ထာဝစဉ်အသက်ရှင် စာအုပ်နှင့် ကျမ်းစာသင်အံမှုများစတင်ခြင်း
၁ သမ္မာတရားကို ဆာလောင်မွတ်သိပ်သောသူတို့အား ကူညီပေးရန် ချက်ချင်းပြန်လည်ပတ်သွားဖို့အတွက် လူတို့ကိုချစ်ခြင်းက လှုံ့ဆော်ပေးသင့်သည်။ (မ. ၅:၆) စိတ်ဝင်စားမှု မီးပွားကို သတိပြု တွေ့မြင်သည်နှင့် ယင်းကို မပျောက်ပျက်သွားစေလိုလျှင် တိုးပွားလာအောင် ပြုသင့်သည်။ ဤတွင် အောင်မြင်မှု၏သော့ချက်သည် ပြင်ဆင်မှုရှိခြင်းတည်း။
၂ ကျမ်းစာသင်အံမှုများ စတင်နိုင်ရန် ကျွန်ုပ်တို့ပန်းတိုင်ထားသင့်သည်။ (မ. ၂၈:၂၀) ပထမဦးဆုံးပုံနှိပ်သော ထာဝစဉ်အသက်ရှင် စာအုပ်များတွင် ဤနိဒါန်းစကားများ ပါရှိသည်– “ယင်းကြောင့် မည်သို့သောပညာအဆင့်အတန်းရှိစေကာမူ လူကြီးလူငယ်မရွေး ဤစာအုပ်ဖြင့် သင်ကြားပေးလျှင် အလွန်ကောင်းလှပေမည်။” သင်အံမှုများကျင်းပခြင်းကို လွယ်ကူစေသည့်နည်းဖြင့် ရေးသားထားရာ ကြေညာသူအသစ်များပင်လျှင် ပါဝင်ဆောင်ရွက်နိုင်စေသည်။ သင်အံမှုအသစ်စတင်ရန် အောင်မြင်မှုတွေ့ရှိခြင်းသည် ပြန်လည်ပတ်မှုများကို မည်မျှထိရောက်စွာပြုလုပ်ခြင်းအပေါ် အခြေပြုပါသည်။
၃ သင်အံမှုများကို မည်သို့စတင်နိုင်မည်နည်း– ပြန်လည်ပတ်သွားသည့်အခါ ပထမအကြိမ်လည်ပတ်စဉ်က တင်ပြခဲ့သောအချက် သို့မဟုတ် မေးခွန်းကို ဆွေးနွေးခန်း၌ ပြန်ဖော်ပြခြင်းသည် များသောအားဖြင့် ကောင်းပေသည်။ လူသေများ၏အခြေအနေကို သင်ဆွေးနွေးခဲ့၍ “ကျွန်ုပ်တို့ချစ်မြတ်နိုးရသော သေလွန်သူတို့အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း” ဟုမေးခွန်းထုတ်ခဲ့သည်ဆိုပါစို့။ ရှင်ပြန်ထမြောက်ခြင်းသည် အခြေအမြစ်မရှိသော မျှော်လင့်ချက်မဟုတ်ကြောင်း; ဖြစ်ပျက်ခဲ့ဖူးသည့် ရှင်ပြန်ထမြောက်ခြင်းဥပမာများစွာကို သမ္မာကျမ်းစာမှတ်တမ်းတွင် ပါရှိကြောင်း ရှင်းပြပါ။ စာမျက်နှာ ၁၆၇-၉ ရှိရုပ်ပုံများကို ပြန်သုံးသပ်ပါ။ ထိုနောက် စာမျက်နှာ ၁၆၆ အပိုဒ် ၁ နှင့် ၂ တို့ပါအကြောင်းကို ဆွေးနွေးပါ။ စိတ်ဝင်စားမှုရှိမည်ဆိုလျှင် ဆွေးနွေးခန်းကို ဆက်ပြုလုပ်ရန် ပြန်လာလည်မည်ဟု ပြောပြပါ။
၄ သားသမီးများမွေးမြူရေးနှင့်စပ်လျဉ်း၍ ပြဿနာများ တိုးများလာနေခြင်းကြောင့် စိုးရိမ်မကင်းဖြစ်သူ မိဘတစ်ဦးနှင့် သင်စကားပြောဆိုခဲ့ပေမည်။ ကိုယ်ပိုင်စကားဖြင့် သင်ဤသို့ပြောဆိုကောင်း ပြောဆိုနိုင်သည်–
▪ “မိဘတိုင်း သားသမီးတွေအတွက် အကောင်းဆုံးကိုသာ လိုလားကြတယ်။ ဘဝမှာ အဓိပ္ပာယ်လည်းရှိ၊ ရည်ရွယ်ချက်လည်းရှိတဲ့ ကျေနပ်အားရဖွယ်အသက်တာကို ဘယ်လိုတွေ့ရှိနိုင်တယ်ဆိုတာကို သားသမီးလေ့ကျင့်ပေးနိုင်မယ့် သွန်သင်ချက်တွေကို သမ္မာကျမ်းစာက မိဘတွေအတွက် တင်ပြထားတယ်။ ဒါကြောင့် သမ္မာကျမ်းစာကိုမိသားစုတွေ အတူတကွလေ့လာဖတ်ရှုကြဖို့ အလေးအနက် အားပေးကြတယ်လေ။ [စာမျက်နှာ ၂၄၆ အပိုဒ် ၂၃ ကိုညွှန်းပါ။] သိရှိလာမယ့် အသိပညာက မိသားစုတစ်စုလုံးအတွက် ထာဝရကောင်းချီးတွေကို ရရှိစေပါလိမ့်မယ်။” ယောဟန် ၁၇:၃ ဖတ်ပါ။ သူတို့၏သင်အံမှုကို မည်သို့စတင်နိုင်ကြောင်း မိသားစုအား ပြသပေးရန် ပြန်လည်ပတ်လိုကြောင်း ပြောပြပါ။
၅ သင်သည် ငယ်ရွယ်သောကြေညာသူ သို့မဟုတ် ကြေညာသူအသစ်ဖြစ်၍ ပထမအကြိမ်တွင် ပရဒိသုမျှော်လင့်ချက်အကြောင်း အကျဉ်းချုပ်ပြောဆိုခဲ့မည်ဆိုလျှင် စာအုပ်ကို စာမျက်နှာ ၃ သို့ ဖွင့်ထားကာ ဤသို့ ရိုးရိုးလေး ပြောဆိုနိုင်ပေသည်–
▪ “ဘုရားသခင့်အလိုတော် ဆောင်ရွက်သူတွေ ပျော်ရွှင်မှုနှင့် ငြိမ်သက်မှုရှိမယ့် ဒီလိုမျိုးကမ္ဘာမှာ နေထိုင်ဖို့မျှော်လင့်နိုင်ကြတယ်ဆိုပြီး သမ္မာကျမ်းစာက ကတိပြုထားပါတယ်။ ဒီကောင်းချီးကို ခံစားဖို့ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာကို သိရှိလာဖို့ ဒီစာအုပ်က အကူအညီပေးခဲ့တယ်။ ခင်ဗျားလည်း ထပ်တူပဲ ဘာလုပ်နိုင်တယ်ဆိုတာကို သိရှိရအောင် အကူအညီပေးချင်ပါတယ်။” သင်အံမှုအစီအစဉ်ကို အကျဉ်းချုပ်ရှင်းပြပြီး မည်သို့ပြုလေ့ပြုထရှိကြောင်းကို သရုပ်ပြလိုကြောင်း ပြောပြပါ။
၆ ထာဝစဉ်အသက်ရှင် စာအုပ်ကို ဝေငှရန် မရှိလျှင် စာအုပ်တစ်အုပ် ငှားရမ်းဖတ်ရှုစေပါ။ ဤသို့ပင် မပြုလုပ်နိုင်ပါက သင်ဆွေးနွေးခဲ့သည့်အကြောင်းနှင့်သက်ဆိုင်သော ရှိရာဘရိုရှာကို ဝေငှပါ။ ယေရှု၏တပည့်တော်များအဖြစ် လူတို့ကို ကူညီပေးရန် ကျွန်ုပ်တို့၌ တာဝန်ရှိသည်။ (ရော. ၁၀:၁၄) စာအုပ်ဝေငှနိုင်မည်၊ သို့မဟုတ် အပြန်အလှန်စကားပြောဆိုခွင့် ကောင်းကောင်းရခဲ့မည်ဆိုလျှင် ထိုစိတ်ဝင်စားမှုကို ပြုစုပျိုးထောင် ပေးရန် ကျွန်ုပ်တို့၌ တာဝန်ရှိပါသည်။ (မ. ၉:၃၇၊ ၃၈) ဤတာဝန်ကို ကျေပွန်စွာဆောင်ရွက်မည်ဆိုလျှင် ရရှိမည့် အကျိုးကျေးဇူးများ၌ အားလုံးပါဝင်ခံစားနိုင်ပါလိမ့်မည်။—၁ တိ. ၄:၁၆။