အကြီးမြတ်ဆုံးလူသားနောက်လိုက်ရန် အခြားသူများအားဖိတ်ခေါ်လေ
၁ မဿဲ ၅:၁၄ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေရှုက “သင်တို့သည် လောက၏အလင်းဖြစ်ကြ၏” ဟုတပည့်တော်တို့အား မိန့်တော်မူသည်။ နေရာအနှံ့ရှိသူတို့အား ယေဟောဝါ၏ နိုင်ငံတော်နှင့် ယေရှုမှတစ်ဆင့် ကယ်တင်ခြင်းရရန် ကိုယ်တော်၏ မေတ္တာပါအစီအစဉ်အကြောင်းကို ယေရှု၏ တပည့်နောက်လိုက်များ ပြောဆိုကြရန် ဖြစ်သည်။ လွှဲအပ်ခံရသော ဤတာဝန်ကို စိတ်စွဲမှတ်ထားကာ ဒီဇင်ဘာလအတွင်း အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကို ကြိုးစားဝေငှကြမည်။ ဤတွင် သင်တို့အသုံးပြုလိုမည့် အကြံပြုချက်အချို့ကို တင်ပြထားပါသည်။
၂ ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီးနောက် အောက်ပါတို့ကို ကိုယ်ပိုင်စကားဖြင့် တင်ပြလိုပေမည်–
▪ “ကမ္ဘာပေါ် သက်တော်ထင်ရှားစဉ်က ယေရှုဟာ ဘယ်လိုလူစားဖြစ်ပါလိမ့်လို့ လူအများကသိချင်ကြတယ်။ ကိုယ်တော်ဟာ တခြားလူတွေနဲ့ ဘယ်လိုများထူးခြားသလဲ။ [ဖြေဆိုခွင့်ပြုပါ။] ဒီစိတ်ဝင်စားစရာကောင်းတဲ့ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်က ကိုယ်တော့်ဘဝနဲ့ ဓမ္မအမှုရဲ့ ထူးခြားချက်တွေကို ဖော်ပြထားတယ်။ ကိုယ်တော်ဟာ ဘယ်လိုလူစားဖြစ်တယ်ဆိုတာကိုလည်း အတွင်းကျကျသိစေတယ်။ ဒီစာအုပ်ကို ဖတ်ကြည့်ပြီးတဲ့နောက် ကိုယ်တော်နဲ့ ကိုယ်တိုင်ပေါင်းသင်းခွင့်ရလိုက်တယ်၊ ကိုယ်တော်ရဲ့ဆင်းရဲဒုက္ခများကို ခံစားလိုက်ရတယ်၊ ကိုယ်တော်ရဲ့ ဓမ္မအမှုကို ကိုယ်တိုင်လေ့လာလိုက်ရတယ်လို့ အချို့ခံစားရတယ်။” စာအုပ်နာမည်ကို ပေါ်လွင်စေသည့် ပထမရုပ်ပုံကို ဖော်ပြပါ။ ထို့နောက် နိဒါန်းသို့ဖွင့်ပြီး “ကိုယ်တော့်အကြောင်းလေ့လာ၍ အကျိုးရယူ” ခေါင်းစဉ်ငယ်အောက်ရှိ ဒုတိယအပိုဒ်ကို ဖတ်ပြပြီးနောက် တုံ့ပြန်မှုကောင်းရှိပါကစာအုပ်ကို ဝေငှပါ။
၃ သို့မဟုတ် ဤသို့ပြောဆိုလိုပေမည်–
▪ “ဒီအချိန်အခါမျိုးမှာ ယေရှုအကြောင်း လူအများ စဉ်းစားနေကြမယ်။ ဒါပေမဲ့၊ တစ်ကမ္ဘာလုံးမှာမကောင်းမှုတွေ အများကြီးဖြစ်ပျက်နေတဲ့အတွက် ကျွန်တော်တို့ကို ယေရှုတကယ်မှ ဂရုစိုက်ရဲ့လားလို့ တချို့ဇဝေဇဝါဖြစ်ကြမယ်။ ခင်ဗျားကော ဘယ်လိုထင်သလဲ။” ဖြေဆိုခွင့်ပြုပါ။ အကြီးမြတ်ဆုံးလူသားစာအုပ်၊ အခန်း ၂၄ သို့ဖွင့်ပြီး ကမ္ဘာပေါ်သို့ ယေရှုအဘယ်ကြောင့် လာခဲ့ရကြောင်းကို တိုတိုတုတ်တုတ် တင်ပြပါ။ ထို့နောက် ယောဟန် ၁၅:၁၃ ကိုဖတ်ပြီး သူတစ်ပါးကို ယေရှုမည်မျှချစ်ခြင်းမေတ္တာရှိကြောင်းကို အလေးအနက်ပေါ်လွင်စေပါ။ စာအုပ်ကိုမယူလျှင် နောက်ဆုံးထုတ်မဂ္ဂဇင်း၊ ဘရိုရှာ သို့မဟုတ် သင့်တော်သော ဝေစာတစ်မျိုးမျိုးကို ဝေငှရန် သတိရှိပါ။
၄ အခြားအကြံပြုချက်တစ်ခုကား ဤသို့–
▪ “လူငယ်အများဟာ အတုခိုးစရာ စံနမူနာရှင်များကို ရှာတတ်ကြတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့စံနမူနာရှင်များက ရှားတယ်။ လူတိုင်းအတွက် အပြစ်ဆိုစရာမရှိတဲ့ ပုံသက်သေကို ယေရှုခရစ်တင်ပြခဲ့တယ်။ [၁ ပေတရု ၂:၂၁ ဖတ်။] ကိုယ်တော်ရဲ့ ဘဝအသက်တာတစ်ခုလုံးဟာ ကောင်းကင်ခမည်းတော်ရဲ့ ဝတ်ပြုရေးမှာ ဗဟိုပြုထားတယ်။ လူအများအပြားသာ ကိုယ်တော်လိုဖြစ်ဖို့ ကြိုးစားကြမယ်ဆိုရင် ဘယ်လိုနေမလဲလို့ ခင်ဗျားထင်သလဲ။” ဖြေဆိုခွင့်ပြုပါ။ ကိုယ်တော်၏ ထူးကဲသောအရည်အချင်းများကို ဖော်ပြသည့် နောက်ဆုံးစာမျက်နှာမတိုင်ခင်စာမျက်နှာရှိ စတုတ္ထအပိုဒ်ကို တင်ပြပါ။ အကြီးမြတ်ဆုံးလူသားစာအုပ်သည် ကျွန်ုပ်တို့အားလုံးကို သာ၍ကောင်းသောခရစ်ယာန်များ ဖြစ်လာနိုင်စေရန် မည်သို့အကူအညီပေးမည့်အကြောင်း ရှင်းပြပါ။
၅ ဤအကြံပြုချက်နှင့်တူသော အရာတစ်ခုခုကို သင်အသုံးပြုလိုပေမည်–
▪ “တစ်ယောက်ယောက်က ယေရှုခရစ်နာမည်ကို ပြောလိုက်တဲ့အခါ သူ့ကို ကလေးလေး၊ ဒါမှမဟုတ် သေခါနီး ဆင်းရဲဒုက္ခများခံနေရတဲ့လူအနေနဲ့ အများက စဉ်းစားမိကြတယ်။ ယေရှုအကြောင်းစဉ်းစားတိုင်း သူမွေးဖွားတဲ့အချိန်နဲ့ သေတဲ့အချိန်ကိုပဲ သတိရကြတယ်။ သူအသက်ရှင်တဲ့အတောအတွင်း ပြောဆိုခဲ့သမျှ၊ ပြုလုပ်ခဲ့သမျှ အံ့ဩစရာများကို အမြဲပဲသတိမထားမိကြဘူး။ ကိုယ်တော်ပြုလုပ်ခဲ့တဲ့အရာတွေဟာ ကမ္ဘာပေါ်အသက်ရှင်ခဲ့သမျှသူအားလုံးနဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့် ကျွန်တော်တို့အကျိုးအတွက် ကိုယ်တော်ပြုလုပ်ခဲ့တဲ့ အံ့ဩစရာ များနိုင်သလောက်များများ သိထားဖို့ အရေးကြီးတယ်။” ယောဟန် ၁၇:၃ ကိုဖတ်ပါ။ အကြီးမြတ်ဆုံးလူသားစာအုပ် နိဒါန်း၏ပထမစာမျက်နှာသို့ဖွင့်ပြီး စတုတ္ထအပိုဒ်ကိုဖတ်ပါ။ ဤစာအုပ်ကို မည်သို့ရရှိနိုင်ပြီး ကိုယ်ပိုင်လေ့လာမှုအတွက် မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြပါ။
၆ ပြန်လည်ပတ်မှုပြုလုပ်နိုင်ရန် စိတ်ဝင်စားသူများနှင့် စာအုပ်ယူထားသူများ၏လိပ်စာကို ရေးမှတ်ထားပါ။ အချိန်ရှိနေစဉ် စိတ်နှလုံးရိုးသားသူများကို ဇွဲလုံ့လဖြင့် ရှာဖွေကာ ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ ယေရှုခရစ်၏ တပည့်နောက်လိုက်များ ဖြစ်လာစေရန် သူတို့အား ကူညီပေးပါ။—မ. ၁၆:၂၄။