တွေ့ဖူး၊ ကြားဖူးသမျှအကြောင်း အစဉ်ပြောဆိုနေခြင်း
၁ ရိုက်နှက်ခြင်း၊ ထောင်ချခြင်းတို့ကို ခံရပြီးနောက်ပင် အတိုက်အခံပြုသူတို့အား တမန်တော်များက “ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲ မနေနိုင်” ဟုပြောခဲ့သည်။ (တ၊ ၄:၂၀) ယေရှု၏လုပ်ရပ်များနှင့် သွန်သင်ချက်များကို သူတို့တန်ဖိုးထားလေးမြတ်ခဲ့ကြသည်။
၂ ယေရှုနှင့် ကိုယ်တော်၏နိုင်ငံတော်သတင်းကောင်းသည် ထိုအချိန်ကကဲ့သို့ပင် ယနေ့လည်း လူတို့အတွက် အရေးကြီးပါသည်။ ထိုကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ တွေ့ဖူး၊ ကြားဖူးသမျှတို့ကို ပြောဆိုကြရန် အခွင့်အရေးတိုင်းကို လက်မလွှတ်သင့်ပါ။ ခရစ္စမတ်ပွဲအချိန်တွင် ဘာသာရေးတရားကိုဆွေးနွေးလိုစိတ် လူတို့၌ရှိတတ်ကြသဖြင့် ယင်းအချိန်တွင် သက်သေခံခွင့်ကောင်းများ ပေါ်ပေါက်တတ်ပါသည်။
၃ လူငယ်များ၊ ကျောင်းတွင် ပြောဆိုကြ။ သက်သေခံလူငယ်များစွာတို့သည် ကျောင်းနေဖက်များနှင့် ဆရာ၊ ဆရာမများအား သက်သေခံရန် အခွင့်အရေးရှာယူ တတ်ကြပါသည်။ ကျောင်းတွင် လူငယ်များ လတ်တလောစိတ်ဝင်တစား ပြောဆိုကြသည့်အကြောင်းကို အမြဲဂရုစိုက်သော သက်သေခံငယ်တစ်ဦးသည် ကျောင်းမှအဖြစ်အပျက်တစ်ခုကို အခွင့်ကောင်းယူပြီး ဆရာများနှင့် ကျောင်းနေဖက်တို့အတွက် သင့်လျော်သောစာပေကို တင်ပြဝေငှလေ့ရှိသည်။ ရလဒ်ကကော။ တစ်နေ့တည်းတွင် စာအုပ်ပေါင်း ၃၅ အုပ်သူမ ဝေငှနိုင်ခဲ့သည်။ တစ်နှစ်လုံးတွင် ဤအချိန်အခါ၌ ယေရှုခရစ်နှင့် ငြိမ်သက်ခြင်းအကြောင်း လူတို့တွေးတောတတ်ကြသည့်အတွက် နန်းထိုင်ဘုရင်အဖြစ် ကမ္ဘာ့ပြဿနာများကို ယေရှုမည်သို့ဖြေရှင်းပေးနိုင်မည့်အကြောင်း ကျောင်းနေဖက်များနှင့် ဆရာများအား အသိပေးရန် ဤအချိန်သည်အကောင်းဆုံးဖြစ်လိမ့်မည်ဟု သင်မယူမှတ်သလော။—လု၊ ၂:၁၄ နှိုင်းယှဉ်။
၄ ခရစ္စမတ်ပွဲနှင့်ဆက်စပ်သည့် ဘာသာရေးထုံးစံများတွင် သင်မပါဝင်သည့်အတွက် ပြဿနာတက်လာလျှင် သင်ဤသို့ပြောဆိုနိုင်ပါမည်။
▪ “ခရစ္စမတ်ပွဲလမ်းသဘင်များဟာ ယေရှုကို တစ်ပါးတည်းသောကယ်တင်ရှင်၊ စစ်မှုနဲ့ လူမျိုးရေးပြဿနာများကို ငြိမ်းစေမယ့် တစ်ဦးတည်းသောပုဂ္ဂိုလ်အဖြစ် ဂုဏ်မပြုတဲ့အတွက် ကျွန်တော်မပါဝင်ရခြင်းဖြစ်ပါတယ်။” [တ၊ ၄:၁၂ ကိုကိုးကား၊ သို့မဟုတ် ဖတ်။] ယေရှုဟာ နို့စို့သူငယ်မဟုတ်တော့ဘဲ၊ နန်းထိုင်ဘုရင်တစ်ပါးဖြစ်နေပြီ။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ဟာ ယေရှုရဲ့သွန်သင်ချက်နဲ့ အံ့ဖွယ်အမှုအားလုံးကိုဆွေးနွေးတင်ပြပြီး လူ့ဆင်းရဲဒုက္ခများကို ကိုယ်တော်ဘယ်လိုငြိမ်းစေမယ့်အကြောင်း ဖော်ပြပါတယ်။” ထိုနောက် အခန်း ၁၃၃ ပါရုပ်ပုံကိုပြပြီး နောက်စာမျက်နှာရှိ ဒုတိယအပိုဒ်ကိုဖတ်ပါ။ ထိုသူကြိုက်နှစ်သက်မည်ထင်သည့် အခြားအချက်အလက်များကိုလည်း ဖော်ပြပါ။ စိတ်ဝင်စားမှု အတော်အသင့်တင်ပြမည်ဆိုလျှင် စာအုပ်ကို မည်သို့ရယူနိုင်ကြောင်း ရှင်းပြပါ။
၅ လုပ်ဖော်ကိုင်ဖက်တို့အား ပြောဆိုပါ။ ညီအစ်ကိုတစ်ဦးသည် အကြီးမြတ်ဆုံးလူသား စာအုပ်ကို စားပွဲပေါ်တင်ထားရုံဖြင့် စာအုပ် ၆၃ အုပ်ဝေငှနိုင်ခဲ့ပါသည်။ ယင်း၏ရှုပျော်ဖွယ်အသွင်နှင့် စာအုပ်အမည်ကိုယ်နှိုက်က မေးမြန်းစရာပေါ်စေသည်။ လုပ်ဖော်ဆောင်ဖက်တစ်ဦးအား “အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားသား ဘယ်သူဖြစ်တယ်လို့ ခင်းဗျားပြောမလဲ” ဟုမေးနိုင်ပါသည်။ ထိုနောက်ဆက်၍ ဤသို့ဆိုနိုင်သည်။ “ဒီစာအုပ်ဟာ ယေရှုရဲ့အသက်တာဘဝတစ်ခုလုံးကို အသေးစိတ်ဖော်ပြထားပါတယ်။ ကိုယ်တော်ဟောပြောခဲ့သမျှတရား၊ ကိုယ်တော်ရဲ့အံ့ဖွယ်ရာများအကြောင်း မေးမြန်းခဲ့တဲ့မေးခွန်းများရဲ့အဖြေနဲ့ အခြားစိတ်ဝင်စားဖွယ် အသေးစိတ်အချက်အလက်များကို ဖော်ပြထားပါတယ်။ ယေရှုအကြောင်း ကျမ်းစာရဲ့သွန်သင်ချက်ကို စေ့ငစွာပြန်လည်ဖော်ပြပြီး အသက်ရှင်ခဲ့သမျှလူသားတွေထဲမှာ ယေရှုခရစ်တော်ဟာ အကြီးမြတ်ဆုံးဖြစ်တာကို သံသယကင်းရှင်းလောက်အောင် သက်သေတင်ပြပါတယ်။” ထိုနောက် စာအုပ်၏စကားချီးတွင် တတိယအပိုဒ်၌ ယေရှုအကြောင်း နပိုလီယံပြောသည့်စကားများကို ကိုးကားတင်ပြပါ။
၆ အိမ်နီးချင်းများ၊ မယုံကြည်သူ ဆွေမျိုးများအား သက်သေခံရန် ထပ်တူအခွင့်အရေးများ ပေါ်ကောင်းပေါ်လာမည်။ အခန့်သင့်အချိန်တွင် ပြောဆိုဝံ့ရုံမက ပြောဆိုတတ်ရန် ယေဟောဝါထံအကူအညီတောင်းခံပါ။ (တ၊ ၄:၂၉၊ ၃၁) ယေရှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ပြောဆိုနိုင်သည့်အကြောင်းများသည် ဖြောင့်မတ်ခြင်းတရားမြတ်နိုးသော စဉ်းစားဆင်ခြင်သူများ၏နှလုံးကို နွေးထွေးစေပါလိမ့်မည်။ ကျောင်းနေဖက်၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်နီးချင်း၊ သို့မဟုတ် ဆွေမျိုးတစ်ဦးအား ထာဝရအသက်လမ်းပေါ် ရောက်ရှိစေရန် ကူညီပေးခြင်းထက်ကောင်းသည့် အဘယ်အတွေ့အကြုံရှိနိုင်ဦးမည်နည်း။—ယော၊ ၁၄:၆။