ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဇန်နဝါရီ စာ. ၂၂-၂၆
  • ဘယ်လို မေတ္တာမျိုးက စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရစေသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်လို မေတ္တာမျိုးက စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရစေသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားကို ချစ်တာလား၊ ကိုယ့်ကိုယ်ကိုယ် ချစ်တာလား
  • ကောင်းကင်ဘဏ္ဍာလား၊ မြေကြီးဘဏ္ဍာလား
  • ယေဟောဝါကို ရှာမလား၊ အပျော်အပါးလား
  • ပျော်ရွှင်မှုပေးတဲ့လမ်းစဉ်
  • မှန်သောဝတ်ပြုရေးကို ခွဲခြားသိမြင်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “မေတ္တာတရား၌ ကျင်လည်ကြလော့”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဇန်နဝါရီ စာ. ၂၂-၂၆
ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံချစ်တဲ့ အမျိုးသမီး၊ ရုပ်ဝတ္ထုပစ္စည်းတွေကို တပ်မက်တဲ့ အမျိုးသား၊ အထိန်းအကွပ်မရှိတဲ့ ပါတီမှာ အပျော်အပါးလိုက်စားသူတွေ

ဘယ်လို မေတ္တာမျိုးက စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရစေသလဲ

“ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်နေသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။” —ဆာ. ၁၄၄:၁၅။

သီချင်း– ၁၁၁၊ ၁၀၉

သင် ဘယ်လို ဖြေမလဲ

  • ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ချစ်တာမျိုး ဘယ်လို ရှောင်နိုင်မလဲ။

  • ငွေကို တပ်မက်သူတွေဟာ ဘာကြောင့် တကယ် မပျော် ကြတာလဲ။

  • ကိုယ့်ရဲ့ အပျော်အပါး လိုက်စားမှုကို ဘယ်လို ချင့်ချိန်နိုင်သလဲ။

၁။ ကျွန်တော်တို့ အသက်ရှင်နေတဲ့အချိန်က ဘာကြောင့် ထူးခြားသလဲ။

လူ့သမိုင်းရဲ့ တကယ်ထူးခြားတဲ့ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ကျမ်းစာ ကြိုဟောထားတဲ့အတိုင်း ယေဟောဝါက “လူအုပ်ကြီးတစ်အုပ်ကို” စုသိမ်းနေတယ်။ “သူတို့ဟာ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေပဲ။” သူတို့ဟာ လူရှစ်သန်းကျော်နဲ့ ဖွဲ့စည်းထားတဲ့ “အားကြီးတဲ့ လူမျိုး” ဖြစ်ပြီး “ဘုရားသခင်အတွက် နေ့ညမပြတ် အမှုဆောင်နေကြ” တယ်။ (ဗျာ. ၇:၉၊ ၁၅။ ဟေရှာ. ၆၀:၂၂) ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တဲ့သူတွေ တစ်ခါနဲ့မှ မတူအောင် တိုးများလာနေပြီ။

၂။ ဘုရားသခင်နဲ့ ကင်းကွာတဲ့သူတွေ ဘယ်လို တလွဲမေတ္တာမျိုး တင်ပြနေကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

၂ ကျွန်တော်တို့ခေတ်မှာ ဘုရားသခင်နဲ့ ကင်းကွာနေသူတွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ တလွဲမေတ္တာမျိုးကို တင်ပြမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ “နောက်ဆုံးကာလ” မှာ “လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ . . . ဘုရားသခင်ကို ချစ်တာထက် အပျော်အပါးကို ပိုနှစ်သက်သူ” ဖြစ်မယ်လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (၂ တိ. ၃:၁-၄) ကိုယ့်ကိုယ်ကိုယ် အဓိကထားတဲ့ ဒီမေတ္တာမျိုးက ခရစ်ယာန်မေတ္တာနဲ့ မအပ်စပ်ဘူး။ ကွဲပြားခြားနားတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ပန်းတိုင်တွေက လူတွေ မျှော်လင့်သလို ပျော်ရွှင်မှု မပေးနိုင်ဘူး။ အဲဒါက “ခက်ခဲကျပ်တည်း” တဲ့၊ အတ္တဆန်တဲ့လောက ဖြစ်စေတယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာဆန်းစစ်ကြမလဲ။ ဘာကြောင့်လဲ။

၃ ပျံ့နှံ့နေတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ မေတ္တာဟာ ခရစ်ယာန်တွေအတွက် အန္တရာယ်ရှိတယ်လို့ ပေါလု အသိအမှတ် ပြုခဲ့တယ်။ ဒါကြောင့် လွဲမှားတဲ့ ချစ်ခြင်းမေတ္တာ တင်ပြသူတွေကို “ရှောင်ပါ” လို့ သတိပေးခဲ့တယ်။ (၂ တိ. ၃:၅) ဒါပေမဲ့ အဲဒီလိုလူတွေကို လုံးဝ ရှောင်ကြဉ်ဖို့ မဖြစ်နိုင်ဘူး။ ဒါဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ သဘောထားကို ဘယ်လို ရှောင်နိုင်ကြမလဲ။ မေတ္တာရှင် ယေဟောဝါဘုရားရဲ့ စိတ်တော်နဲ့ တွေ့အောင် ဘယ်လို ကြိုးစားနိုင်သလဲ။ ၂ တိမောသေ ၃:၂-၄ မှာ ဖော်ပြထားတဲ့ မေတ္တာနဲ့ ဘုရားရေးရာမေတ္တာ ကွဲပြားပုံကို သုံးသပ်ကြစို့။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ ကူညီပေးမယ်။ ကျွန်တော်တို့ ပြသင့်တဲ့မေတ္တာ၊ စစ်မှန်တဲ့ ပျော်ရွှင်ကျေနပ်မှု ရရှိစေတဲ့မေတ္တာ တင်ပြနိုင်ပုံကို သိနားလည်ဖို့ ကူညီပေးမယ်။

ဘုရားကို ချစ်တာလား၊ ကိုယ့်ကိုယ်ကိုယ် ချစ်တာလား

၄။ ကိုယ့်ကိုယ်ကိုယ် တော်မှန်စွာ ချစ်တာ ဘာကြောင့် မမှားသလဲ။

၄ “လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ” ဖြစ်ကြမယ်လို့ တမန်တော် ရေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တာ မှားသလား။ မမှားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တာက သဘာဝပါပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ လိုတယ်။ ကျွန်တော်တို့ကို အဲဒီလိုပဲ ယေဟောဝါ ပုံစံပြုထားတယ်။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” လို့ ယေရှု ပြောခဲ့တယ်။ (မာ. ၁၂:၃၁) ကိုယ့်ကိုယ်ကိုယ် မချစ်ရင် လူလူချင်းကိုလည်း မချစ်နိုင်ဘူး။ “ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကိုချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။ ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်” လို့လည်း ကျမ်းစာမှာ ဖတ်ရတယ်။ (ဧ. ၅:၂၈၊ ၂၉) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တော်မှန်စွာ ချစ်သင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံချစ်တဲ့ အမျိုးသမီး

၅။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ချစ်တဲ့သူတွေကို ဘယ်လို ဖော်ပြမလဲ။

၅ တိမောသေ ဒုတိယစောင် ၃:၂ မှာ ဖော်ပြထားတဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကတော့ သာမန် မဟုတ်ဘူး။ အကျိုးမပြုဘူး။ လွဲမှားတယ်။ အတ္တဆန်တယ်။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ချစ်တဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်ကြတယ်။ (ရောမ ၁၂:၃ ကိုဖတ်ပါ။) ကိုယ့်အရေးကိုပဲ စိတ်ဝင်စားတယ်။ တခြားသူတွေကို ဂရုမစိုက်ဘူး။ အမှားတွေ ပေါ်လာတဲ့အခါ တာဝန်ယူမယ့်အစား တခြားသူတွေကို အပြစ်တင်ချင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတွေကို ဖြူကောင်နဲ့ နှိုင်းထားတယ်။ ဖြူကောင်ဟာ ကိုယ်တိုင် နွေးဖို့ ကိုယ့်ကိုယ်ကိုယ် လုံးပြီးနေတယ်။ အဆူးတွေကိုတော့ ထုတ်ပြတယ်။ အဲဒီလို ကိုယ့်အတွက်ပဲ ကြည့်တဲ့သူတွေဟာ တကယ် မပျော်ကြဘူး။

၆။ ဘုရားသခင်ကို ချစ်တဲ့မေတ္တာကနေ ဘာရလဒ်ကောင်းတွေ ရသလဲ။

၆ နောက်ဆုံးကာလမှာ ပျံ့နှံ့မယ့် မကောင်းတဲ့ အရည်အသွေးတွေရဲ့ ထိပ်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကို တမန်တော်ပေါလု ဖော်ပြထားတယ်။ တခြားမကောင်းတဲ့ အရည်အသွေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကနေ ဖြစ်လာလို့ပဲဆိုပြီး ကျမ်းစာပညာရှင်တွေ ဆိုကြတယ်။ ဘုရားသခင်ကို ချစ်တဲ့သူတွေကတော့ အရည်အသွေးကောင်းတွေ ပြကြတယ်။ ကျမ်းစာမှာ ဘုရားရေးရာမေတ္တာကို “ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တို့နဲ့ ဆက်စပ်ထားတယ်။ (ဂလ. ၅:၂၂၊ ၂၃) “ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်နေသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ဆာလံဆရာ ရေးခဲ့တယ်။ (ဆာ. ၁၄၄:၁၅) ယေဟောဝါဟာ ပျော်ရွှင်တဲ့ဘုရားမို့ ဘုရားရဲ့လူတွေလည်း အဲဒီအရည်အသွေးကို တင်ပြကြတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတွေ၊ ရယူဖို့ပဲ စိတ်ဝင်စားတဲ့သူတွေနဲ့ မတူဘဲ ယေဟောဝါရဲ့ ကျေးကျွန်တွေကတော့ သူတစ်ပါးအကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆက်ရာမှာ ပျော်ရွှင်နေကြတယ်။—တ. ၂၀:၃၅။

အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေတဲ့ ညီအစ်မ

ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ ဘုရားအပေါ်ချစ်တဲ့မေတ္တာကို ပြန်ဆန်းစစ်ဖို့ ဘယ်မေးခွန်းတွေက ကူညီပေးမလဲ။

၇ ဘုရားကို ချစ်တာထက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်နေသလားဆိုတာ ဘယ်လို သိနိုင်မလဲ။ ဖိလိပ္ပိ ၂:၃၊ ၄ မှာပါတဲ့ သတိပေးချက်ကို စဉ်းစားကြည့်ပါ– “ငြင်းခုံရန်တွေ့ချင်တဲ့စိတ်၊ အတ္တစိတ်နဲ့ ဘာမှမလုပ်ကြပါနဲ့။ စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။ ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။” ကိုယ့်ကိုယ့်ကိုယ် ဒီလိုမေးကြည့်ပါ– ‘အဲဒီသတိပေးချက်ကို ငါကျင့်သုံးနေသလား။ ဘုရားသခင့် အလိုတော်ကို စိတ်ရင်းမှန်နဲ့ ရှာနေသလား။ အသင်းတော်မှာရော အမှုဆောင်လုပ်ငန်းမှာပါ တခြားသူတွေကို ကူညီပေးဖို့ ကြိုးစားနေသလား။’ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ရတာ အမြဲတော့ မလွယ်ပါဘူး။ ကြိုးစားအားထုတ်မှုနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု လိုတယ်။ ဒါပေမဲ့ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်ရဲ့ မျက်နှာသာရထားတယ်လို့ သိထားတာထက် ပျော်ရွှင်ကျေနပ်စေတဲ့အရာ ဘာရှိဦးမလဲ။

၈။ ဘုရားသခင်ကို ချစ်တဲ့မေတ္တာက ဘာလုပ်ဖို့ လူတချို့ကို လှုံ့ဆော်ပေးသလဲ။

၈ ဘုရားသခင်ကို ချစ်လို့၊ ယေဟောဝါရဲ့ အမှုတော်ကို ပိုအပြည့်အဝ ထမ်းဆောင်ချင်ကြလို့ တချို့ဆိုရင် အကျိုးအမြတ်များတဲ့ အလုပ်တွေကို စွန့်လိုက်ကြတယ်။ အမေရိကန်နိုင်ငံက အဲရစ်ကာဟာ ဆရာဝန်တစ်ယောက်ပါ။ ဆေးလောကမှာ ဂုဏ်သတင်းကြီးဖို့ မကြိုးစားဘဲ မှန်မှန်ရှေ့ဆောင် လုပ်ခဲ့တယ်။ သူ့ခင်ပွန်းနဲ့အတူ နိုင်ငံအတော်များများမှာ အမှုဆောင်ခဲ့တယ်။ အဲရစ်ကာ ဒီလိုပြောတယ်– “မိတ်ဆွေတွေ၊ နိုင်ငံခြားစကားပြော လယ်ကွင်းမှာ ကူညီပေးရတဲ့ အတွေ့အကြုံတွေက ကျွန်မတို့ဘဝကို တကယ် ကြွယ်ဝစေတယ်။ ဆရာဝန် လုပ်နေသေးပေမဲ့ လူတွေကို ဘုရားရေးရာပိုင်း ကူညီပေးဖို့၊ ညီအစ်ကို/မတွေရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးဖို့ ကျွန်မရဲ့ အချိန်နဲ့ ခွန်အားကို အာရုံစိုက် အသုံးပြုနိုင်တဲ့အတွက် ပျော်ရွှင်ကျေနပ်မှု ခံစားရစေတယ်။”

ကောင်းကင်ဘဏ္ဍာလား၊ မြေကြီးဘဏ္ဍာလား

ရုပ်ဝတ္ထုပစ္စည်းတွေကို တပ်မက်တဲ့ အမျိုးသား

၉။ ငွေကို တပ်မက်တာဟာ ဘာကြောင့် ပျော်ရွှင်မှု မရရှိသလဲ။

၉ လူတွေဟာ “ငွေကို တပ်မက်သူ” တွေဖြစ်မယ်လို့ ပေါလု ရေးခဲ့တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အိုင်ယာလန်မှာရှိတဲ့ ရှေ့ဆောင်တစ်ယောက်က လူတစ်ယောက်ကို ဘုရားသခင်အကြောင်း ပြောပြတယ်။ အဲဒီလူက ပိုက်ဆံအိတ် ဖွင့်၊ ငွေစက္ကူတချို့ ထုတ်ပြီး “ဒါ ငါ့ဘုရားပဲ” လို့ ဂုဏ်ယူစွာ ပြောခဲ့တယ်။ လူများစွာက အဲဒီလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောမှာ မဟုတ်ပေမဲ့ လောကမှာတော့ ငွေကိုရော၊ ငွေနဲ့ ဝယ်လို့ရတဲ့အရာတွေကိုပါ ချစ်တဲ့သူတွေ ပြည့်နေတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ဒီလိုသတိပေးထားတယ်– “ငွေမက်တဲ့သူဟာ ဘယ်တော့မှ ငွေနဲ့ ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။ စည်းစိမ်မက်တဲ့သူဟာ ရတဲ့ဝင်ငွေနဲ့ ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။” (ဒေ. ၅:၁၀) ငွေတပ်မက်သူတွေဟာ ငွေကို အမြဲပိုလိုချင်နေကြတယ်။ ပိုရှာကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် “ဝေဒနာများစွာ” ခံစားစေကြတယ်။—၁ တိ. ၆:၉၊ ၁၀။

၁၀။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ။

၁၀ ကျွန်တော်တို့အားလုံး ငွေလိုအပ်တာ မှန်ပါတယ်။ ငွေက အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်။ (ဒေ. ၇:၁၂) ဒါပေမဲ့ အခြေခံလိုအပ်ရာတွေအတွက်ပဲ ငွေအလုံအလောက်ရှိရုံနဲ့ ပျော်ရွှင်နိုင်မလား။ ပျော်ရွှင်နိုင်ပါတယ်။ (ဒေသနာ ၅:၁၂ ကိုဖတ်ပါ။) “ဆင်းရဲခြင်းကိုဖြစ်စေ၊ ချမ်းသာခြင်းကိုဖြစ်စေ မပေးဘဲ လိုအပ်သလောက် အစားအစာကိုပဲ ပေးသနားပါ” လို့ ယာကေရဲ့သား အာဂုရ ရေးခဲ့တယ်။ အလွန်အမင်း မဆင်းရဲချင်တဲ့ အကြောင်းရင်းကို အလွယ်တကူ နားလည်နိုင်ပါတယ်။ အာဂုရ ဆက်ရှင်းပြသွားသလိုပဲ ခိုးမှုက ဘုရားသခင်ကို ရှုတ်ချရာရောက်လို့ ခိုးရမယ့် အခြေအနေ ရောက်မှာကို မလိုလားဘူး။ ဒါပေမဲ့ ဘာကြောင့် မချမ်းသာဖို့ ဆုတောင်းတာလဲ။ “လိုတရဖြစ်နေရင် ‘ယေဟောဝါဆိုတာ ဘယ်သူလဲ’ ဆိုပြီး ကိုယ်တော့်ကို ငြင်းပယ်မိမှာ စိုးလို့ပါ” လို့ရေးခဲ့တယ်။ (ပညာ. ၃၀:၈၊ ၉) ဘုရားထက် စည်းစိမ်ကို ပိုကိုးစားတဲ့သူတွေကို သင် သိကောင်းသိပါလိမ့်မယ်။

၁၁။ ငွေနဲ့ပတ်သက်လို့ ယေရှု ဘယ်အကြံဉာဏ်ပေးခဲ့သလဲ။

၁၁ ငွေကို တပ်မက်သူတွေဟာ ယေဟောဝါစိတ်တော်နဲ့ မတွေ့နိုင်ဘူး။ “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ ယေရှု ပြောခဲ့တယ်။ အဲဒီလို မပြောခင်မှာ “သံချေးနဲ့ ပိုးမွှားကြောင့် ပျက်စီးနိုင်တဲ့၊ သူခိုးဝင်ခိုးနိုင်တဲ့ မြေကြီးဘဏ္ဍာကို မစုဆောင်းကြနဲ့တော့။ သံချေးနဲ့ ပိုးမွှားကြောင့် မပျက်စီးနိုင်တဲ့၊ သူခိုးဝင်မခိုးနိုင်တဲ့ ကောင်းကင်ဘဏ္ဍာကိုပဲ စုဆောင်းကြပါ” လို့ ပြောခဲ့တယ်။—မ. ၆:၁၉၊ ၂၀၊ ၂၄။

၁၂။ ရိုးရှင်းတဲ့ဘဝက ဘုရားအမှုဆောင်ဖို့ ဘာကြောင့် ပိုလွယ်ကူစေသလဲ။ ရှင်းပြပါ။

၁၂ ရိုးရှင်းတဲ့ဘဝနဲ့ နေတာက ပိုပျော်စေရုံသာမက ယေဟောဝါကို အမှုဆောင်ဖို့ အချိန်ပိုရစေကြောင်း လူတွေ တွေ့ရှိခဲ့ကြပြီ။ အမေရိကန်နိုင်ငံမှာနေတဲ့ ဂျက်ဟာ အိမ်ကြီးနဲ့ လုပ်ငန်းကို ရောင်းလိုက်တယ်။ ဒါမှ ဇနီးနဲ့အတူ ရှေ့ဆောင် လုပ်နိုင်မယ်ဆိုတာ သိထားလို့ပဲ။ ဂျက် ဒီလိုပြောတယ်– “လှပတဲ့အိမ်နဲ့ ပိုင်ဆိုင်ရာတွေကို စွန့်လိုက်ရတာ မလွယ်ပါဘူး။ နှစ်တွေတစ်လျှောက် အလုပ်ပြဿနာတွေကြောင့် စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာရတယ်။ မှန်မှန်ရှေ့ဆောင်ဖြစ်တဲ့ ဇနီးကျတော့ အမြဲပျော်နေတယ်။ ‘ကျွန်မမှာ အကြီးမြတ်ဆုံးအလုပ်ရှင် ရှိထားတယ်လေ’ လို့ပြောတတ်တယ်။ အခု ကျွန်တော်လည်း ရှေ့ဆောင် လုပ်နေပြီ။ ယေဟောဝါအတွက် အတူတူ လုပ်ဆောင်နေကြပြီ။”

အလှူငွေသေတ္တာထဲ အလှူငွေထည့်နေ

ငွေကို တပ်မက်သူ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃။ ငွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ဘယ်လို ဆန်းစစ်နိုင်သလဲ။

၁၃ ငွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ဆန်းစစ်ဖို့ ဒီမေးခွန်းတွေကို ဘယ်လို ဖြေမလဲဆိုတာ ရိုးရိုးသားသား သုံးသပ်နိုင်ပါတယ်– ‘ငွေအကြောင်း ကျမ်းစာအဆိုကို တကယ် ယုံကြည်ပြီး အဲဒီအတိုင်း နေထိုင်သလား။ ငွေရှာဖို့က ဘဝမှာ အဓိက ဖြစ်နေသလား။ ယေဟောဝါနဲ့ ဆက်ဆံရေး၊ လူတွေနဲ့ ဆက်ဆံရေးထက် ရုပ်ဝတ္ထုပစ္စည်းတွေကို တန်ဖိုးထားနေသလား။ ငါ့လိုအပ်ရာတွေကို ဂရုစိုက်ပေးဖို့ ယေဟောဝါကို တကယ် ကိုးစားသလား။’ ဘုရားကို မျှော်ကိုးသူတွေဟာ ဘယ်တော့မှ စိတ်ပျက်ရမှာ မဟုတ်မှန်း စိတ်ချနိုင်ပါတယ်။—မ. ၆:၃၃။

ယေဟောဝါကို ရှာမလား၊ အပျော်အပါးလား

၁၄။ အပျော်အပါးနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်က ဘာလဲ။

၁၄ ဒီနေ့ခေတ်မှာ လူတွေဟာ ကြိုဟောထားတဲ့အတိုင်း “အပျော်အပါးကို ပိုနှစ်သက်သူ” တွေ ဖြစ်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ငွေအပေါ် မျှတတဲ့အမြင်ရှိတာက မမှားသလိုပဲ အပျော်အပါးနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိတာကလည်း မမှားဘူး။ ခြိုးခြံစွာ ကျင့်ဖို့၊ ပျော်ရွှင်စေတဲ့၊ အကျိုးပြုတဲ့ လုပ်ဆောင်မှုတွေကို ရှောင်ဖို့ ယေဟောဝါ မလိုလားပါဘူး။ “ပျော်ပျော်ပါးပါး အစာစားပါ။ ရွှင်လန်းတဲ့စိတ်နဲ့ စပျစ်ဝိုင်သောက်ပါ” လို့ သစ္စာရှိသူတွေကို ကျမ်းစာ အားပေးတယ်။—ဒေ. ၉:၇။

အထိန်းအကွပ်မရှိတဲ့ ပါတီမှာ အပျော်အပါးလိုက်စားသူတွေ

၁၅။ တိမောသေ ဒုတိယစောင် ၃:၄ က ဘယ်အပျော်အပါးမျိုးကို ဆိုလိုသလဲ။

၁၅ ဘုရားသခင်ကို ထည့်မတွက်ဘဲ အပျော်အပါး လိုက်စားတဲ့အကြောင်း ၂ တိမောသေ ၃:၄ မှာ ဖော်ပြထားတယ်။ လူတွေဟာ “ဘုရားသခင်ကို ချစ်တာထက်” အပျော်အပါးကို ပိုနှစ်သက်မယ်လို့ ဖော်ပြထားကြောင်း သတိပြုပါ။ ဒါပေမဲ့ အဲဒါက ဘုရားကို နည်းနည်းတော့ ချစ်တယ်ဆိုတဲ့သဘော မသက်ရောက်ဘူး။ ကျမ်းပညာရှင်တစ်ယောက်က “ဘုရားကို အတိုင်းအတာတစ်ခုအထိ ချစ်တယ်လို့ ဒီကျမ်းပိုဒ်က မဆိုလိုဘူး။ ဘုရားကို လုံးဝ မချစ်တာကို ဆိုလိုတယ်” လို့ ပြောတယ်။ အပျော်အပါးကို အလွန်အကျွံ နှစ်သက်သူတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်ပါပဲ။ “အပျော်အပါးကို ပိုနှစ်သက်သူ” ဆိုတဲ့ စကားစုဟာ “အပျော်အပါးတွေကြောင့် စိတ်ပျံ့လွင့်သွား” သူတွေကို တော်မှန်စွာ ဖော်ပြထားတယ်။—လု. ၈:၁၄။

၁၆၊ ၁၇။ အပျော်အပါးနဲ့ပတ်သက်ပြီး ယေရှု ဘယ်စံနမူနာ ပြခဲ့ သလဲ။

၁၆ ယေရှုဟာ အပျော်အပါးနဲ့ပတ်သက်ပြီး ပြည့်စုံမျှတတဲ့အမြင် တင်ပြခဲ့တယ်။ “မင်္ဂလာပွဲ” နဲ့ “စားသောက်ပွဲကြီး” တက်ရောက်ခဲ့တယ်။ (ယော. ၂:၁-၁၀။ လု. ၅:၂၉) မင်္ဂလာပွဲမှာ ကုန်နေတဲ့ဝိုင်ကို ဖြည့်ပေးဖို့ အံ့ဖွယ်နည်းနဲ့ ရေကို ဝိုင်အဖြစ် ပြောင်းခဲ့တယ်။ တစ်ချိန်မှာ ယေရှု စားသောက်တာကို လူတွေ ပြစ်တင်ဝေဖန်တဲ့အခါ သူတို့မှာ မျှတတဲ့အမြင် မရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။—လု. ၇:၃၃-၃၆။

၁၇ ဒါပေမဲ့ ယေရှုဟာ အပျော်အပါးမှာပဲ ဘဝကို နှစ်မြှုပ်မထားဘူး။ ယေဟောဝါကို ဦးစားထားတယ်။ သူတစ်ပါးအကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် မမောနိုင်မပန်းနိုင် အသုံးတော်ခံခဲ့တယ်။ လူတွေ အသက်ရအောင် သစ်တိုင်မှာ နာကျင်စွာ အသေခံဖို့ တလိုတလား ရှိခဲ့တယ်။ မိမိခြေရာကို လိုက်လျှောက်မယ့်သူတွေနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “ခင်ဗျားတို့ဟာ ကျွန်တော့်ကြောင့် ကဲ့ရဲ့ ညှဉ်းဆဲခံရတဲ့အခါ၊ မဟုတ်မမှန် စွပ်စွဲခံရတဲ့အခါ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်မှာ ခင်ဗျားတို့ရမယ့်ဆုဟာ ကြီးမြတ်တဲ့အတွက် ဝမ်းမြောက်ရွှင်လန်းကြပါ။ အရင်က ပရောဖက်တွေလည်း ဒီလိုပဲ ညှဉ်းဆဲခံခဲ့ရတယ်။”—မ. ၅:၁၁၊ ၁၂။

အတူတကွ သီချင်းဆိုနေကြ

အပျော်အပါးကို ပိုနှစ်သက်သူ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ (အပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈။ အပျော်အပါးကို ဘယ်လောက်နှစ်သက်ကြောင်း ဆန်းစစ်ဖို့ ဘယ်မေးခွန်းတွေက ကူညီပေးမလဲ။

၁၈ အပျော်အပါးကို ဘယ်လောက် နှစ်သက်ကြောင်း ဘယ်လို ဆန်းစစ်နိုင်မလဲ။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ– ‘အစည်းအဝေးတွေ၊ အမှုဆောင်တွေထက် ဖျော်ဖြေရေးကို အဓိကထားနေသလား။ ဘုရားသခင်ကို အမှုဆောင်ဖို့ ခြိုးခြံချင်စိတ် ရှိသလား။ ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ ငါ့ရွေးချယ်မှုကို ယေဟောဝါ ဘယ်လို ရှုမြင်မလဲဆိုတာ ထည့်စဉ်းစားသလား။’ ဘုရားကို တကယ်ချစ်မယ်ဆိုရင် ဘုရားစိတ်တော်နဲ့ မတွေ့ဘူးလို့ သိထားတဲ့အရာတွေအပြင် ဘုရားစိတ်တော်နဲ့ မတွေ့ဘူးလို့ ထင်ရတဲ့အရာတွေကိုလည်း ဂရုတစိုက် ရှောင်ကြပါမယ်။—မဿဲ ၂၂:၃၇၊ ၃၈ ကိုဖတ်ပါ။

ပျော်ရွှင်မှုပေးတဲ့လမ်းစဉ်

၁၉။ ဘယ်လိုလူတွေဟာ ဘယ်တော့မှ စစ်မှန်တဲ့ပျော်ရွှင်မှု မရနိုင်ဘူးလဲ။

၁၉ နှစ်ပေါင်း ၆,၀၀၀ လောက်အတွင်း စာတန့်လောကကြောင့် လူတွေ ဒုက္ခရောက်ခဲ့ကြပြီ။ ဒါပေမဲ့ မကြာခင် ဒီစနစ် အဆုံးတိုင်ပါတော့မယ်။ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ်၊ ငွေ၊ အပျော်အပါးကို အလွန်အကျွံ ချစ်တဲ့သူတွေနဲ့ ပြည့်နေတယ်။ လူတွေဟာ ကိုယ်ဘာရနိုင်မလဲဆိုတာကိုပဲ စဉ်းစားကြတယ်။ ဘဝမှာ ကိုယ့်လိုအင်ကိုပဲ အဓိကထားကြတယ်။ အဲဒီလိုလူတွေဟာ ဘယ်တော့မှ တကယ် မပျော်နိုင်ကြဘူး။ ဆာလံဆရာ ရေးခဲ့သလိုပဲ “ယေဟောဝါကို မျှော်လင့်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။”—ဆာ. ၁၄၆:၅။

၂၀။ ဘုရားကိုချစ်တာက ဘာကြောင့် ပျော်ရွှင်စေသလဲ။

၂၀ ယေဟောဝါရဲ့ လူတွေအလယ်မှာ ဘုရားကို ချစ်တဲ့မေတ္တာရော၊ ဘုရားကို ချစ်တဲ့သူတွေပါ နှစ်စဉ် တိုးပွားနေတယ်။ ဒါဟာ ဘုရားနိုင်ငံတော် အုပ်ချုပ်နေပြီ၊ မကြာခင် ကမ္ဘာမြေပေါ် စိတ်ကူးလို့မရနိုင်တဲ့ကောင်းချီးတွေ ပေးတော့မယ်ဆိုတဲ့ အထောက်အထားပါပဲ။ ဘုရားအလိုတော်ဆောင်ခြင်း၊ အမြင့်မြတ်ဆုံးအရှင်ရဲ့ စိတ်တော်နဲ့ တွေ့နေကြောင်း သတိရခြင်းကနေ စစ်မှန်တည်မြဲတဲ့ ရွှင်လန်းမှုကို ခံစားရတယ်။ ယေဟောဝါကို ချစ်တဲ့သူတွေဟာ ထာဝစဉ် ပျော်ရွှင်ကြပါမယ်။ တစ်ကိုယ်ကောင်းဆန်တဲ့မေတ္တာကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့အရည်အသွေးတွေနဲ့ ယေဟောဝါရဲ့ ကျေးကျွန်တွေကြားမှာ တွေ့ရတဲ့ အရည်အသွေးတွေ ကွာခြားပုံကို နောက်ဆောင်းပါးမှာ ဆွေးနွေးသုံးသပ်သွားပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ