Internet Gambling) မှာဖော်ပြထားတယ်။ ဥပမာအနေနဲ့ နိုင်ငံတချို့မှာ အခုဆိုရင် ပိုကာဖဲကစားခြင်းကို အားကစားတစ်ခုအနေနဲ့ ရုပ်မြင်သံကြားတွေမှာရော၊ အင်တာနက်တွေမှာပါ ပေါ်ပေါ်ထင်ထင် တင်ဆက်နေကြပါတယ်။ အမေရိကန်နိုင်ငံမှာ ပိုကာဖဲကစားသူအရေအတွက်က လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာ နှစ်ဆတိုးလာတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြတယ်ဆိုပြီး သတင်းစာတစ်စောင်မှာ ဖော်ပြထားတယ်။

လောင်းကစားခြင်းဆိုတာ မသေချာမရေရာတဲ့ အကျိုးအမြတ်တစ်ခုအတွက် ငွေနဲ့အလောင်းအစားပြုလုပ်ခြင်းလို့ ပြောကြတယ်။ လောင်းကစားသမားမှာ ငွေရှိနေသရွေ့၊ မစွဲသရွေ့ လောင်းကစားတာ မမှားဘူးဆိုပြီး လူတော်တော်များများက ဆင်ခြေပေးကြတယ်။ “လူတစ်ယောက် လုပ်ဆောင်ရမယ့်တာဝန်တွေကို မထိခိုက်သရွေ့” လောင်းကစားတာက “အပြစ်မရှိဘူး” ဆိုပြီး စွယ်စုံကျမ်းတစ်ကျမ်း (New Catholic Encyclopedia) မှာဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီအဆိုကို ကျမ်းစာ ဘယ်နေရာမှာမှ ထောက်ခံထားတာ မရှိပါဘူး။ ဒါဆိုရင် လောင်းကစားခြင်းကို ခရစ်ယာန်တစ်ဦး ဘယ်လိုရှုမြင်သင့်သလဲ။ သမ္မာကျမ်းစာကကော လောင်းကစားခြင်းကို ခွင့်ပြုထားသလား ဒါမှမဟုတ် ပြစ်တင်ရှုတ်ချထားပါသလား။

မှတ်သားထားရမယ့် အချက်ကတော့ သမ္မာကျမ်းစာမှာ လောင်းကစားခြင်းအကြောင်း တိုက်ရိုက်ဖော်ပြထားခြင်း မရှိဘူးဆိုတာပါပဲ။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာကျမ်းစာလမ်းညွှန်ချက်မှ မရှိဘူးလို့တော့ မဆိုလိုဘူး။ ကျမ်းစာက လုပ်ရပ်တိုင်း၊ အခြေအနေတိုင်းအတွက် စည်းမျဉ်းတွေ ချမှတ်ပေးမယ့်အစား ‘ယေဟောဝါဘုရားသခင်၏ အလိုတော်ကို သိမြင်လျက်နေ’ ပါဆိုပြီး တိုက်တွန်းထားပါတယ်။ (ဧဖက် ၅:၁၇) “သိမြင်” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးက “အကြောင်းအရာကို အလေးအနက် စဉ်းစားဆင်ခြင်ရာကနေ ရရှိလာတဲ့ အသိ” ကိုပြောတာလို့ ကျမ်းပညာရှင် အီး. ဒဗလျူ. ဘူလင်ငါက ဆိုတယ်။ ဒါကြောင့် ခရစ်ယာန်တစ်ဦးဟာ လောင်းကစားခြင်းရဲ့ သွင်ပြင်လက္ခဏာတွေကို ကျမ်းစာမူတွေနဲ့ဆက်စပ်ပြီး စဉ်းစားဆင်ခြင်မယ်ဆိုရင် ဘုရားသခင့်အလိုတော်ကို သိမြင်လာနိုင်ပါတယ်။ အောက်ပါဆွေးနွေးချက်မှာ ရည်ညွှန်းထားတဲ့ ကျမ်းချက်တွေကို ဖတ်ကြည့်ပြီးတဲ့နောက် ‘ဒီကျမ်းချက်က လောင်းကစားခြင်းနဲ့ ဆက်စပ်မှုရှိသလား။ လောင်းကစားခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင့်အလိုတော်ကို ကျမ်းစာမှာ ဖော်ပြထားလို့လား’ ဆိုပြီး သင်မေးကောင်းမေးနိုင်တယ်။

ကံတရားရဲ့ ဆွဲဆောင်အား

လောင်းကစားခြင်းဟာ မသေချာမရေရာတဲ့အရာအပေါ် အလောင်းအစားပြုတဲ့အတွက် ကံတရားကိုယုံစားခြင်းက အဓိက ပါဝင်ပတ်သက်နေပါတယ်၊ အထူးသဖြင့် ငွေနဲ့အလောင်းအစားပြုတဲ့အခါမှာ ဖြစ်တယ်။ ဥပမာ၊ အတိတ်နိမိတ်ကောင်းတဲ့ နံပါတ်တွေကိုရွေးပြီး ထီထိုးကြတယ်။ အယူသီးတဲ့ မာကျောက်ကစားသူတွေဟာ ကစားနေတုန်း တချို့အသုံးအနှုန်းတွေကို ပြောဆိုခွင့်မပြုဘူး။ တချို့က အန်စာတုံးအပေါ် လေမှုတ်ပြီးမှ လှိမ့်ချကြတယ်။ ဘာကြောင့် အဲဒီလိုလုပ်ကြတာလဲ။ ကံတရားက အကျိုးပေးလိမ့်မယ်၊ အနည်းဆုံးတော့ ပေးကောင်းပေးနိုင်တယ်ဆိုပြီး လောင်းကစားသမားတွေ ယုံကြည်တတ်လို့ပါ။

ကံတရားကိုယုံစားပြီး ကစားတာက ပျော်စရာသက်သက်ပဲလား။ ရှေးခေတ်က အစ္စရေးလူတချို့ အဲဒီလိုပဲ ယူဆခဲ့ကြတယ်။ ကံတရားက သူတို့ကို ချမ်းသာကြွယ်ဝစေတယ်လို့ ယုံကြည်ထားကြတယ်။ ဒါကို ဘုရားသခင် ဘယ်လိုရှုမြင်ခဲ့သလဲ။ ပရောဖက်ဟေရှာယကနေတစ်ဆင့် ဘုရားသခင် ဒီလိုပြောခဲ့တယ်– ‘သင်တို့မူကား၊ ထာဝရဘုရားသခင်ကို စွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသောတောင်ကို မေ့လျော့သောသူ၊ လာဘ်ကောင်းခေါ် ဘုရားသခင်အဖို့ စားပွဲကိုခင်း၍၊ ကံကြမ္မာခေါ် ဘုရားသခင်အဖို့ ရောစပ်သော စပျစ်ရည်နှင့်ခွက်များကို ပြည့်စေသောသူများ ဖြစ်ကြသည်။’ (ဟေရှာယ ၆၅:၁၁၊ သမ္မာ) ဘုရားသခင့်ရှုမြင်ချက်အရ ကံတရားကို ယုံစားခြင်းဟာ ဝတ်ပြုကိုးကွယ်မှု ပုံစံတစ်မျိုးဖြစ်ပြီး စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ လုံးဝမအပ်စပ်ဘူး။ အဲဒါက စစ်မှန်တဲ့ဘုရားသခင်ကိုမဟုတ်ဘဲ တကယ်မရှိတဲ့ စွမ်းအားကို ယုံကြည်ကိုးစားနေတာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားသခင့်ရှုမြင်ချက် ပြောင်းလဲသွားတယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။

လောင်းကြေးရရှိပုံ

အင်တာနက်ကနေတစ်ဆင့် အလောင်းအစားပြုတာ၊ ထီထိုးတာ၊ ဘောလုံးပွဲလောင်းတာ၊ ဖဲဝိုင်းထောင်ပြီး ကစားတာ၊ ဘာပဲဖြစ်နေပါစေ လောင်းကစားသမားတွေဟာ အနိုင်ရတဲ့ လောင်းကြေးတွေ ဘယ်ကရရှိတယ်ဆိုတာကို မစဉ်းစားမိကြပါဘူး။ လောင်းကစားတာက တရားဝင်အရောင်းအဝယ်လုပ်တာနဲ့ မတူဘူး။ ဘာကြောင့်လဲဆိုတော့ လောင်းကစားသူဟာ တခြားကစားဖော်တွေရှုံးသွားတဲ့ ငွေကို ရယူချင်လို့ဖြစ်ပါတယ်။a “ထီထိုးပြီး သန်းကြွယ်သူဌေး ဖြစ်သွားတဲ့သူတွေဟာ သန်းနဲ့ချီတဲ့သူတွေရဲ့ ဆုံးရှုံးငွေတွေကို ရရှိသွားတာဖြစ်တယ်” လို့ ဌာနတစ်ခု (Canada’s Centre for Addiction and Mental Health) ကပြောတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ဘုရားသခင့်ရှုမြင်ချက်ကို ခရစ်ယာန်တစ်ဦး နားလည်ဖို့ ဘယ်ကျမ်းစာမူတွေက ကူညီပေးနိုင်သလဲ။

ရှေးခေတ်က အစ္စရေးလူတွေကို ပေးခဲ့တဲ့ ပညတ်တော်ဆယ်ပါးထဲက နောက်ဆုံးပညတ်မှာ ဒီလိုဖော်ပြထားတယ်– “ကိုယ်နှင့်သက်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ သူ၏ကျွန်ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။” (ထွက်မြောက်ရာ ၂၀:၁၇) လူတစ်ဦးပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းနဲ့ငွေကို လိုချင်တပ်မက်ခြင်းဟာ သူ့မယားကိုတပ်မက်ခြင်းလိုပဲ ကြီးလေးတဲ့အပြစ်ဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာလည်း အဲဒီပညတ်ကိုပဲ တမန်တော်ပေါလု ဒီလိုထပ်ပြောခဲ့သေးတယ်– “တပ်မက်သောစိတ်မရှိရ။” (ရောမ ၇:၇) သူတစ်ပါးရဲ့အရှုံးငွေကို ရယူဖို့ ကြိုးစားတဲ့ ခရစ်ယာန်တစ်ဦးမှာ တပ်မက်တဲ့စိတ်ရှိနေတယ်လို့ ပြောလို့ရသလား။

“လောင်းကစားသမားတွေမှာ တပ်မက်တဲ့စိတ်ရှိမရှိဆိုတာ သူတို့ဝန်ခံချင်ရင်လည်းရတယ်၊ မဝန်ခံချင်ရင်လည်းရတယ်။ ဒါပေမဲ့ သူတို့ဟာ လောင်းမကစားခင်မှာ ငွေနည်းနည်းလေး ရင်းပြီး ငွေအများကြီးရယူဖို့ တိတ်တိတ်လေး စိတ်ကူးထားကြတယ်” ဆိုပြီး ပင်တိုင်ဆောင်းပါးရှင် ဂျေ. ဖိလစ် ဗိုဂယ်လ်က ရေးသားဖော်ပြခဲ့တယ်။ အဲလိုလောင်းကစားသမားတွေဟာ တစ်ချီတည်းနဲ့ အပွကြံချင်တဲ့သူတွေ ဖြစ်ပါတယ်။ အဲလိုသဘောထားမျိုးက “မိမိလက်နှင့် ကောင်းသောအလုပ်ကို ကြိုးစားလုပ်ကိုင်ပါစေ။ သို့မှသာ အကူအညီလိုအပ်သူကို ပေးကမ်းဝေငှနိုင်မည်” ဆိုတဲ့ ကျမ်းစာဆုံးမစကားနဲ့ လားလားကြီး ဆန့်ကျင်နေတယ်ဆိုတာ ထင်ရှားတယ်။ (ဧဖက် ၄:၂၈) တမန်တော်ပေါလုကလည်း ဒီလို တိတိကျကျ ပြောခဲ့တယ်– “မည်သူမဆို အလုပ်မလုပ်လိုလျှင် အစာကိုလည်း မစားစေနှင့်။” အဲဒီအပြင် “ကိုယ့်ဝမ်းစာ ကိုယ်ရှာစား” ဖို့လည်း သူပြောခဲ့တယ်။ (၂ သက်သာလောနိတ် ၃:၁၀၊ ၁၂) ဒါပေမဲ့ လောင်းကစားခြင်းကို ဝမ်းစာရှာလုပ်ငန်းတစ်ခုအနေနဲ့ ကစားရင်ကော ရပါ့မလား။

လောင်းကစားတဲ့အခါ အကြိတ်အနယ် ကစားတာမျိုး ဖြစ်နိုင်ပေမဲ့ အနိုင်ရခဲ့တဲ့ လောင်းကြေးတွေက အလုပ်လုပ်ပေးလို့ ဒါမှမဟုတ် ဝန်ဆောင်မှုပေးလို့ ရရှိတဲ့ အခကြေးငွေမျိုးတော့ မဟုတ်ဘူး။ လောင်းကစားတဲ့အခါ နိုင်မယ့်ကိန်း မရှိသလောက်ပဲ။ အဲဒါက အကြောင်းတိုက်ဆိုင်မှုအပေါ်မှာပဲ မူတည်ပါတယ်။ လူတွေဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အနိုင်ရကိုရမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ကစားသွားကြတာဖြစ်တယ်။ လိုရင်းပြောရမယ်ဆိုရင် လောင်းကစားတဲ့သူဟာ ငွေကို အချောင်ရဖို့အတွက် အားထုတ်နေတာဖြစ်တယ်။ ခရစ်ယာန်စစ်တွေကျတော့ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ငွေရှာဖို့ တိုက်တွန်းခံရပါတယ်။ ‘[“အလုပ်ကို ကြိုးကြိုးစားစား လုပ်သောကြောင့်၊” ကဘ] စားသောက်ခြင်းငှာလည်းကောင်း၊ စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း လူ၌ ကောင်းသောအခွင့်မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ ထိုသို့သောအခွင့်ကိုရနိုင်သည်’ ဆိုပြီး ဘုရင်ရှောလမုန် ရေးသားခဲ့တယ်။ (ဒေ. ၂:၂၄) ခရစ်ယာန်စစ်တွေဟာ ငွေကို စိတ်ကူးယဉ်ဆန်ဆန် ဖြတ်လမ်းနည်းနဲ့ရအောင် ကြိုးစားမယ့်အစား ပျော်ရွှင်မှုနဲ့ အကျိုးကျေးဇူးတွေ ခံစားရရှိဖို့အတွက် ဘုရားသခင်ကိုပဲ ယုံကြည်ကိုးစားကြပါတယ်။

ရှောင်အပ်တဲ့ “ကျော့ကွင်း”

လောင်းကစားသမားတစ်ယောက်ဟာ နိုင်မယ့်ကိန်းရှိပြီး အနိုင်ရသွားရင်တောင် လတ်တလောခံစားရတဲ့ စိတ်လှုပ်ရှားမှုကိုပဲမဟုတ်ဘဲ လောင်းကစားခြင်းရဲ့ ရေရှည်အကျိုးဆက်ကို ထည့်တွက်သင့်တယ်။ “အစအဦး၌ လောဘအလိုက် ဥစ္စာပိုင်ရသော်လည်း အဆုံးတွင် အမင်္ဂလာတည်လိမ့်မည်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (သု. ၂၀:၂၁၊ သမ) ထီပေါက်သူအတော်များများနဲ့ တခြားလောင်းကစားသမားတွေဟာ သူတို့ရရှိတဲ့ ငွေကြေးတွေက သူတို့ကို ပျော်ရွှင်မှုမပေးဘူးဆိုတာ သိလာကြတယ်။ “မမြဲသောစည်းစိမ်ကို မကိုးစားဘဲ ငါတို့ ပျော်မွေ့နိုင်ရန် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပေးသနားတော်မူသော ဘုရားသခင်အား ကိုးစား” ပါဆိုတဲ့ ကျမ်းစာဆုံးမစကားကို လိုက်လျှောက်တာက ပိုပြီးမကောင်းဘူးလား။—၁ တိမောသေ ၆:၁၇။

လောင်းကစားတယ်ဆိုတာ အနိုင်အရှုံးလောက်ပဲမကဘူး၊ အဲဒါထက်ပိုကြီးမားတဲ့ အန္တရာယ်တွေ ရှိနေပါသေးတယ်။ “ချမ်းသာရန် စိတ်ပိုင်းဖြတ်ထားသူတို့မူကား လူတို့ကို လုံးလုံးပျက်စီး ဆုံးရှုံးစေတတ်သော သွေးဆောင်ခြင်း၊ ကျော့မိခြင်းနှင့် မိုက်မဲ၍ ထိခိုက်နစ်နာစေနိုင်သည့် အလိုဆန္ဒများထဲသို့ ကျရောက်ကြ၏” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ တိမောသေ ၆:၉) ကျော့ကွင်းဆိုတာ သားကောင်ကိုဖမ်းဖို့ပါ။ လောင်းကြေးနည်းနည်းနဲ့ပဲဖြစ်ဖြစ်၊ အစမ်းသဘောအနေနဲ့ တစ်ခဏပဲဖြစ်ဖြစ် ကစားကြတဲ့သူတွေဟာ လောင်းကစားခြင်းဆိုတဲ့ ကျော့ကွင်းထဲ ကျရောက်သွားပြီး ရုန်းမထွက်နိုင်တော့ဘဲ စွဲသွားကြတော့တယ်။ အဲဒီလိုနဲ့ အလုပ်အကိုင်တွေပျက်၊ ချစ်မြတ်နိုးရတဲ့သူတွေ စိတ်ထိခိုက်ရ၊ နောက်ဆုံး မိသားစုဘဝ ပြိုကွဲရတဲ့အခြေအနေကို ဆိုက်ရောက်သွားကြတယ်။

လောင်းကစားခြင်းနဲ့ပတ်သက်တဲ့ ကျမ်းချက်တွေကို ဆင်ခြင်သုံးသပ်ပြီးတဲ့နောက် ဘုရားသခင့်အလိုတော်က ဘာလဲဆိုတာကို သင် အခု သိမြင်လာပြီလား။ “သင်တို့သည် လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့။ ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်မည်အကြောင်း သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့” ဆိုပြီး ခရစ်ယာန်တွေကို တမန်တော်ပေါလု တိုက်တွန်းခဲ့တယ်။ (ရောမ ၁၂:၂) ခရစ်ယာန်တစ်ယောက်ဟာ မိမိရဲ့ဘဝကို လူအများရဲ့ထင်မြင်ချက်နဲ့ မဟုတ်ဘဲ ဘုရားသခင့်အလိုတော်နဲ့ လမ်းညွှန်ခံသင့်ပါတယ်။ “ပျော်ရွှင်သော ဘုရားသခင်” ဖြစ်တဲ့ ယေဟောဝါဟာ ကျွန်ုပ်တို့ကို လောင်းကစားခြင်းရဲ့ ဆိုးကျိုးတွေ မခံစားရတဲ့ ဘဝအသက်တာမျိုးနဲ့ ပျော်ရွှင်စွာ နေထိုင်စေလိုတယ်။—၁ တိမောသေ ၁:၁၁။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၀၀၊ အောက်တိုဘာ ၈၊ နိုးလော့!၊ စာမျက်နှာ ၂၅ ကနေ ၂၇ [အင်္ဂလိပ်] မှာဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၁၄ ပါအကျဉ်းဖော်ပြချက်]

ခရစ်ယာန်စစ်တွေဟာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပြီး ငွေရှာကြ

[စာမျက်နှာ ၁၃ ပါလေးထောင့်ကွက်]

အနိုင်ရတဲ့အခါ ခံစားရတဲ့ စိတ်လှုပ်ရှားမှု

လောင်းကစားခြင်းကို အလွယ်တကူ စွဲသွားနိုင်သလား။ အနိုင်အရှုံးနဲ့ပတ်သက်ပြီး လောင်းကစားသမားတွေရဲ့ တုံ့ပြန်မှုတွေကို လေ့လာကြည့်ပြီးတဲ့နောက် သူတို့ “တကယ် လောင်းကစားနေသလိုမျိုးနဲ့ စမ်းသပ်ကြည့်တဲ့အခါ လောင်းကြေးအနိုင်ရသူရဲ့ ဦးနှောက်တုံ့ပြန်မှုက ကိုကင်းစွဲတဲ့သူတွေ ကိုကင်းအသုံးပြုတဲ့အခါမှာ တွေ့ရတဲ့ ဦးနှောက်တုံ့ပြန်မှုနဲ့ ခပ်ဆင်ဆင်ပဲ” ဆိုပြီး စိတ်ရောဂါအထူးကု ဆရာဝန် ဟန်စ် ဘရွိက်တာက ပြောသွားတယ်။

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

လောင်းကစားသမားတွေဟာ ဘယ်သူတွေရဲ့ ငွေကို ရယူဖို့ မျှော်လင့်နေကြတာလဲ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ