ဒီဇင်ဘာလအတွင်း ကျမ်းစာသင်အံမှုများ စတင်ခြင်း
၁ သတင်းကောင်းကို သွန်သင်ပေးသူများဖြစ်ကြရမည်ဟု တပည့်တော်များအား ယေရှုအမိန့်ပေးခဲ့ပါသည်။ (မ. ၂၈:၁၉၊ ၂၀) သူတစ်ပါးအား သွန်သင်ပေးသည့် အဓိကနည်းကား ကျမ်းစာသင်အံမှုများ ကျင်းပခြင်းအားဖြင့်ဖြစ်သည်။ ဤလုပ်ငန်းတွင် အသင် ပါဝင်နေပါသလော။ မပါဝင်ရသေးလျှင် သူတစ်ပါးကို သွန်သင်ပေးခြင်းလုပ်ငန်းတွင် ပိုမိုပါဝင်နိုင်ရန် သင်အံမှုကို မည်သို့စတင်မည်နည်း။
၂ အိမ်ရှင်အား ဤလောက ဆက်လက်တည်ရှိမည်လောဝေစာကို ဝေငှခဲ့ပြီး ယင်းကိုဆွေးနွေးရန် ပြန်လာမည်ဟု ကတိပြုထားသည် ဆိုပါစို့။
ဝေစာပေးခဲ့သောအိမ်သို့ ပြန်လည်ပတ်သည့်အခါ ဤသို့ပြောနိုင်ပေသည်–
▪ “အရင်တစ်ခေါက်က ကျွန်တော်တို့ရဲ့အချိန်ကာလဟာ အရေးကြီးကာလဖြစ်တဲ့အကြောင်း၊ ကျွန်တော်တို့အချိန်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို ယေရှုအတိအကျ ဖော်ပြခဲ့ကြောင်း ဆွေးနွေးခဲ့တယ်။ အချိန်ယူပြီး ကျွန်တော်ထားခဲ့တဲ့ ဝေစာထဲကအကြောင်းတချို့ကို ဆွေးနွေးချင်တယ်။ “နိမိတ်” ဆိုတဲ့ခေါင်းစဉ်ငယ်အောက်မှာ ပြောထားတဲ့စကားကို သတိပြုပါ။” ဝေစာ၏ စာမျက်နှာ ၃ ကိုဖွင့်၍ ထိုခေါင်းစဉ်ငယ်အောက်ရှိ ပထမနှစ်ပိုဒ်၊ သုံးပိုဒ်ကိုဆွေးနွေးရာတွင် အချိန်ရသရွေ့ ဖော်ပြထားသည့်ကျမ်းချက်များကို ဖတ်ပါ။ ယေရှု၏ပရောဖက်ပြုချက်သည် ယနေ့ မည်သို့ပြည့်စုံနေကြောင်းကို ပေါ်လွင်စေပါ။ ပြန်လည်ပတ်လာသည့်အခါ ဤခေါင်းစဉ်ငယ်အောက်ရှိ အခြားအပိုဒ်များကို ဆွေးနွေးရန် အစီအစဉ်ပြုလုပ်ပါ။ သင်ပြန်မလာမီ ကြိုတင်ဖတ်ရှုထားရန် အိမ်ရှင်အား တိုက်တွန်းပါ။
၃ သို့မဟုတ် ဤသို့ပြောဆိုနိုင်သည်။–
▪“အရင်တစ်ခေါက်က ဤလောက ဆက်လက်တည်ရှိမည်လောဝေစာကို ထားရစ်ခဲ့တယ်။ အဲ့ဒီတုန်းက ကမ္ဘာ့ရေးရာမှာ ယေရှုခရစ်ရဲ့ အခန်းကဏ္ဍအကြောင်း ဆွေးနွေးခဲ့တယ်။ ကျမ်းစာမှာမှတ်တမ်းတင်ထားတဲ့ ယောဟန် ၁၇:၃ ပါ ကိုယ်တော့်စကားတွေကို ဖတ်ခဲ့ကြတယ်။ [ဖတ်။] ထာဝရအသက်လိုချင်ရင် ဘုရားသခင်နှင့် ယေရှုကို သိကျွမ်းဖို့လိုတဲ့အတွက် အဲ့ဒီပညာကိုရယူနိုင်အောင်လုပ်ဆောင်ခြင်းဟာ အကျိုးရှိတယ်။ ယေရှု ကမ္ဘာပေါ်မှာရှိတုန်းက ဘုရားသခင်ရဲ့ အံ့သြဖွယ် အရည်အချင်းတွေကို ထင်ဟပ်ခဲ့တယ်။ ဒါကြောင့် ယေရှုနဲ့ သူ့ဓမ္မအမှုအကြောင်း ပိုသိလာလေ သူ့ခမည်းတော်အကြောင်း ပိုသိလာလိမ့်မယ်မဟုတ်လား။ [တုံ့ပြန်ပါစေ။] အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ထဲမှာ ဘာပြောထားတယ်ဆိုတာကို သတိပြုပါ။ အခန်း ၁၁၆ ၏ဒသမစာမျက်နှာပါ ပထမနှင့်ဒုတိယအပိုဒ်များကို ဖတ်ပါ။ ယေရှုအကြောင်းနှင့်ပတ်သက်သည့် ခရစ်ဝင်ကျမ်းလေးစောင်စလုံးရှိ အကြောင်းအရာအားလုံးကို ဖြစ်ပျက်စဉ်အစီအရီအတိုင်း ဤစာအုပ်တွင် ဖော်ပြထားကြောင်း အလေးအနက်တင်ပြပါ။ အခန်းခေါင်းစဉ်များ၊ ရုပ်ပုံများနှင့် စာအုပ်အစတွင်ပါသော မြေပုံတို့ကို ဖော်ညွှန်းပါ။ စာအုပ်ကို ဝေငှပါ။
၄ “အကြီးမြတ်ဆုံးလူသား” စာအုပ်ကိုလက်ခံယူထားသော အိမ်ရှင်ကို နှုတ်ဆက်ပြီးနောက် ဤသို့ပြောဆိုနိုင်သည်–
▪ “အရင်တစ်ခေါက်တုန်းကပြောသလို အကြီးမြတ်ဆုံးလူသားစာအုပ်ဟာ ကျမ်းစာသင်အံမှုအတွက် ရည်ရွယ်ပြီး ထုတ်ထားပါတယ်။ အဲ့ဒီစာအုပ်ကို အထိရောက်ဆုံးနည်းနဲ့ ဘယ်လိုသုံးနိုင်တယ်ဆိုတာ ခဏလောက်ပြပါရစေ။” အခန်း ၁ “ကောင်းကင်မှ သတင်းများ” သို့ဖွင့်ပါ။ ပုံနှိပ်မေးခွန်းများကို အိမ်ရှင်အား ပြပါ။ ပထမမေးခွန်းကို ဖတ်ပြီးနောက် အစတွင်ပါသော အပိုဒ်များကို သုံးသပ်ပါ။ ဒုတိယစာမျက်နှာရှိ ရုပ်ပုံနှင့် ဆက်စပ်ပေးပါ။ ကျန်သည့် အခြားမေးခွန်းများကိုမေးပြီး အချိန်ရသရွေ့ အဖြေများကို ပေါ်လွင်စေပါ။ နိဂုံးမချုပ်မီ ပြန်လာပြီး ဆက်ဆွေးနွေးရန် အစီအစဉ်ပြုလုပ်ပါ။
၅ အပြုသဘောရှိခြင်း၊ ကောင်းစွာ ပြင်ဆင်ထားခြင်း၊ အခွင့်အရေးတိုင်းကို ရယူခြင်းအားဖြင့် ဒီဇင်ဘာလအတွင်း ကျမ်းစာသင်အံမှုစတင်နိုင်ရန် အသင့်ရှိနေပါလိမ့်မည်။