ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၀/၁ စာ. ၁၄-၁၅
  • အရောင်တွေက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရောင်တွေက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရောင်တွေက စိတ်ခံစားချက်အပေါ် လွှမ်းမိုး
  • အရောင်တွေက မှတ်မိဖို့ ထောက်ကူပေး
  • သင်သည် အရောင်ကန်းခြင်းဝေဒနာ ခံစားနေရပါသလော
    နိုးလော့!—၂၀၀၇
  • ဘုရားသခင့် အရည်အသွေးတွေကို သင် တွေ့မြင်ပါသလား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၀/၁ စာ. ၁၄-၁၅

အရောင်တွေက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ

ပတ်ဝန်းကျင်ကို သင် ဝေ့ကြည့်လိုက်ချိန်မှာ သင့်မျက်လုံးနဲ့ ဦးနှောက်က ပူးပေါင်းပြီး အချက်အလက်တွေ ရယူနေပါတယ်။ အနီးနားမှာရှိတဲ့ အသီးကို သင် မြင်တဲ့အခါ စားချင်စရာကောင်းမကောင်းဆိုတာ ဆုံးဖြတ်တယ်။ ကောင်းကင်ကို ကြည့်ပြီး ဒီနေ့ မိုးရွာမယ်၊ မရွာဘူးဆိုတာ ခန့်မှန်းတယ်။ သင် အခု ဖတ်နေတဲ့ စကားလုံးတွေကို ကြည့်ပြီး အဓိပ္ပာယ်ဖော်ထုတ်တယ်။ အဲဒီအရာတွေအားလုံးကို သင် လုပ်ဆောင်နိုင်တာ အရောင်တွေကြောင့်ဖြစ်တယ်။ ဘာကြောင့် အဲလိုပြောနိုင်တာလဲ။

အသီးရဲ့အရောင်ကြောင့် ဒီအသီး မှည့်မမှည့်၊ စားချင်စရာကောင်းမကောင်းဆိုတာ သိနိုင်တယ်။ ကောင်းကင်နဲ့ တိမ်တွေရဲ့ အရောင်က ရာသီဥတုအခြေအနေကို ဖော်ပြတယ်။ စကားလုံးတွေနဲ့ စာရွက်ရဲ့ အရောင် မတူတဲ့အတွက် ဒီစာကို သင်ဖတ်နိုင်ခြင်းဖြစ်တယ်။ အရောင်တွေကြောင့် သင့်ဝန်းကျင်မှာရှိတဲ့ အကြောင်းအရာတွေကို သိနေတယ်ဆိုတာ သင် သတိပြုမိချင်မှ ပြုမိမယ်။ ဒါ့အပြင် အရောင်တွေက သင့်ရဲ့စိတ်ခံစားချက်တွေကိုလည်း လွှမ်းမိုးနိုင်တယ်။

အရောင်တွေက စိတ်ခံစားချက်အပေါ် လွှမ်းမိုး

စတိုးဆိုင်တစ်ဆိုင်ကို ဝင်သွားတဲ့အခါ သင့်အာရုံကို ဖမ်းစားဖို့ ရည်ရွယ်ပြီး ထုပ်ပိုးထားတဲ့ ပစ္စည်းပစ္စယများစွာကို တွေ့မြင်ရပါလိမ့်မယ်။ ပစ္စည်းကြော်ငြာသူတွေက လူတွေကို ဆွဲဆောင်နိုင်ဖို့ လူတွေရဲ့အကြိုက်၊ ကျားမအမျိုးအစား၊ အသက်အရွယ်ပေါ် မူတည်ပြီး အရောင်တွေကို သေချာရွေးချယ်တဲ့အပြင် ပေါင်းစပ်အသုံးပြုတယ်ဆိုတာ သင် သိချင်မှသိမယ်။ အရောင်တွေဟာ လူ့ခံစားချက်တွေပေါ် ဩဇာလွှမ်းမိုးမှုရှိတယ်ဆိုတာ အိမ်တွင်းအလှဆင်သူတွေ၊ အဝတ်အစား ဒီဇိုင်းနာတွေ၊ ပန်းချီဆရာတွေလည်း သိကြတယ်။

လူတွေက ကိုယ့်ရဲ့ဒေသဓလေ့ထုံးစံပေါ် မူတည်ပြီး အရောင်တွေကို အမျိုးမျိုး အနက်ဖွင့်ကြတယ်။ ဥပမာ၊ အာရှတိုက်သားတချို့က အနီရောင်ကို လာဘ်ကောင်းတယ်လို့ ယူဆပြီး ပွဲလမ်းသဘင်တွေမှာ အသုံးပြုတတ်ကြတယ်။ အာဖရိကတိုက်ရဲ့ တချို့နေရာတွေမှာကျတော့ အနီရောင်ကို ဝမ်းနည်းကြေကွဲစရာအရောင်အဖြစ် သတ်မှတ်ကြတယ်။ ဒါပေမဲ့ တချို့အရောင်တွေက လူအားလုံးကို တူညီတဲ့စိတ်ခံစားချက်တွေ ဖြစ်ပေါ်စေတယ်။ အခု၊ အရောင်သုံးမျိုးနဲ့ အဲဒီအရောင်တွေက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲဆိုတာ သုံးသပ်ကြည့်ရအောင်။

အနီရောင် က အရမ်းထင်သာမြင်သာရှိတဲ့အရောင် ဖြစ်တယ်။ အနီရောင်ကို စွမ်းအား၊ စစ်၊ အန္တရာယ်တွေနဲ့ တွဲဖက်ဖော်ပြလေ့ရှိတယ်။ ဒီအရောင်က စိတ်တက်ကြွစေတဲ့ အရောင်ဖြစ်ပြီး ခန္ဓာကိုယ်တွင်းပြောင်းလဲမှုဖြစ်စဉ်ကို မြန်စေတယ်။ အသက်ရှူနှုန်းမြန်စေတယ်၊ သွေးဖိအား မြင့်တက်လာစေတယ်။

သမ္မာကျမ်းစာထဲက “အနီရောင်” ဆိုတဲ့ ဟီဘရူးစကားလုံးဟာ “သွေး” လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးကနေ ဆင်းသက်လာတယ်။ လူ့အသက်ကိုသတ်တဲ့ ပြည့်တန်ဆာမဟာ ခရမ်းရောင်နဲ့ အနီရဲရဲ အဝတ်ကို ဝတ်ဆင်ထားပြီး “ဘုရားသခင်ကို စော်ကားသောအမည်များဖြင့် ပြည့်” တဲ့ “နီမြန်းသောသားရဲတစ်ကောင်” အပေါ်မှာ ထိုင်နေပုံကို ကွင်းကွင်းကွက်ကွက် မြင်သာလာအောင် သမ္မာကျမ်းစာထဲမှာ နီရဲတဲ့အရောင်တွေနဲ့ သရုပ်ဖော်ထားတယ်။—ဗျာဒိတ် ၁၇:၁-၆။

အစိမ်းရောင် က အနီရောင်နဲ့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုရှိတယ်။ အဲဒီအရောင်က ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်ကို နှေးစေပြီး စိတ်ငြိမ်သက်စေတယ်။ မျက်စိအေးတဲ့အရောင်ဖြစ်တယ်။ အစိမ်းရောင်ကို ငြိမ်သက်အေးချမ်းမှုနဲ့ တွဲဖက်ဖော်ပြလေ့ရှိတယ်။ စိမ်းစိုနေတဲ့ ဥယျာဉ်တွေ၊ တောင်စောင်းတွေကို မြင်လိုက်ရတဲ့အခါ ကျွန်ုပ်တို့စိတ်ထဲ အေးမြသွားတယ်။ ဘုရားသခင်က လူသားတွေအတွက် အစိမ်းရောင်အပင်အမျိုးမျိုးကို ဖန်ဆင်းပေးတယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားတယ်။—ကမ္ဘာဦး ၁:၁၁၊ ၁၂၊ ၂၉၊ ၃၀။

အဖြူရောင် ကို တောက်ပမှု၊ ဘေးကင်းလုံခြုံမှု၊ သန့်ရှင်းမှုနဲ့ တွဲဖက်ဖော်ပြလေ့ရှိတယ်။ ကောင်းမြတ်ခြင်း၊ အပြစ်မဲ့ခြင်း၊ စင်ကြယ်ခြင်းတို့နဲ့လည်း တွဲသုံးလေ့ရှိတယ်။ အဖြူရောင်ဟာ သမ္မာကျမ်းစာထဲမှာ အများဆုံးဖော်ပြခံရတဲ့ အရောင်ဖြစ်တယ်။ သမ္မာကျမ်းစာပါ ရူပါရုံတစ်ခုမှာ လူတွေ၊ ကောင်းကင်တမန်တွေက ဝတ်လုံဖြူတွေ ဝတ်ဆင်ထားတယ်လို့ ဖော်ပြထားပြီး ဝတ်လုံဖြူက ဖြောင့်မတ်မှုနဲ့ ဝတ်ပြုရေး သန့်ရှင်းမှုကို အလေးပေးနေတာဖြစ်တယ်။ (ယောဟန် ၂၀:၁၂; ဗျာဒိတ် ၃:၄; ၇:၉၊ ၁၃၊ ၁၄) နောက်ရူပါရုံတစ်ခုမှာတော့ ဝတ်လုံဖြူ ဝတ်ထားသူတွေ စီးနေတဲ့ မြင်းဖြူတွေဟာ ဖြောင့်မတ်တဲ့ စစ်ပွဲကို ပုံဆောင်တယ်။ (ဗျာဒိတ် ၁၉:၁၄) ဘုရားသခင်က အပြစ်တွေကို ခွင့်လွှတ်ဖို့ တလိုတလားရှိတယ်ဆိုတာကိုလည်း သမ္မာကျမ်းစာထဲမှာ အဖြူရောင်ကိုသုံးပြီး ခုလိုဖော်ပြထားတယ်– “သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။”—ဟေရှာယ ၁:၁၈။

အရောင်တွေက မှတ်မိဖို့ ထောက်ကူပေး

သမ္မာကျမ်းစာထဲမှာ အရောင်တွေအကြောင်း ဖော်ပြထားပုံကိုကြည့်ရင် အရောင်တွေဟာ လူသားတွေရဲ့ စိတ်ခံစားချက်အပေါ် လွှမ်းမိုးနိုင်တယ်ဆိုတာ ဘုရားသခင် သိကြောင်း ထင်ရှားတယ်။ ဥပမာ၊ ဒီနေ့ခေတ် လူသားတွေ ကြုံတွေ့ရမယ့်အရာတွေကို ဗျာဒိတ်ကျမ်းမှာ ကြိုဟောထားတယ်။ အဲဒီထဲမှာ စစ်မှု၊ အစာခေါင်းပါးမှုအပြင် အစာရေစာပြတ်လပ်ပြီး ကပ်ရောဂါအမျိုးမျိုးကြောင့် မသေသင့်ဘဲ သေဆုံးရမယ်ဆိုတာတွေလည်း ပါတယ်။ အဲဒီကြိုဟောချက်ကို မှတ်မိနိုင်ဖို့ မြင်းစီးတဲ့သူတွေက သာမန်မြင်းတွေမဟုတ်ဘဲ အရောင်အသွေးရှိတဲ့မြင်းတွေကို စီးနေတယ်ဆိုပြီး ဒီထူးခြားတဲ့ရူပါရုံမှာ ဖော်ပြထားတယ်။

အဲဒီရူပါရုံမှာ ဦးဆုံးမြင်ရတဲ့မြင်းက အဖြူရောင်ဖြစ်ပြီး ဒါက ယေရှုခရစ်ရဲ့ ဖြောင့်မတ်တဲ့ စစ်ပွဲကို ပုံတင်ပြတယ်။ နောက်ထပ်မြင်ရတဲ့မြင်းက နီရဲနေတဲ့အရောင်ရှိပြီး လူတစ်မျိုးနဲ့တစ်မျိုး တိုက်ခိုက်မယ့်စစ်ပွဲကို ပုံဆောင်တယ်။ အဲဒီနောက်မှာ မြင်းနက်တစ်စီး လိုက်လာတယ်။ ဒါက အစာခေါင်းပါးခြင်းကို ပုံတင်ပြတယ်။ နောက်ဆုံးမှာတော့ “မြင်းမွဲတစ်စီး” ထွက်ပေါ်လာပြီး ‘မြင်းစီးသူရဲက သေခြင်း’ ဆိုတဲ့ အမည်ရှိတယ်။ (ဗျာဒိတ် ၆:၁-၈) ဒါကြောင့် မြင်းတစ်ကောင်စီရဲ့ အရောင်က မြင်းတွေရဲ့ပုံဆောင်ချက်တွေနဲ့ညီတဲ့ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်လာစေနိုင်တယ်။ အဲဒီမြင်းတွေမှာ အရောင်တွေပါတဲ့အတွက် ကျွန်ုပ်တို့ အလွယ်တကူ မှတ်မိနိုင်ပြီး ကျွန်ုပ်တို့ခေတ်နဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေကိုလည်း ပြန်သတိရစေနိုင်တယ်။

ပီပီပြင်ပြင် ရုပ်လုံးဖော်နိုင်ဖို့ အရောင်တွေကို အသုံးပြုထားတဲ့ ပုံနမူနာများစွာ သမ္မာကျမ်းစာထဲမှာ ရှိပါတယ်။ အလင်း၊ အရောင်အသွေးနဲ့ လူ့မျက်စိကို ဖန်ဆင်းခဲ့တဲ့အရှင်ဟာ ကျမ်းစာပါအချက်တွေကို ရုပ်လုံးပေါ်စေဖို့ အရောင်တွေကို သင်ထောက်ကူပစ္စည်းအဖြစ် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုထားတယ်။ ဒါကြောင့်လည်း စာဖတ်သူတွေဟာ ကျမ်းစာကို သဘောပေါက်ပြီး မှတ်မိနိုင်ကြတယ်။ ကျွန်ုပ်တို့ အခြေနေတွေကို သိရှိပြီး ဆုံးဖြတ်နိုင်ဖို့ အရောင်တွေက ထောက်ကူပေးတယ်။ အရောင်တွေက ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ဒါ့အပြင် အရေးကြီးတဲ့အချက်အလက်တွေကို မှတ်မိဖို့လည်း ထောက်ကူပေးနိုင်တယ်။ အမှန်ပါပဲ၊ အရောင်တွေဟာ ကျွန်ုပ်တို့ဘဝကို ပျော်ရွှင်စေဖို့ ဘုရားပေးထားတဲ့ လက်ဆောင်မွန်တစ်ခု ဖြစ်ပါတယ်။

နောဧနဲ့ သူ့မိသားစုတို့ သင်္ဘောထဲက ထွက်လာတဲ့အခါ ဘုရားသခင်က ရောင်စုံသက်တံတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ ဒီသက်တံဟာ လူတွေကို ရေလွှမ်းမိုးဘေးနဲ့ နောက်ဘယ်တော့မှ ဖျက်ဆီးတော့မှာမဟုတ်ဘူးဆိုတဲ့ ဘုရားပေးကတိရဲ့ သက်သေဖြစ်တယ်။ ဒီရောင်စုံသက်တံလေးဟာ အရမ်းလှလွန်းလို့ သူတို့ရဲ့ စိတ်ထဲမှာ မမေ့နိုင်လောက်အောင် စွဲမှတ်သွားမယ်ဆိုတာ သေချာပါတယ်။—ကမ္ဘာဦး ၉:၁၂-၁၇။

လူတွေ အသက်ဆက်ရှင်နိုင်ဖို့ အရောင်တွေကို မြင်နိုင်တဲ့အစွမ်း မလိုအပ်ပါဘူး။ ဒါပေမဲ့ အရောင်မြောက်မြားစွာကို လူတွေ ဘာကြောင့် ခွဲခြားသိမြင်နိုင်စွမ်းရှိသလဲဆိုတာ ဆင့်ကဲပညာရှင်တွေ သိချင်ကြမှာပဲ။ ဘုရားသခင်က လူတွေကို ပျော်ရွှင်စေချင်လို့ အရောင်တွေအများကြီးကို ကြည်နူးခံစားနိုင်စွမ်းနဲ့ ဖန်ဆင်းထားတယ်ဆိုတာ ကျွန်ုပ်တို့ လက်ခံမယ်ဆိုရင် အဲဒီအစွမ်းကို ဘုရားပေးထားတဲ့ မေတ္တာပါလက်ဆောင်အဖြစ် ယူမှတ်ကြပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ