သင့်ဓမ္မအမှုတွင် အပြောင်းအလဲပြုပေးပါ
၁ မျိုးမည်ခြားနားခြင်းက စိတ်အာရုံကို ထကြွကပ်ငြိစေ၏ဟု အဆိုရှိသည်။ အများအားဖြင့်ဆိုလျှင် အကြောင်းတစ်ခုကို အခြားနည်းဖြင့် တင်ဆက်ပြောဆိုပေးခြင်းဖြင့် ပိုမိုစိတ်ဝင်စားစေပါသည်။ ကျွန်ုပ်တို့ဓမ္မအမှုတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သတိမပြုလျှင် တစ်အိမ်မှတစ်အိမ် တင်ဆက်ပြောဆိုပုံများသည် လွယ်ကူစွာဖြင့် ပုံသေကားကျဖြစ်သွားနိုင်သည်။ နိဒါန်းတစ်မျိုးတည်းကို ထပ်တလဲလဲအသုံးပြုခြင်းသည် ကျွန်ုပ်တို့အတွက်သော်လည်းကောင်း၊ အိမ်ရှင်များအတွက်သော်လည်းကောင်း ငြီးငွေ့စရာဖြစ်နိုင်ပါသည်။ ထိုကြောင့် သင့်ဓမ္မအမှုတွင် အပြောင်းအလဲပြုပေးပါလေ။ သို့သော် ယင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။
၂ ‘မင်္ဂလာပါ။ နိုင်ငံတော်သတင်းကောင်းကို အိမ်နီးနားချင်းတို့အား ပြောပြနေပါတယ်’ ဟုပြောဆိုမည့်အစား သင့်နိဒါန်းကို ပြောင်းလဲပေးနိုင်သော နည်းအမျိုးမျိုးကို စဉ်းစားထားပါလေ။ Reasoning စာအုပ်တွင် နိဒါန်းမျိုးစုံပါပါသည်။ စာမျက်နှာ ၉-၁၅ တွင် အကြောင်း ၁၈ မျိုးအတွက် နိဒါန်းများ ပါရှိသည်။ ထို့ပြင် များစွာသောအကြောင်းတို့အတွက် နိဒါန်းနှစ်မျိုး၊ သုံးမျိုးမက ရှိပါသေးသည်။
၃ “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော” ဘရိုရှာကို ကျွန်ုပ်တို့အသုံးပြုနေမည်ဆိုလျှင် စာမျက်နှာ ၁၃ ပါ “အသက်ရှင်ခြင်း/ပျော်ရွှင်မှု” အပိုင်းရှိ ဤနိဒါန်းသည် များစွာအကူအညီဖြစ်ပေလိမ့်မည်။
◼ “ဒီနေ့ဒီအခါ အသက်ရှင်နေကြပုံအကြောင်းကို တကယ်စိုးရိမ်နေသူတို့နဲ့ စကားစမြည်ပြောဆိုနေပါတယ်။ စစ်မှန်သောပျော်ရွှင်မှုရှိတဲ့ အသက်တာဘဝမျိုး ရနိုင်ပါ့မလားလို့ တွေးပူနေသူများရှိပါတယ်။ ဒီဘရိုရှာက အားရှိစရာ၊ စဉ်းစားစရာကောင်းတဲ့ သဘောထားတစ်ခုကို တင်ပြပေးပါတယ်။” ဘရိုရှာ၏ စာမျက်နှာ ၂၅ သို့ဖွင့်ပြကာ အပိုဒ် ၁၅ နှင့် ၁၆ မှပေါ်လွင်ချက် တစ်ခုနှစ်ခုကို ဖတ်ပြပါ။
၄ နိုင်ငံတော်ကြေညာသူအချို့—အထူးသဖြင့် ငယ်ရွယ်၍ သစ်လွင်သူများသာမက အနည်းငယ်ကြီးရင့်သူများပင်—သည် ဝေစာများကို အသုံးပြုခြင်းအားဖြင့် အိမ်ပေါက်ဝများတွင် စိတ်ဝင်စားဖွယ် နိဒါန်းကို ပျိုးပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပြီ။
ကြေညာသူငယ်တစ်ဦးသည် “မိသားစုဘဝကို မွေ့လျော်ခြင်း ” ဝေစာကိုအသုံးပြုကာ ဤသို့ဆိုနိုင်သည်–
▪ “ပျော်ရွှင်တဲ့အိမ်ထောင်များကို ဘုရားသခင် ဘယ်လိုတည်ရှိစေနိုင်တဲ့အကြောင်း အကျဉ်းချုပ်ပြောပြချင်တယ်။ မိသားစုဘဝကို မွေ့လျော်ခြင်း ဆိုတဲ့ ဒီဝေစာကို ပေးဖတ်ချင်တယ်။” ဤတွင် လူငယ်နှင့်တွဲသော ကြီးရင့်သောကြေညာသူသည် အိမ်ရှင်၏တုံ့ ပြန်ပုံကိုကြည့်ကာ ထပ်ဆင့်ပြောဆိုရန် လိုမလို ဆုံးဖြတ်ပါမည်။
၅ အိမ်ရှင်သည် စိတ်ဝင်စားမှုတင်ပြပါက သာ၍ကြီးရင့်သောကြေညာသူသည် ဤသို့ဆိုနိုင်သည်–
▪ “မိသားစုအစီအစဉ်မှာ ယောက်ျားအတွက်၊ မိန်းမအတွက်၊ သားသမီးများအတွက် တာဝန်များကို ကျမ်းစာကတင်ပြထားတယ်။ မိသားစုကို ဘုရားသခင်စတည်ရှိစေတဲ့အတွက် မိသားစုလုပ်ကိုင်ရမဲ့ အလုပ်များကို ကိုယ်တော်သာ အကောင်းဆုံးညွှန်ကြားပေးနိုင်လိမ့်မယ်လို့ မထင်ဖူးလား။ မိသားစုမှာပါဝင်တဲ့ လူတစ်ယောက်စီအတွက် ကျမ်းစာရဲ့ ပွင့်လင်းတဲ့ သွန်သင်ချက်တွေကို ခင်ဗျား ဘယ်လိုယူဆတဲ့အကြောင်း ကျွန်ုပ်သိချင်တယ်။” ထိုနောက် ဧဖက် ၅:၂၂၊ ၂၃၊ ၂၈-၃၁ ကိုဖတ်ပါ။
၆ အကြီးမြတ်ဆုံးလူသား စာအုပ်ကို သင်တင်ပြနေမည်ဆိုလျှင် ဗျာဒိတ် ၂၁:၃၊ ၄ တွင်တင်ပြထားသည့် အနာဂတ်အတွက် အပြုသဘောပါ အတွေးအခေါ်ကို ပေါ်လွင်စေပါ။ ထိုနောက် စာမျက်နှာ ၃၀၃ ပါအပိုဒ် ၇ ကိုဖတ်ပြပါ။ ဤကတိတော်များကို ဘုရားသခင့်ပြည့်စုံစေမည့်အကြောင်း လက်ခံယုံကြည်ခြင်းသည် ယုတ္တိရှိမရှိ အိမ်ရှင်အား မေးမြန်းနိုင်ပါသည်။ ပြည့်စုံပြီးသော ကျမ်းစာပရောဖက်ပြုချက်များကို အတိုချုပ်ဆွေးနွေးခြင်းက လူမျိုးကို ဘုရားသခင် ကောင်းချီးပေးနိုင်စွမ်းရှိကြောင်း အိမ်ရှင်အား စိတ်ချနိုင်စေသင့်သည်။
၇ နိုင်ငံတော်သတင်းကြွေးကြော်သူအပေါင်းသည် သီအိုကရက်တစ်ရေးရာများ တိုးတက်ရေး၌ပါဝင်လို၍ ဖြစ်နိုင်သည့်အခါတိုင်း သမ္မာတရားမျိုးစေ့များကို ကြဲရုံမက စိတ်ဝင်စားမှုတင်ပြသူတို့အား တိုး၍စိတ်ဝင်စားစေလိုမည်။ ကျွန်ုပ်တို့ကဏ္ဍကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးနောက် ဆက်လက်တိုးတက်ကြီးပွားခြင်းကို ယေဟောဝါလက်တော်သို့ ပျော်ရွှင်စွာထားရစ်နိုင်ပါသည်။ အိမ်နီးနားချင်းတို့အား အကောင်းဆုံးသတင်း ပါးခွင့်ကို ကျွန်ုပ်တို့ရရှိထားပေပြီ။ အမြဲအသင့်ရှိနေခြင်းအားဖြင့် နိုင်ငံတော်သတင်းတရားကို တင်ဆက်ရာတွင်လည်းကောင်း၊ စာအုပ်စာတမ်းများကို ဝေငှပေးရန် ထိုးထွင်းဉာဏ် အသုံးပြုရာတွင်လည်းကောင်း ပြောင်းလဲအသုံးပြုနိုင်ပါသည်။