အဓိပ္ပာယ်ရှိသော ပြန်လည်ပတ်မှုများလုပ်ခြင်းအားဖြင့် ကြီးထွားရန် လှုံ့ဆော်ပါ
၁ စိတ်ဝင်စားသူများကို ကူညီပေးခြင်းငှာ မှန်မှန်ပြန်လည်ပတ်ခြင်းအားဖြင့် ဝိညာဉ်အစာ အဆက်မပြတ်ကျွေးမွေးပေးရန် ဆက်လုပ်ကိုင်ဖို့ အရေးကြီးပါသည်။ ကျွန်ုပ်တို့၏လည်ပတ်မှုများသည် သူတို့၏ဝိညာဏကြီးထွားမှုကို တဖြည်းဖြည်းပြုစုပျိုးထောင်ပေးပါလိမ့်မည်။ (၁ ကော. ၃:၆-၉) သို့သော် ကျွန်ုပ်တို့၏လည်ပတ်မှုများ အဓိပ္ပာယ်ရှိစေရန် အိမ်ရှင်ကိုထည့်တွက်၍ ကြိုတင်ပြင်ဆင်ရန် လိုပါသည်။
၂ ဝေစာဝေငှထားသူများထံ ပြန်လည်ပတ်ခြင်း– ငြိမ်းချမ်းသောကမ္ဘာသစ် ဝေစာကို ပထမအကြိမ်ရောက်ရှိချိန်က ဝေငှထားခဲ့ပေမည်။
ဆွေးနွေးခဲ့သည့်အကြောင်းကို အနည်းငယ်ပြန်ပြောပြီးနောက် ဤသို့မေးမြန်းနိုင်သည်–
▪ “ဒီအပြောင်းအလဲတွေကို ဘယ်အစိုးရ ဖြစ်ပေါ်စေနိုင်မလဲ။ [ဖြေဆိုပါစေ။] ခင်ဗျားလည်း ဒီလိုအခြေအနေမျိုးမှာ နေထိုင်ချင်မှာပဲ။ ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့ကိုယ်တိုင် ဘယ်လိုရနိုင်မလဲ။” ထို့နောက် “သင့်အတွက် မည်သို့ ဖြစ်နိုင်ပုံ” ခေါင်းစဉ်ငယ်အောက်ရှိအကြောင်းကို သုံးသပ်နိုင်ပေမည်။ စိတ်ဝင်စားမည်ဆိုလျှင် ထာဝစဉ်အသက်ရှင်စာအုပ်၊ အခန်း ၁၅၊ “ဘုရားသခင့်အစိုးရ လက်အောက်ခံတစ်ဦး ဖြစ်လာခြင်း” ကိုဂရုပြုစေနိုင်သည်။ ပထမအပိုဒ်နှစ်ပိုဒ်ကို ဆွေးနွေးပြီး ဤသို့မေးနိုင်သည်– “ဘုရားသခင်အကြောင်း သိရှိလာတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုဖြစ်သွားသင့်သလဲ။” ဝေငှရန်စာအုပ်ရှိမည်ဆိုလျှင် ယင်းကို ၄၅ ကျပ်ဖြင့်ဝယ်ယူနိုင်ကြောင်း ပြောပြနိုင်သည်။ သို့မဟုတ် စာအုပ်ကို ငှားရမ်းဖတ်စေနိုင်ပေမည်။ မေးခွန်းကိုဖြေဆိုပေးရန်နှင့် နောက်တစ်ဖန်လည်ပတ်လာသည့်အခါ ယင်းအခန်းကို ပိုမိုဆွေးနွေးရန် စီစဉ်ပေမည်။
၃ “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော” ဘရိုရှာကို ဝေငှ၍ ယူထားသူများထံ ပြန်လည်ပတ်သည့်အခါ ဤသို့ဆိုနိုင်မည်–
▪ “နောက်ဆုံးတစ်ခေါက်တုန်းက လူအများရင်ဆိုင်ရတဲ့ပြဿနာတွေနဲ့ သူတို့နဲ့ပတ်သက်လို့ ဘုရားသခင်ရဲ့ကတိတော်များကို ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ဒုက္ခဆင်းရဲကို ဘုရားသခင် ဘာကြောင့် ဒီအချိန်အထိ ခွင့်ပြုထားရသလဲ။ ကျွန်တော်တို့ကြည့်ခဲ့တဲ့ဘရိုရှာရဲ့ အပိုင်း ၆ မှာပါတဲ့အဖြေက စိတ်ဝင်စားစရာကောင်းတယ်။” အဆင်ပြေလျှင် ထိုဘရိုရှာကို ယူလာရန် အိမ်ရှင်အား ပြောပါ။ အပိုဒ်အနည်းငယ်ကို သုံးသပ်ပြီးနောက် ဤသို့မေးနိုင်သည်– “ဘုရားသခင့်ကတိတော်ကို ကိုယ်တိုင်အကျိုးခံစားရဖို့ ဘာလုပ်ဖို့လိုသလဲ။” အပိုင်း ၁၁ စာမျက်နှာ ၂၈-၃၁ ရှိ “ကမ္ဘာသစ်၏အုတ်မြစ်ကို ယခုဖွဲ့စည်းလျက်ရှိ” ခေါင်းစဉ်အောက်အကြောင်းကို နောက်တစ်ကြိမ်လည်ပတ်လာသည့်အခါ ဆွေးနွေးမည်အကြောင်း ဖော်ပြထားပေမည်။
၄ မဂ္ဂဇင်းများယူထားသူတို့ထံ ပြန်လည်ပတ်သွားခြင်း– အိမ်ရှင်စိတ်ဝင်စားသည့်အကြောင်းတစ်ခုကို ရွေးချယ်ဖော်ပြခဲ့မည်ဆိုလျှင် ပြန်လည်ပတ်သွားသည့်အခါ ထိုဆောင်းပါးမှ ထပ်ဆင့်အချက်အလက်များကို ဆက်တင်ပြကာ အဓိကကျမ်းချက်တစ်ခုကို အာရုံပြုရှင်းပြပြီး ယင်းဆောင်းပါးကို ဆွေးနွေးပါ။ ဆက်၍စိတ်ဝင်စားပါက မဂ္ဂဇင်းများ၏အကျိုးပြုချက်များကို ဆွေးနွေးနိုင်ပါသည်။ ထို့ ပြင် နောက်လထုတ်စာစောင်တွင် ထပ်တူအကြောင်းကို ဆွေးနွေးသည့် ဆောင်းပါးတစ်ခုပါရှိလျှင် ယင်းကို အာရုံပြုစေပါ။ သို့မဟုတ်လျှင် ထာဝစဉ်အသက်ရှင်စာအုပ်ပါ ယင်းအကြောင်းနှင့်စပ်လျဉ်းသော ဆောင်းပါးကို အာရုံပြုစေ၍ နောက်တစ်ကြိမ်လည်ပတ်ရောက်ရှိသည့်အခါ ဆက်ဆွေးနွေးရန် စီစဉ်နိုင်ပါသည်။
၅ အဓိပ္ပာယ်ရှိသော ပြန်လည်ပတ်မှုများကို ဆက်လက်ပြုလုပ်ရန် စိတ်ဝင်စားမှု ပြခြင်းအားဖြင့် လူတို့ကိုလည်းကောင်း၊ ယေဟောဝါကိုလည်းကောင်း ကျွန်ုပ်တို့ချစ်ခြင်းမေတ္တာရှိကြောင်း တင်ပြကြပါမည်။ (ယော. ၁၃:၃၄၊ ၃၅) အဓိပ္ပာယ်ရှိသော ပြန်လည်ပတ်မှုများကို မှန်မှန်ပြုလုပ်ခြင်းအားဖြင့် ရပ်ကွက်ရှိသူများ ဝိညာဉ်ရေးဘက်ကြီးထွားစေရန် ဆက်လက်လှုံ့ဆော်ကြစို့လေ။