ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါအတွက် အရာအားလုံး ဖြစ်နိုင်တယ်
“သေခြင်း မရှိတော့ဘူး။ လူသေတွေတောင် အသက်ပြန်ရှင်လာမယ်။” ဘတ်စကား စီးရင်း အဲဒီစကားတွေကို ကျွန်တော့်ဇနီး မိုင်ရမ်ဘူဘူ ကြားလိုက်တယ်။ စိတ်ဝင်စားသွားပြီး ထပ်သိချင်လာတယ်။ ကားရပ်ပြီး ခရီးသည်တွေ ဆင်းသွားတာနဲ့ အခုနပြောလိုက်တဲ့ အမျိုးသမီးနောက် ပြေးလိုက်သွားတယ်။ သူ့နာမည်က အာပွန် မန်ဘေဆက်ရိုင်ကိုဗာ။ ယေဟောဝါသက်သေတစ်ယောက်ပေါ့။ အဲဒီခေတ်တုန်းက သက်သေခံတွေနဲ့ စကားပြောတာ အန္တရာယ် ရှိတယ်။ ဒါပေမဲ့ အာပွန်ဆီက သိလာတာတွေဟာ ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲစေခဲ့တယ်။
မိုးလင်းမိုးချုပ် အလုပ်လုပ်
၁၉၃၇ ခုနှစ်၊ ကာဂျစ်စတန်နိုင်ငံ၊ တော့မော့မြို့နားက လယ်တောမှာ ကျွန်တော် မွေးဖွားလာတယ်။ ကျွန်တော်တို့က ကာဂျစ်လူမျိုး ဖြစ်ပြီး ကာဂျစ်စကား ပြောတယ်။ မိဘတွေက လယ်တောမှာ မိုးလင်းမိုးချုပ် အလုပ်လုပ်ကြတယ်။ ရိက္ခာ ပုံမှန်ရတယ်။ လုပ်ခကတော့ တစ်နှစ်မှ တစ်ခါ ရတယ်။ ညီမလေးနဲ့ ကျွန်တော့်ကို အမေ ခက်ခက်ခဲခဲ ပြုစုရတယ်။ ကျောင်းငါးနှစ် တက်ပြီးနောက် လယ်တောမှာ ကျွန်တော် အချိန်ပြည့် အလုပ် လုပ်ခဲ့တယ်။
တက်စကေ အလာတူး တောင်တန်း
ကျွန်တော်တို့ ဒေသဟာ ဆင်းရဲချို့တဲ့တယ်။ ပင်ပင်ပန်းပန်း ရှာဖွေစားသောက်ရတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဘဝရည်ရွယ်ချက်၊ အနာဂတ်အကြောင်း မတွေးမိဘူး။ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း တစ်ခါမှ မတွေးဖူးဘူး။ ဘုရားသခင့်ရည်ရွယ်ချက်က ကျွန်တော့်ဘဝကို ပြောင်းလဲပေးလိမ့်မယ်လို့လည်း မတွေးဖူးဘူး။ အဲဒီသတင်းတရား ကာဂျစ်စတန်နိုင်ငံကို ရောက်လာပြီး ပျံ့နှံ့သွားပုံက စိတ်လှုပ်ရှားစရာ ဇာတ်လမ်းပဲ။ ကာဂျစ်စတန်မြောက်ပိုင်း၊ ကျွန်တော့်မွေးရပ်မြေမှာ စခဲ့တာ။
အရင်က နယ်နှင်ခံတွေ ကာဂျစ်စတန်ကို အမှန်တရား ယူဆောင်လာ
ကာဂျစ်စတန်မှာ ယေဟောဝါဘုရားနဲ့ပတ်သက်တဲ့ အမှန်တရား ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ စအမြစ်တွယ်လာတယ်။ အဲဒီလိုဖြစ်ဖို့ ဩဇာကြီးတဲ့ အတွေးအခေါ်ကို တွန်းလှန်ခဲ့ရတယ်။ ဘာကြောင့်လဲ။ အခု ကာဂျစ်စတန်ဟာ အရင်တုန်းက ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံ (ယူအက်စ်အက်စ်အာ) ရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ ယူအက်စ်အက်စ်အာတစ်ခွင်မှာ ယေဟောဝါသက်သေတွေဟာ နိုင်ငံရေးမှာ ကြားနေကြတယ်။ (ယော. ၁၈:၃၆) ဒါကြောင့် ကွန်မြူနစ်အစိုးရရဲ့ ရန်သူတွေအဖြစ် နှိပ်စက်ညှဉ်းပန်းခံရတယ်။ ဒါပေမဲ့ စိတ်ရိုးဖြောင့်သူတွေဆီ ဘုရားသခင့်စကားတော် မရောက်ဖို့ ဘယ်အတွေးအခေါ်ကမှ မတားဆီးနိုင်ဘူး။ ယေဟောဝါအတွက် “အရာအားလုံး ဖြစ်နိုင်” ကြောင်း ကျွန်တော့်ဘဝတစ်လျှောက် သင်ယူသိရှိခဲ့တယ်။—မာ. ၁၀:၂၇။
အီမီ ယန်တဇန်
ယေဟောဝါသက်သေတွေကို ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ကာဂျစ်စတန်မှာ လုပ်ငန်းတိုးပွားလာတယ်။ ဘာကြောင့်လဲ။ ယူအက်စ်အက်စ်အာထဲမှာ နိုင်ငံ့ရန်သူတွေ နယ်နှင်ခံရတဲ့ ဆိုက်ဘေးရီးယားလည်း ပါဝင်တယ်။ နယ်နှင်ခံတွေ လွတ်မြောက်လာတဲ့အခါ အများစုက ကာဂျစ်စတန်ကို ရောက်လာကြတယ်။ တချို့က အမှန်တရား ယူဆောင်လာတယ်။ နယ်နှင်ခံတစ်ယောက်ကတော့ ၁၉၁၉ ခုနှစ်တုန်းက ကာဂျစ်စတန်မှာ မွေးဖွားခဲ့တဲ့ အီမီ ယန်တဇန်ပါ။ အီမီဟာ အလုပ်ကြမ်းစခန်းကို အပို့ခံရပြီး သက်သေခံတွေနဲ့ တွေ့ဆုံခဲ့တယ်။ အမှန်တရားကို လက်ခံပြီး ၁၉၅၆ မှာ အိမ်ပြန်လာတယ်။ ကျွန်တော့်မွေးရပ်မြေ ဆိုကူလုခ်မြို့နားမှာ အခြေချတယ်။ အဲဒီမြို့မှာ ၁၉၅၈ တုန်းက ကာဂျစ်စတန်ရဲ့ ပထမဆုံး အသင်းတော် တည်ထောင်ခဲ့တယ်။
ဗစ်တာ ဗင်တာ
တစ်နှစ်ကြာပြီးနောက် ဆိုကူလုခ်မြို့ကို ဗစ်တာဗင်တာ ရောက်လာတယ်။ ဒီသစ္စာရှိညီအစ်ကိုဟာ အခက်အခဲတွေ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတယ်။ ကြားနေမှုကြောင့် သုံးနှစ်ကြာ ထောင်ဒဏ် နှစ်ကြိမ်၊ ဆယ်နှစ်ကြာ ထောင်ဒဏ် တစ်ကြိမ်နဲ့ ငါးနှစ်ကြာ နယ်နှင်ဒဏ် ခံခဲ့ရတယ်။ ဒါပေမဲ့ ညှဉ်းပန်းနှိပ်စက်မှုက စစ်မှန်တဲ့ဝတ်ပြုရေး ကျယ်ပြန့်မှုကို မတားဆီးနိုင်ခဲ့ဘူး။
ဇာတိမြို့ကို အမှန်တရား ရောက်လာ
အက်ဒဝပ် ဗာတာ
၁၉၆၃ ခုနှစ်တုန်းက ကာဂျစ်စတန်မှာ သက်သေခံ ၁၆၀ လောက် ရှိတယ်။ အများစုဟာ ဂျာမနီ၊ ယူကရိန်း၊ ရုရှားနိုင်ငံတွေက ဖြစ်တယ်။ သူတို့ထဲမှာ ၁၉၂၄ တုန်းက ဂျာမနီမှာ နှစ်ခြင်းခံခဲ့တဲ့ နယ်နှင်ခံ အက်ဒဝပ်ဗာတာလည်း ပါတယ်။ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ နာဇီတွေက အက်ဒဝပ်ကို ချွေးတပ်စခန်း ပို့လိုက်တယ်။ နှစ်အနည်းငယ်ကြာပြီးနောက် ယူအက်စ်အက်စ်အာမှာရှိတဲ့ ကွန်မြူနစ်တွေက အက်ဒဝပ်ကို နယ်နှင်လိုက်ကြတယ်။ ၁၉၆၁ ခုနှစ်မှာ ဒီသစ္စာရှိညီအစ်ကိုဟာ ကျွန်တော့်ဇာတိမြို့နဲ့ နီးတဲ့ ကန့်မြို့ကို ပြောင်းရွှေ့လာတယ်။
အဲလစ်ဇဘက် ဖော့၊ အဆာမိုင် ဆူတာနာလီယေဝါ
ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန် အဲလစ်ဇဘက် ဖော့လည်း ကန့်မြို့မှာ နေတယ်။ သူက စက်ချုပ်တယ်။ လက်ရာကောင်းလို့ ဆရာဝန်တွေ၊ ဆရာမတွေ လာအပ်ကြတယ်။ ဖောက်သည်တစ်ယောက်ကတော့ အစိုးရရှေ့နေရုံးက အရာရှိနဲ့ လက်ထပ်ထားတဲ့ အဆာမိုင် ဆူတာနာလီယေဝါ ဖြစ်တယ်။ အင်္ကျီအပ်ဖို့ အဲလစ်ဇဘက်ဆီ လာရင်း ဘဝရည်ရွယ်ချက်၊ လူသေတွေရဲ့ အခြေအနေတွေအကြောင်း မေးခွန်းတွေ မေးတတ်တယ်။ အဲလစ်ဇဘက်က ကျမ်းစာကနေ ဖြေပေးတယ်။ ဒီလိုနဲ့ အဆာမိုင်ဟာ ထက်သန်တဲ့ သတင်းကောင်း ဟောပြောသူ ဖြစ်လာတယ်။
နီကိုလိုင် ချင်ပိုအက်ရှ်
အဲဒီအချိန်လောက်မှာ မော်ဒိုဗာနိုင်ငံက နီကိုလိုင် ချင်ပိုအက်ရှ်ဟာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရပြီး နှစ်ပေါင်း ၃၀ နီးပါး အမှုဆောင်ခဲ့တယ်။ အသင်းတော်တွေကို လည်ပတ်ရုံမက စာပေတွေ ကူးယူဖြန့်ချိဖို့လည်း စီစဉ်ပေးခဲ့တယ်။ သူ့လုပ်ဆောင်မှုကို အာဏာပိုင်တွေ သတိပြုမိတယ်။ ဒါကြောင့် အက်ဒဝပ် ဗာတာက နီကိုလိုင်ကို ဒီလို အကြံပေးတယ်– “အာဏာပိုင်တွေ မေးတဲ့အခါ ဘရွတ်ကလင်မှာရှိတဲ့ ဌာနချုပ်ကနေ စာပေတွေ ရတယ်လို့သာ ပြောလိုက်။ ပြီးတော့ ကေဂျီဘီတွေကို တည့်တည့်ကြည့်လိုက်။ ဘာမှ ကြောက်စရာ မလိုဘူး။”—မ. ၁၀:၁၉။
ဒီလိုပြောပြီး သိပ်မကြာခင်မှာပဲ နီကိုလိုင်ဟာ ကန့်မြို့မှာရှိတဲ့ ကေဂျီဘီဌာနချုပ်ကို ဆင့်ခေါ်ခံရတယ်။ ဆက်ဖြစ်တာကို နီကိုလိုင် ဒီလို ပြောပြတယ်– “စစ်ဆေးတဲ့သူက စာပေတွေ ဘယ်က ရသလဲလို့ မေးတယ်။ ဘရွတ်ကလင်က ရတာလို့ ဖြေလိုက်တယ်။ သူဘာပြောရမှန်း မသိအောင် ဖြစ်သွားတယ်။ ပြန်လွှတ်လိုက်ပြီး ဘယ်တော့မှ ထပ်မခေါ်တော့ဘူး။” သတ္တိရှိတဲ့ ဒီလိုသက်သေခံတွေဟာ ကျွန်တော့်မွေးရပ်မြေ ကာဂျစ်စတန်မြောက်ပိုင်းမှာ သတင်းကောင်းကို သတိရှိရှိ ပျံ့နှံ့စေခဲ့ကြတယ်။ ယေဟောဝါနဲ့ပတ်သက်တဲ့ အဖိုးတန်အမှန်တရား ကျွန်တော်တို့ မိသားစုဆီ ရောက်လာတဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သတင်းတရားကို ကျွန်တော့်ဇနီး မိုင်ရမ်ဘူဘူ စကြားခဲ့တယ်။
အမှန်တရားမှန်း ကျွန်တော့်ဇနီး ချက်ချင်း သိခဲ့
မိုင်ရမ်ဘူဘူဟာ ကာဂျစ်စတန်နိုင်ငံ နာရင်ဒေသကပါ။ ၁၉၇၄၊ ဩဂုတ်လ တစ်နေ့မှာ ကျွန်တော့်ညီမအိမ်ကို သူလာလည်တယ်။ အဲဒီမှာ စတွေ့ကြတာ။ သူ့ကို ချက်ချင်း ကြိုက်သွားတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။
အာပွန် မန်ဘေဆက်ရိုင်ကိုဗာ
၁၉၈၁၊ ဇန်နဝါရီမှာ မိုင်ရမ်ဘူဘူ ဈေးသွားဖို့ ဘတ်စကား စီးရင်း အစပိုင်းမှာ ဖော်ပြခဲ့တဲ့ စကားကို ကြားလိုက်တယ်။ ပိုသိချင်တဲ့အတွက် အဲဒီအမျိုးသမီးရဲ့ နာမည်နဲ့ လိပ်စာကို တောင်းလိုက်တယ်။ နာမည်က အာပွန်တဲ့။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာတောင် သက်သေခံတွေရဲ့ လုပ်ငန်းကို ပိတ်ပင်ထားတာမို့ အာပွန် သတိထားတယ်။ သူ့လိပ်စာပေးမယ့်အစား ကျွန်တော်တို့ရဲ့ လိပ်စာကို တောင်းတယ်။ ကျွန်တော့်ဇနီးလည်း စိတ်လှုပ်ရှားစွာနဲ့ အိမ်ပြန်လာတယ်။
“သိပ်ကောင်းတာတွေ ကြားခဲ့ရတယ်။ မကြာခင် လူတွေ မသေရတော့ဘူးလို့ အမျိုးသမီးတစ်ယောက် ပြောတယ်။ သားရဲတွေတောင် ယဉ်ပါးလာမယ်တဲ့” လို့ မိုင်ရမ်ဘူဘူ ပြောတယ်။ ကျွန်တော့်အတွက်တော့ ပုံပြင်တစ်ပုဒ်လိုပဲ။ “သူလာလည်ပြီး ထပ်ရှင်းပြတဲ့အထိ စောင့်ကြည့်သေးတာပေါ့” လို့ ပြောလိုက်တယ်။
သုံးလကြာပြီးနောက် အာပွန် လာလည်ပတ်တယ်။ နောက်ထပ် လည်ပတ်ချိန်တွေမှာ ကာဂျစ်လူမျိုး ဦးဆုံးသက်သေခံတချို့နဲ့ ဆုံခဲ့ရတယ်။ အဲဒီညီအစ်မတွေက ယေဟောဝါအကြောင်း၊ လူသားတွေနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်အကြောင်း အံ့ဖွယ်အမှန်တရားတွေကို ပြောပြကြတယ်။ ပရဒိသု ပျောက်ဆုံးခြင်းမှ ပြန်လည်ရရှိသည်အထိ စာအုပ်ကနေ ဖတ်ပြကြတယ်။a တော့မော့မြို့မှာ အဲဒီစာအုပ်တစ်အုပ်ပဲရှိလို့ ကိုယ်ပိုင်အတွက် ကူးရေးခဲ့ရတယ်။
ဦးဆုံး သိလာတာကတော့ ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ ပရောဖက်ပြုချက်ပဲ။ ဘုရားသခင့် မေရှိယဘုရင် ယေရှုအားဖြင့် အဲဒီပရောဖက်ပြုချက် ပြည့်စုံလာပါလိမ့်မယ်။ လူတိုင်း ကြားရမယ့် အရေးကြီးတဲ့သတင်းပဲ။ ဒါက ဒီသတင်းကြေညာခြင်းမှာ ပါဝင်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ (မ. ၂၄:၁၄) မကြာခင် ကျမ်းစာအမှန်တရားက ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲစေခဲ့တယ်။
ပိတ်ပင်မှုအောက် စည်းဝေးခြင်း၊ နှစ်ခြင်းခံခြင်း
တော့မော့မြို့က ညီအစ်ကိုတစ်ယောက်က ကျွန်တော်တို့ကို လက်ထပ်ပွဲတစ်ခု ဖိတ်တယ်။ သက်သေခံတွေရဲ့ အပြုအမူကွာခြားမှုကို ကျွန်တော်တို့ သတိပြုမိတယ်။ လက်ထပ်ပွဲမှာ အရက်မတည်ခင်းဘူး။ အားလုံး စနစ်တကျပဲ။ ဧည့်သည်တွေ အရက်မူးပြီး ဆဲဆိုသောင်းကျန်းလေ့ရှိတဲ့ တခြားလက်ထပ်ပွဲတွေနဲ့ သိပ်ကွာတယ်။
တော့မော့မြို့က အသင်းတော် အစည်းအဝေးတွေကိုလည်း ကျွန်တော်တို့ တက်တယ်။ ရာသီဥတု ကောင်းတဲ့အခါ တောထဲမှာ ကျင်းပတယ်။ ရဲတွေ စောင့်ကြည့်နေတာကို ညီအစ်ကို/မတွေ သိတဲ့အတွက် အစောင့် ထားလေ့ရှိတယ်။ ဆောင်းတွင်းမှာတော့ အိမ်ထဲမှာ စည်းဝေးကြတယ်။ ရဲတွေ ခဏခဏ ရောက်လာပြီး ဘာလုပ်နေသလဲဆိုတာ စစ်ဆေးကြတယ်။ ၁၉၈၂၊ ဇူလိုင်လ ရှူအီမြစ်မှာ ကျွန်တော်နဲ့ မိုင်ရမ်ဘူဘူ နှစ်ခြင်းခံတုန်းကလည်း သတိထားခဲ့ကြရတယ်။ (မ. ၁၀:၁၆) ညီအစ်ကိုတွေ လူခွဲပြီး စည်းဝေးဖို့ တောထဲ ရောက်လာကြတယ်။ နိုင်ငံတော် သီချင်းတစ်ပုဒ် ဆိုပြီး နှစ်ခြင်းဟောပြောချက် နားထောင်ခဲ့ရတယ်။
အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ အခွင့်အလမ်းရှာခြင်း
၁၉၈၇ မှာ ဘာလစ်ချိုင်မြို့က စိတ်ဝင်စားသူတစ်ယောက်ဆီ လည်ပတ်ဖို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။ အဲဒီကို ရောက်ဖို့ အိမ်ကနေ လေးနာရီ ရထားစီးရတယ်။ ဘာလစ်ချိုင်မြို့မှာ အကြိမ်ကြိမ် ဟောပြီးနောက် စိတ်ဝင်စားမှု တိုးများလာတာကို တွေ့ခဲ့ရတယ်။ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ အခွင့်အရေးပါပဲ။
ဘာလစ်ချိုင်မြို့ကို ကျွန်တော်တို့ ဇနီးမောင်နှံ သွားလေ့ရှိတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး အဲဒီမှာနေပြီး အမှုဆောင်ထွက်၊ အစည်းအဝေး ကျင်းပတယ်။ စာပေတောင်းခံမှုတွေ သိသိသာသာ တိုးများလာတယ်။ စာပေတွေကို အာလူးအိတ်တွေထဲ ထည့်ပြီး တော့မော့မြို့ကနေ သယ်ကြရတယ်။ လတိုင်း စာပေအပြည့်ထည့်ထားတဲ့ အိတ်နှစ်လုံး ကုန်တယ်။ ဘာလစ်ချိုင်မြို့ အသွားအပြန် ရထားပေါ်မှာ ခရီးသည်တွေကိုလည်း သက်သေခံနိုင်ခဲ့တယ်။
ဘာလစ်ချိုင်မြို့ကို ဦးဆုံးလည်ပတ်ပြီး ရှစ်နှစ်အကြာ ၁၉၉၅ ခုနှစ်မှာ အသင်းတော်တစ်ခု ဖြစ်လာတယ်။ အဲဒီခေတ်တုန်းက တော့မော့နဲ့ ဘာလစ်ချိုင်မြို့ အသွားအပြန် ခရီးစရိတ် တော်တော်ကုန်တယ်။ ကျွန်တော်တို့မှာ အဲဒီလောက် ပိုက်ဆံမရှိတော့ ဘယ်လို စရိတ်ရခဲ့သလဲ။ ညီအစ်ကိုတစ်ယောက်က ပုံမှန် စရိတ်ကျခံပေးတယ်။ အမှုဆောင်လုပ်ငန်း တိုးချဲ့ချင်စိတ်ကို ယေဟောဝါ တွေ့မြင်ပြီး “မိုးကောင်းကင်တံခါးတွေ” ဖွင့်ပေးခဲ့တယ်။ (မာလ. ၃:၁၀) ယေဟောဝါအတွက် အရာအားလုံး ဖြစ်နိုင်တာ သေချာပါတယ်။
မိသားစုနဲ့ အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေခြင်း
၁၉၉၂ ခုနှစ်မှာ ပထမဆုံး ကာဂျစ်အကြီးအကဲအဖြစ် ကျွန်တော် ခန့်အပ်ခံရတယ်။ တော့မော့မြို့က မိခင်အသင်းတော်မှာ အမှုဆောင်လုပ်ငန်း ကဏ္ဍသစ်တွေ လမ်းပွင့်လာတယ်။ ပညာရေးတက္ကသိုလ်တွေက ကာဂျစ်ကျောင်းသား အတော်တော်များများနဲ့ ကျွန်တော်တို့ ကျမ်းစာလေ့လာတယ်။ ကျွန်တော်တို့နဲ့ လေ့လာခဲ့တဲ့ လူငယ်တစ်ယောက်က အခု ဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်နေတယ်။ နောက်နှစ်ယောက်က အထူးရှေ့ဆောင်တွေ ဖြစ်နေပြီ။ အစည်းအဝေးတွေမှာ တခြားသူတွေကိုလည်း ကူညီပေးခဲ့တယ်။ ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းမှာ စာပေတွေ၊ အစည်းအဝေးတွေအားလုံး ရုရှားစကားနဲ့ပဲ။ ဒါပေမဲ့ အသင်းတော်မှာ မိခင် ကာဂျစ်စကားပြောတဲ့သူတွေ များလာတယ်။ ဒါကြောင့် ကျွန်တော် ဘာသာပြန်ပေးရတယ်။ ဒီလိုနဲ့ အမှန်တရားကို ပိုနားလည်လာကြတယ်။
၁၉၈၉ တုန်းက ဇနီး၊ သားသမီး ရှစ်ယောက်နဲ့အတူ
မိုင်ရမ်ဘူဘူနဲ့ ကျွန်တော်ဟာ ကြီးထွားလာတဲ့ မိသားစုကိုလည်း ပြုစုပျိုးထောင်ရတယ်။ သားသမီးတွေကို ဟောပြောခြင်းလုပ်ငန်းနဲ့ အသင်းတော် အစည်းအဝေးတွေကို ခေါ်သွားတယ်။ အဲဒီတုန်းက ၁၂ နှစ်ပဲ ရှိသေးတဲ့ သမီး ဂူဆီရာက လမ်းသွားလမ်းလာတွေကို ကျမ်းစာအကြောင်း ပြောရတာ နှစ်သက်တယ်။ သားသမီးတွေက ကျမ်းချက်တွေ အလွတ်ကျက်ရတာကို ကြိုက်ကြတယ်။ ဒီလိုနဲ့ သားသမီးတွေ၊ မြေးတွေ အသင်းတော်လုပ်ငန်းမှာ ပိုပါဝင်လာကြတယ်။ သားသမီး ၉ ယောက်၊ မြေး ၁၁ ယောက်ထဲမှာ ၁၆ ယောက်က ယေဟောဝါကို ဝတ်ပြုနေပြီး မိဘတွေနဲ့အတူ အစည်းအဝေးတွေ တက်နေတယ်။
ထူးခြားတဲ့ အပြောင်းအလဲများ
၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ကျွန်တော်တို့ ဒေသမှာ ယေဟောဝါရဲ့ လုပ်ငန်းကို အစပြုခဲ့တဲ့၊ ချစ်ရတဲ့ ညီအစ်ကို/မတွေဟာ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အပြောင်းအလဲတွေကို မြင်ရရင် အံ့ဩကြလိမ့်မယ်။ တစ်ချက်အနေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး သတင်းကောင်း ဟောပြောဖို့၊ လူများများနဲ့ စည်းဝေးဖို့ ပိုလွတ်လပ်လာတယ်။
အမှုဆောင်လုပ်ငန်းမှာ ဇနီးနဲ့အတူ
၁၉၉၁ ခုနှစ်မှာ ကျွန်တော်တို့ ဇနီးမောင်နှံဟာ ကာဇက်စတန်နိုင်ငံ၊ အယ်မာအာတာ၊ အခု အယ်မာတီမြို့မှာ ပထမဆုံး ခရိုင်အစည်းအဝေး တက်ရောက်ခဲ့ကြတယ်။ ၁၉၉၃ ခုနှစ်မှာ ကာဂျစ်စတန်နိုင်ငံက ညီအစ်ကိုတွေဟာ ဘီရှကက်မြို့၊ စပါတာအားကစားရုံမှာ ပထမဆုံးအကြိမ် ခရိုင်အစည်းအဝေး ကျင်းပခဲ့တယ်။ အားကစားရုံကို တစ်ပတ်ကြိုပြီး ကြေညာသူတွေ သန့်ရှင်းရေး လုပ်ခဲ့တယ်။ ဒါရိုက်တာက သဘောကျပြီး အခမဲ့ အသုံးပြုခွင့်ပေးခဲ့တယ်။
စာပေတွေကို ကာဂျစ်စကားနဲ့ ဦးဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ ၁၉၉၄ ခုနှစ်မှာ နောက်ထပ် သမိုင်းမှတ်တိုင် ထူနိုင်ခဲ့တယ်။ အခု စာပေတွေကို ဘီရှကက်မြို့ ဌာနခွဲရုံးမှာရှိတဲ့ ဘာသာပြန်အဖွဲ့က ကာဂျစ်စကားနဲ့ ပုံမှန် ဘာသာပြန်ပေးနေတယ်။ ၁၉၉၈ ခုနှစ်မှာ သက်သေခံတွေရဲ့ လုပ်ငန်းကို ကာဂျစ်စတန်နိုင်ငံမှာ တရားဝင် အသိအမှတ်ပြုခဲ့တယ်။ အဖွဲ့အစည်း တိုးတက်လာပြီး အခု ကြေညာသူ ၅,၀၀၀ ကျော် ရှိနေပြီ။ အသင်းတော် ၈၃ ခုနဲ့ တရုတ်၊ အင်္ဂလိပ်၊ ကာဂျစ်၊ ရုရှား၊ ရုရှား လက်သင်္ကေတပြ၊ တူရကီ၊ ဝီးဂေါ်၊ ဥဇဘက် စတဲ့ အုပ်စု ၂၅ ခု ရှိနေပြီ။ နောက်ခံအမျိုးမျိုးရှိတဲ့ ဒီညီအစ်ကို/မအားလုံးဟာ ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုနေကြတယ်။ ဒီထူးခြားတဲ့ အပြောင်းအလဲအားလုံးဟာ ယေဟောဝါကြောင့် ဖြစ်နိုင်တာ။
ယေဟောဝါက ကျွန်တော့်အသက်တာကို ပြောင်းလဲပေးခဲ့တယ်။ နိမ့်ကျတဲ့ လယ်သမားမိသားစုမှာ ကြီးပြင်းလာပြီး ငါးနှစ်ပဲ ကျောင်းတက်ခဲ့ရပေမဲ့ အကြီးအကဲအနေနဲ့ အမှုဆောင်ဖို့၊ ကိုယ့်ထက် ပညာတတ်တဲ့သူတွေကို အဖိုးတန် ကျမ်းစာအမှန်တရားတွေ သင်ပေးဖို့ ကျွန်တော့်ကို ယေဟောဝါ အသုံးပြုခဲ့တယ်။ အံ့ဩစရာကောင်းတာတွေကို ယေဟောဝါ လုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်တွေ့ကြုံမှုက “အရာအားလုံး ဖြစ်” စေနိုင်တဲ့ ယေဟောဝါအကြောင်း သစ္စာရှိရှိ ဆက်သက်သေခံနိုင်အောင် လှုံ့ဆော်ပေးတယ်။—မ. ၁၉:၂၆။
a ယေဟောဝါသက်သေတွေ ထုတ်ဝေတာဖြစ်ပြီး ထပ်မံ ပုံမနှိပ်တော့ပါ။