စည်းဝေးများကို အချိန်မှန်စ၍နိဂုံးချုပ်
၁ လယ်ကွင်းလုပ်ငန်းအတွက်တွေ့ဆုံမှုများအပါအဝင် အသင်းတော်အစည်းအဝေးများအားလုံးကို အချိန်မှန်စ၍နိဂုံးချုပ်သင့်သည်။ အဘယ်ကြောင့်နည်း။ အချိန်မှန်ခြင်းဖြင့် စည်းစနစ်ရှိကြောင်း၊ စည်းဝေးသို့တက်ရောက်ပါဝင်သူအားလုံးကို စာနာမှုရှိကြောင်း တင်ပြသည်။ (ဒေ၊ ၃:၁၇ခ။ ၁ ကော၊ ၁၄:၃၃) အစည်းအဝေးများသည် အချိန်မှန်စ၍နိဂုံးချုပ်စေရန် အောက်ပါလမ်းညွှန်တို့ကို လိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့၏စိတ်ဝင်စားမှုကိုတင်ပြနိုင်သည်။
၂ အခြားသူများနှင့် စကားစမြည်ပြောဆိုရန်၊ လိုအပ်သည့်ကိစ္စများကို ဆောင်ရွက်ရန်၊ သီချင်းနှင့်ဆုတောင်းခြင်း၌ပါဝင်ရန် စည်းဝေးသို့စောစောရောက်နေဖို့ အမြဲကြိုးစားသင့်သည်။ အများအားဖြင့်ဆိုလျှင် သီချင်းနှင့်ဆုတောင်းခြင်းအတွက် ငါးမိနစ်အချိန်ယူသည်။ အသင်းတော်ကိုယ်စား ဆုတောင်းပေးသူတို့သည် စည်းဝေး၏ရည်ရွယ်ချက်ကိုစွဲမှတ်ကာ စည်းဝေးအစနှင့်အဆုံးဆုတောင်းချက်များတွင် ယင်းကိုထည့်ဆုတောင်းပေးသင့်သည်။ ဤဆုတောင်းချက်များသည် ရှည်လျားစရာမလိုပါ။
၃ လူထုဟောပြောပွဲ။ လူထုဟောပြောပွဲများကို ၄၅ မိနစ်ကန့်သတ်ထားသည်။ ခွင့်ပြုထားချိန်ထက်ပိုမည်ဆိုလျှင် နောက်ဆက်ရန်ကင်းမျှော်စင်သင်တန်းကို ထိခိုက်လိမ့်မည်။ သီချင်းနှင့်ဆုတောင်းချက်များပါအပါအဝင် ဤအစည်းအဝေးနှစ်ခုစလုံးကို နှစ်နာရီအတွင်းပြီးဆုံးစေရမည်။ လူထုဟောပြောပွဲပေးသူများသည် အသင်းမအောက်လိုင်းပါအချိန်အတွင်း အပြီးဟောသင့်သည်။ ဟောပြောချက်အတွင်း နှုတ်ခွန်းဆက်စကားများအစရှိသည့် အပြင်စကားများကို မထည့်သွင်းသင့်ပါ။ နိုင်ငံတော်ခန်းမတည်ရှိရာနေရာကို ဟောပြောမည့်သူမသိပါက ဖိတ်ခေါ်သောအသင်းတော်ထံမှ လမ်းညွှန်ချက်များနှင့် ထိုသို့ရောက်ရှိရန် အချိန်မည်မျှကြာနိုင်ကြောင်းမေးမြန်းထားသင့်သည်။
၄ “ကင်းမျှော်စင်” သင်တန်း။ ကင်းမျှော်စင် သင်တန်းအတွက် တစ်နာရီအချိန်ကန့်သတ်ထားပါသည်။ ဤအချိန်အတွင်း အပိုဒ်တိုင်းဖတ်ပြီး ပြန်လည်စစ်ဆေးရန်မေးခွန်းများကို သုံးသပ်ပြီးရမည်။ သင်တန်းကိုင်သူ၏ လိုရင်းတိုရှင်းနိဒါန်းစကားသည် စိတ်ဝင်စားမှုကို နှိုးဆွပေး၍ သင်အံနေအကြောင်းကို အာရုံပြုစေသင့်သည်။ သင်တန်းအတွင်း သူအနည်းအကျဉ်းသာတင်ပြပြောဆိုသင့်သည်။ ဆောင်းပါးကိုအချိန်ကန့်သတ်ပေးမည်ဆိုလျှင် သင်တန်းကိုင်သူသည် ပထမပိုင်းကို အချိန်များများယူပြီး နောက်ပိုင်းတွင် အလျင်စလိုလေ့လာသွားစရာဖြစ်စေမည်မဟုတ်ပါ။
၅ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်း။ ဤကား ၄၅ မိနစ်အစည်းအဝေးဖြစ်သည်။ သွန်သင်ဟောပြောချက်နှင့်ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များကို အချိန်ပိုလျှင်မရပ်ခိုင်းသော်လည်း ဤတာဝန်ကိုလက်ခံယူသောညီအစ်ကိုများသည် ကန့်သတ်ထားသည့်အချိန်အတွင်းသာပြီးသင့်သည်။ ဤသို့မပြုပါက နှစ်ကိုယ်ကြားသွန်သင်မှုပေးသင့်သည်။ ကျောင်းကြီးကြပ်မှူး၏ မှတ်ချက်စကားများသည်လည်း ကန့်သတ်ထားချိန်အတွင်းဖြစ်သင့်သည်။ သင်သားများအားလုံး စင်မြင့်အနီးထိုင်နေကြမည်၊ မိမိဟောပြောချက်ကို ကန့်သတ်ထားချိန်အတွင်း အပြီးပြောဆိုမည်ဆိုလျှင် အချိန်ကုန်သက်သာစေမည်။—၁၉၉၁ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းအစီအစဉ် ကိုကြည့်။
၆ လုပ်ငန်းတော်စည်းဝေး။ ဤစည်းဝေးသည်လည်း ၄၅ မိနစ်ကြာသည်။ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်း၊ သီချင်းနှင့်ဆုတောင်းချက်များအပါအဝင် အစီအစဉ်တစ်ခုလုံးသည် တစ်နာရီနှင့်လေးဆယ်ငါးမိနစ်ထက် မပိုသင့်ပါ။ လုပ်ငန်းတော်စည်းဝေးတွင် တာဝန်ရသောညီအစ်ကိုများသည် ကန့်သတ်ထားသည့်အချိန်ကို ဂရုစိုက်သင့်သည်။ အမေးအဖြေနှင့်ပြုလုပ်ရန်ဖြစ်သောအပိုင်းများကို နိဒါန်းတိုဖြင့်သာစဖို့လိုသည်။ ရှည်လျားသောနိဒါန်းများ ပျိုးနေစရာမလိုပါ။ သရုပ်ပြများကိုလည်း ကောင်းစွာလေ့ကျင့်ပြီးသားဖြစ်သင့်သည်။ ကန့်သတ်ထားချိန်အတွင်း ပြီးစီးနိုင်ရန် ပါဝင်သူတို့သည် အသင့်ရှိကြပြီး နေရာယူထားရမည်။
၇ အသင်းတော်စာအုပ်ကြီးသင်တန်း။ အစနှင့်အပိတ်ဆုတောင်းချက်များပါအပါအဝင် ဤအစည်းအဝေးသည် တစ်နာရီကြာသည်။ အပိုဒ်တိုင်းကိုဖတ်ရမည်။ အချိန်မှန်စည်းဝေးပြီးရန် သင်တန်းကိုင်သူသည် လေ့လာသည့်ဆောင်းပါးကို ပိုင်းခြားထားမည်။ ဤနည်းဖြင့် သင်တန်းအဆုံးပိုင်းကို အလျင်အမြန်ပြုရခြင်း၊ စောစောပြီးနေခြင်း ဖြစ်လိမ့်မည်မဟုတ်ပါ။ အပိုဒ်တစ်ခုစီကို အချိန်မည်မျှပေးသင့်ကြောင်း သင်တန်းကိုင်သူသည် ထိုးထွင်းသိရှိရမည်။ အဓိကအချက်များကို ကောင်းစွာနားလည်စေရမည်။ သင်တန်းကိုင်သူ၏သွန်သင်ခြင်းအရည်အချင်းက အထောက်အကူပြုမည်။—တိ၊ ၁:၉။
၈ လယ်ကွင်းလုပ်ငန်းအတွက် တွေ့ဆုံမှု။ ရပ်ကွက်ခွဲခန့်ခြင်းနှင့်နိဂုံးချုပ်ဆုတောင်းခြင်းပါအပါအဝင် ဤစည်းဝေးများသည် ၁၅ မိနစ်ထက်မပိုသင့်ပါ။ အမှုဆောင်ထွက်သူတို့သည် စောနိုင်သ၍စောစော လုပ်ငန်းတော်ကိုစလိုကြမည်။ စည်းဝေးကိုင်သူသည် အချိန်မှန်စ၍ လူအုပ်တိုးများလာချိန်အထိ စောင့်ဆိုင်းနေမည်မဟုတ်ပါ။ ထို့ပြင် ရပ်ကွက်အတွက် တာဝန်ခွဲပြီး၍ ဆုတောင်းပြီးပြီဆိုလျှင် အုပ်စုသည် လယ်ကွင်းသို့ချက်ချင်းထွက်ခွါနိုင်ပါသည်။ ဤသို့ပြုခြင်းကား အထူးသဖြင့်ရှေ့ဆောင်များအတွက် အရေးကြီးပေမည်။
၉ အချိန်မှန်စ၍ပြီးသောစည်းဝေးများမှ ကျွန်ုပ်တို့အားလုံး အကျိုးခံစားနိုင်ပါသည်။ အထူးသဖြင့် အချိန်မှန်အိမ်ပြန်ရောက်စေလိုသော မယုံကြည်သူအိမ်ထောင်ဖက်များရှိသူတို့သည် ဤသို့ဖြစ်ခြင်းကို အလွန်တန်ဖိုးထားကြမည်။ စည်းဝေးသို့ကြိုပို့ရန်၊ သို့မဟုတ် အိမ်ပြန်ရောက်မည့်အချိန်ကို ပြောပြသည့်အခါ ယုံကြည်ခြင်းမတူသောအိမ်ထောင်များရှိသူတို့သည် စည်းဝေးမစမီနှင့်အပြီးတွင် ပေါင်းသင်းမှုပြုလုပ်ခြင်း၊ စာပေများထုတ်ယူခြင်းအစရှိသည်တို့အတွက် အချိန်ထည့်တွက်ပြောဆိုသင့်သည်။ စည်းဝေးများကို အချိန်မှန်စခြင်း၊ ပြီးခြင်းသည် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်” ခြင်းတွင်ပါဝင်ကြောင်း သံသယမရှိပါ။—၁ ကော၊ ၁၄:၄၀။