မျက်နှာဖုံးဆောင်းပါး | ဘုရားသခင်နဲ့ သင် ခင်မင်ရင်းနှီးနိုင်သလား
ဘုရားသခင့်နာမည်ကို သင် သိရှိပြီး အသုံးပြုသလား
လူတစ်ယောက်ကို နာမည်မသိဘဲနဲ့ သင် ရင်းနှီးနိုင်ပါ့မလား။ ရင်းနှီးနိုင်မှာ မဟုတ်ပါဘူး။ “ဘုရားနာမည် မသိဘူးဆိုရင် ဘုရားနဲ့ ရင်းနှီးဖို့ မဖြစ်နိုင်ဘူး” လို့ ဘူလ်ဂေးရီးယန်း အမျိုးသမီး အီရီနာက ပြောပြတယ်။ ဝမ်းသာစရာက ရှေ့ဆောင်းပါးမှာ ဖော်ပြထားတဲ့အတိုင်း ဘုရားသခင်ဟာ သင်နဲ့ ခင်မင်ရင်းနှီးချင်တယ်။ ဒါကြောင့် ဘုရားသခင်ကိုယ်တိုင်က “ငါသည် မှန်ကန်သောဘုရားသခင် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏” လို့ သမ္မာကျမ်းစာကနေတစ်ဆင့် အစပြုမိတ်ဆက်ပေးထားတယ်။—ဟေရှာယ ၄၂:၈၊ သမ္မာ။
ဘုရားသခင်ကိုယ်တိုင်က “ငါသည် မှန်ကန်သောဘုရားသခင် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏” လို့ သမ္မာကျမ်းစာကနေတစ်ဆင့် အစပြုမိတ်ဆက်ပေးထားတယ်။—ဟေရှာယ ၄၂:၈၊ သမ္မာ။
သင်က ယေဟောဝါဆိုတဲ့ နာမည်ကို သိရှိပြီး အသုံးပြုတယ်၊ မပြုဘူးဆိုတာ ကိုယ်တော့်အတွက် အရေးပါသလား။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– ဟေဗြဲဗျည်းအက္ခရာလေးလုံးနဲ့ တက်တြာဂရမ်မီတန်လို့ ရေးသားထားတဲ့ ဘုရားသခင်နာမည်ကို မူရင်းဟေဗြဲကျမ်းစာစောင်တွေမှာ အကြိမ်ပေါင်း ၇,၀၀၀ နီးပါး တွေ့ရှိရပါတယ်။ သမ္မာကျမ်းစာမှာ တခြားသူတွေရဲ့နာမည်ကို အဲဒီလောက် မဖော်ပြထားဘူး။ ဒါကြောင့် ဘုရားက မိမိရဲ့နာမည် ယေဟောဝါကို သိရှိပြီး အသုံးပြုစေချင်တယ်ဆိုတာ ထင်ရှားပါတယ်။a
လူနှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုက အချင်းချင်းရဲ့နာမည်ကို သိခြင်းကနေ အစပြုတယ်။ သင်ကော ဘုရားနာမည်ကို သိသလား
ဒါပေမဲ့ ဘုရားသခင်ဟာ သန့်ရှင်းမြင့်မြတ်ပြီး တန်ခိုးအကြီးဆုံးအရှင်ဖြစ်တဲ့အတွက် ကိုယ်တော်ရဲ့နာမည်ကို အသုံးပြုတာက မရိုမသေပြုရာကျတယ်လို့ တချို့ယူမှတ်နိုင်တယ်။ သင့်မိတ်ဆွေရဲ့နာမည်ကို အလွဲသုံးစားလုပ်မှာ မဟုတ်သလို ဘုရားသခင်ရဲ့နာမည်ကို ဂုဏ်အသရေပျက်စေတဲ့နည်းနဲ့ တလွဲအသုံးပြုမှာ မဟုတ်ဘူး။ ယေဟောဝါဘုရားက မိမိကို ချစ်တဲ့သူတွေ မိမိရဲ့နာမည်ကို ဂုဏ်တင်ပြီး လူအများသိအောင် ကြေညာဖို့ အလိုရှိတယ်။ (ဆာလံ ၆၉:၃၀၊ ၃၁; ၉၆:၂၊ ၈) “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” လို့ တပည့်တွေကို ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့နာမည်ကို လူတွေသိအောင် ကြေညာမယ်ဆိုရင် ကိုယ်တော်ရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေတယ်။ အဲဒီလိုနည်းအားဖြင့် ဘုရားနဲ့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။—မဿဲ ၆:၉။
ယေဟောဝါဘုရားဟာ မိမိရဲ့ “နာမတော်ကို ဆင်ခြင်အောက်မေ့သောသူ” တွေကို အထူးဂရုစိုက်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (မာလခိ ၃:၁၆၊ သမ္မာ) သူတို့နဲ့ ပတ်သက်ပြီး ဘုရား ဒီလို ကတိပေးထားတယ်– “သူသည် ငါ့ကိုချစ်သောကြောင့် သူ့ကို ငါကယ်နုတ်မည်။ ငါ၏နာမကို သိသောကြောင့် သူ့ကို ငါချီးမြှောက်မည်။ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။” (ဆာလံ ၉၁:၁၄၊ ၁၅) ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိချင်တယ်ဆိုရင် ဘုရားရဲ့နာမည် ယေဟောဝါဆိုတာ သိရှိပြီး အသုံးပြုဖို့ အရေးကြီးပါတယ်။
a ဓမ္မဟောင်းကျမ်းလို့ လူသိများတဲ့ ဟေဗြဲကျမ်းစာစောင်မှာ ဘုရားသခင်ရဲ့နာမည် အများကြီးဖော်ပြထားပေမဲ့ ဝမ်းနည်းစရာက ဘာသာပြန်ကျမ်းတွေမှာတော့ မဖော်ပြဘဲ ချန်လှပ်ထားကြတယ်။ အဲဒီအစား “သခင်” ဒါမှမဟုတ် “ထာဝရဘုရား” ဆိုတဲ့ ဘွဲ့အမည်တွေနဲ့ အစားထိုးဖော်ပြကြတယ်။ ဒီအကြောင်းကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲစာအုပ်ရဲ့ စာမျက်နှာ ၁၉၅-၁၉၇ မှာ ဖတ်ကြည့်ပါ။