သတင်းကောင်း ဝေငှခြင်း—ခွဲခြားသိမြင်နိုင်စွမ်းဖြင့်
၁ ယုံကြည်ချက်မတူ၊ နောက်ခံမတူသောသူများအား သတင်းကောင်းဟောပြောရာတွင် ခွဲခြားသိမြင်နိုင်စွမ်းကို အသုံးပြုရန် အရေးကြီးကြောင်း တမန်တော်ပေါလုအလေးအနက်တင်ပြခဲ့သည်။ ကျွန်ုပ်တို့ခေတ်တွင် အချို့သူများ ဘာသာရေးလိုက်စားသည်ဟုဆိုကြ၏။ အခြားသူများမူ ဝိညာဉ်ရေးကိုစိတ်မဝင်စားကြချေ။ ဝိညာဏတန်ဖိုးထားရာများကို မမြတ်နိုးကြချေ။ သတင်းကောင်းကြေညာသူများအနေနှင့် ဓမ္မအမှုတွင် ခွဲခြားသိမြင်နိုင်စွမ်းအသုံးပြုခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ‘များစွာသောသူတို့’ နှစ်ခြိုက်လာရန် ပြုလုပ်ပေးရမည်။—၁ ကော၊ ၉:၁၉-၂၃။
အိမ်ရှင်အကြိုက်ကို သိနားလည်ထားခြင်း
၂ လယ်ကွင်းလုပ်ငန်းတွင် ခွဲခြားသိမြင်နိုင်စွမ်းကို လက်တွေ့အသုံးပြုရေးတွင် အိမ်ရှင်စိတ်ဝင်စားရာများအရ ကျွန်ုပ်တို့ဟောပြောချက်ကို ပြုပြင်ပြောဆိုရန် လိုအပ်သည်။ ယင်းသို့ပြုရန် ကောင်းစွာပြင်ဆင်ထားရမည်။ အသင်းမထုတ် စာအုပ်စာတမ်းများပါ အကြောင်းအမျိုးမျိုးကို ကောင်းစွာသိရှိထားခြင်းဖြင့် ကြေညာသူသည် ပြောဆိုစရာအကြောင်း များစွာရှိပါမည်။ သက်ကြီးရွယ်အိုများ၊ လူငယ်များ၊ အိမ်ထောင်ဦးစီးများ၊ အိမ်ရှင်မများ၊ အလုပ်ခွင်လောကရှိ အမျိုးသမီးများ နှင့် အခြားသူတို့အား သက်သေခံရာတွင် သူတို့၏ ကိုယ်ရေးကိုယ်တာအခြေအနေများကို ထည့်စဉ်းစားပြီး ပြောဆိုစရာအကြောင်းကို ခွဲခြားသိမြင်နိုင်စွမ်းဖြင့် ရွေးပြောဆိုမည်။
၃ အိမ်ရှင်ကိုချဉ်းကပ်ရာတွင် ဝန်းကျင်ကို သတိပြုပါ။ အိမ်ရှင်သည် မိဘတစ်ဦး၊ ဘယ်ဘာသာဝင်ဖြစ်သည်၊ မိမိအိမ်ကို ဂရုစိုက်ပြုစုပုံရှိသည်၊ အစရှိသည်တို့ကို ခွဲခြားသိမြင်လိမ့်မည်။ ဤအကျိုးအကြောင်းများသိရှိထားကာ အိမ်ရှင်အခြေအနေနှင့် သူစိတ်ဝင်စားရာများနှင့် အလိုက်အထိုက် သင့်နိဒါန်းကို ပြုပြင်ပြောဆိုပေးနိုင်သည်။ အလိမ္မာသုံးပြီး သတိရှိသောမေးခွန်းများမေး၍ အိမ်ရှင်စကားကို ဂရုစိုက်နားထောင်ခြင်းအားဖြင့် သူ့ယုံကြည်ချက်များနှင့် ခံစားချက်များကို သိရှိလာနိုင်မည်။ ထိုနောက် သင့်ဟောပြောချက်ကို မည်သို့ဆက်၍ အကောင်းဆုံးတင်ပြနိုင်မည်အကြောင်း စိတ်ဆုံးဖြတ်ပါ။
သင့်တင်ဆက်ပုံကို ပြုပြင်ပေးခြင်း
၄ အိမ်အနီးသို့ ရောက်သည်တွင် ကစားစရာများ သို့မဟုတ် ကလေးများတွေ့ရှိက နောက်ဆုံး အပြန်အလှန်စကားအတွက် အကြောင်းအရာကို ဤသို့နိဒါန်းပျိုးနိုင်ပေသည်။ “သားသမီးများအတွက် လမ်းညွှန်မှုကောင်းများအကြောင်း ရပ်ကွက်သူရပ်ကွက်သားများနဲ့ ဆွေးနွေးနေတယ်။ ကျောင်းမှာ ကလေးတွေရဲ့စာရိတ္တအတွက် ညွှန်ကြားမှုမရှိလို့ မိဘအတော်များများ စိတ်ပူနေကြတယ်။ ဒါနဲ့ပတ်သက်လို့ သင်ကော အခက်အခဲရှိသလား။” အိမ်ရှင်စကားကို နားထောင်ပါ။ အိမ်ရှင်သည် ဘာသာတရားကို စိတ်ဝင်စားပုံရှိလျှင် ဤသို့ဆက်ပြောဆိုနိုင်သည်။ “ကျွန်ုပ်တို့ရော၊ ကလေးတွေပါ ပညာရှိညွှန်ကြားမှု လိုအပ်နေတဲ့အကြောင်း ကျမ်းစာတင်ပြထားတာ စိတ်ဝင်စားစရာဘဲ။ သု၊ ၁၄:၁၂ မှာ ဘာပြောထားတယ်ဆိုတာကို သတိပြုပါ။” ကျမ်းချက်ကို ဖတ်ပြီးနောက် ဤသို့ဆိုနိုင်သည်။ “ကျမ်းစာသြဝါဒဟာ ကျွန်ုပ်တို့အတွက် ဘယ်လောက်လက်တွေ့ကျတဲ့အကြောင်း မကြာခင်ကဘဲဖတ်မိတယ်။” The Bible—God’s Word or Man’s? တွင်စာမျက်နှာ ၁၇၄ သို့ဖွင့်ပြီး အခန်း၏ နောက်ဆုံးအပိုဒ်ကို ဖတ်ပြပါ။ ထိုစာအုပ်ကို ကျပ် ၁၀/- ဖြင့်ဝေငှပါ။
၅ အိမ်ရှင်၏တုံ့ပြန်ပုံအရ ကျမ်းစာသြဝါဒကို တန်ဖိုးထားပုံမရလျှင် သင့်တင်ဆက်ပုံကို ပြုပြင်၍ ဤသို့ပြောဆိုနိုင်သည်။ “အဲ့ဒီလို ဘာကြောင့် ထင်သလဲဆိုတာကို မေးပါရစေ။” အဖြေရပြီးနောက် ဤသို့ဆက်ပြောနိုင်သည်။ “အဲ့ဒီလို ဘာကြောင့်သဘောထားတယ်ဆိုတာကို သဘောပေါက်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ မကြာခင်က ဒီစာအုပ်ထဲမှာ သင်စိတ်ဝင်စားမဲ့အကြောင်းတစ်ခုကို ဖတ်မိတယ်။” စာမျက်နှာ ၆ အပိုဒ် ၃ နှင့် ၄ ကိုဖတ်ပြပါ။ စာမျက်နှာ ၇ ရှိ၊ အပိုဒ် ၅ ၏ ပထမဝါကျကိုလည်း ဖတ်ပြပါ။ ကျမ်းစာမှန်ကန်မှု၏သက်သေအဖြစ် အခြားသူတို့ အဘယ်အရာကို လက်ခံထားကြောင်း အိမ်ရှင်သိလိုစိတ်ရှိသလောဟု မေးမြန်းပါ။
၆ ကောင်းစွာပြင်ဆင်၍ ယေဟောဝါအမှုတော်တွင် ခွဲခြားသိမြင်နိုင်စွမ်း တင်ပြပါက တမန်တော်ပေါလုနည်းတူ ဤသို့ဆိုနိုင်မည်။ “အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။”—၁ ကော၊ ၉:၂၂။ သု၊ ၁၉:၈။