ထာဝစဉ်အသက်ရှင် စာအုပ်ဖြင့် ကျမ်းစာသင်အံမှုများ ကျင်းပခြင်း
၁ ထာဝစဉ်အသက်ရှင် စာအုပ်အကြောင်း အမျိုးသမီးတစ်ဦး ဤသို့ဆိုသည်။ “ကျမ်းစာအပြင် ကျွန်မဖတ်ခဲ့သမျှစာအုပ်တွေထဲမှာ ဒီစာအုပ်ဟာ အတိကျဆုံး၊ တိုက်တွန်းမှုအပေးဆုံး၊ နှိုးဆော်မှုအပေးဆုံးစာအုပ် ဖြစ်တယ်။” ဤစာအုပ်သည် သမ္မာကျမ်းစာကို လူတို့သဘောပေါက်နားလည်နိုင်ရန်နှင့် ယေဟောဝါကို တက်ကြွစွာချီးမွမ်းသူများဖြစ်လာစေရန် အထူးတိုက်တွန်းပေးသည့် အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သဘောတူကြမည်။
၂ အင်္ဂလိပ်ဘာသာစကားဖြင့် ထာဝစဉ်အသက်ရှင် စာအုပ်ကို ၁၉၈၂ ခုနှစ်တွင် ပထမဦးဆုံးထုတ်ဝေခဲ့သည်။ ယနေ့အထိဆိုလျှင် ဘာသာစကားပေါင်း ၁၁၅ ဘာသာဖြင့် ထာဝစဉ်အသက်ရှင် စာအုပ်ပေါင်း ၆၂ သန်းပုံနှိပ်ခဲ့ပြီ။ ကျွန်ုပ်တို့၏ကမ္ဘာချီလုပ်ငန်းတွင် ဤစာအုပ်သည် မည်မျှသြဇာသက်ရောက်နေပြီတကား။ ဤစာအုပ်ကို စိတ်ဝင်စားသူများအပြင် သမ္မာကျမ်းစာကိုလေ့လာလိုသူများနှင့်ပါ အသုံးပြုပါ။
၃ ပန်းတိုင်များချမှတ်– ဤသို့ထူးခြားစွာတိုးတက်နေခြင်းသည် ယေဟောဝါ၏ကောင်းချီးကြောင့်ဖြစ်ပြီး၊ သမ္မာကျမ်းစာ၏ အသက်ကယ်ဆယ်ရေးသတင်းတရားကို စိတ်ရိုးမှန်သူများရရှိစေရန် ကိုယ်တော့်လူမျိုး၏ ကူညီပေးလိုစိတ် ပြင်းပြကြ၍သာ ဖြစ်ပါသည်။ (ရော၊ ၁၀:၁၃-၁၅။ ၁ တိ၊ ၂:၄) အချိန်အခါသည် အလွန်အရေးတကြီးဖြစ်နေ၍ ဘုရားသခင့်နိုင်ငံတော်သတင်းကို ဝီရိယစိုက်ထုတ် ကြွေးကြော်ရန် လိုအပ်နေသည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုကြပါသည်။
၄ အဖွဲ့အစည်းအနေနှင့် ရှေ့သို့တိုးတက်နေစဉ် ကျွန်ုပ်တို့တစ်ဦးစီအနေနှင့်ကော။ အရေးကြီးသည့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ရန် ရည်မှန်းထားပြီလော။ ယင်းသို့ပြုရန် ကိုယ်ပိုင်ပန်းတိုင်များ ချမှတ်သင့်သည်။ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သွားခြင်းကို ပိုမိုဂရုစိုက် ပြုလုပ်နိုင်မည်လော။ ဖေဖော်ဝါရီလအတွင်း ကျမ်းစာသင်အံမှုအသစ်တစ်ခုစရန် ပန်းတိုင်ချမှတ်ပါ။
၅ မည်သူကျမ်းစာသင်အံမှု ကျင်းပနိုင်မည်နည်း။– ထာဝစဉ်အသက်ရှင် စာအုပ်အားဖြင့် ကျမ်းစာသင်အံမှုကျင်းပခြင်းမှ ပျော်ရွှင်မှုခံစားနေရသော နောက်ခံအမျိုးမျိုးရှိသည့်ကြေညာသူမြောက်မြားစွာရှိပါသည်။ စာအုပ်၏ရိုးရှင်းသောရေးသားပုံသည် သင်အံမှုပြုရန် လွယ်ကူစေသည်။ ယင်းကြောင့် ကြေညာသူလူသစ်များပင်လျှင် ဤအရေးကြီးလုပ်ငန်းတွင် ပါဝင်နိုင်ကြပါသည်။ ထို့ပြင် ကျွန်ုပ်တို့ကိုယ်တိုင် လေ့လာဖတ်ရှုထားပြီးသည့်စာအုပ်ဖြစ်သည့်အတွက် ယင်းတွင်ပါဝင်သည့်အကြောင်းများကို အကျွမ်းတဝင်ရှိနှင့်ပြီ။ ထာဝစဉ်အသက်ရှင် စာအုပ်ကိုအသုံးမပြုမီ ကျမ်းစာသင်အံမှုမကျင်းပခဲ့ဖူးသော ကြေညာသူတစ်ဦးက ဤကျေးဇူးတင်စာကို ရေးပို့ခဲ့သည်။ “ကျွန်မမှာ သင်အံမှု သုံးခုရှိတယ်။ လေးခုမြောက်ကို စဖို့လည်း အသင့်ရှိနေတယ်။ ကျမ်းစာသင်အံမှုများကို လွယ်လွယ်ကူကူကျင်းပနိုင်ဖို့ စီစဉ်ပေးထားတဲ့အတွက် ကျေးဇူးတင်၍မဆုံးတော့ပါ။”
၆ လူငယ်များလည်း ထာဝစဉ်အသက်ရှင် စာအုပ်ကိုအသုံးပြုကာ ကျမ်းစာသင်အံမှုလုပ်ငန်းတွင် တက်ကြွစွာပါဝင်နေကြပါသည်။ ညီအစ်ကိုငယ်တစ်ဦးသည် ကျောင်းတွင် မိမိစားပွဲပေါ် ဤစာအုပ်ကိုတင်ထားပါသည်။ (ကျွန်ုပ်တို့မူကား ဤမျှလွတ်လပ်စွာ အသုံးမပြုနိုင်ကြပါ။) ယင်းသို့ပြုခြင်းဖြင့် ဆွေးနွေးခန်းများနှင့် သင်အံမှုများစွာကို စတင်ပေးနိုင်ခဲ့ပြီ။ အချို့လူငယ်များသည် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင်တွေ့ဆုံသော မိဘများအား သူတို့သားသမီးများနှင့် ကျမ်းစာသင်အံမှုပြုလုပ်နိုင်ခွင့်ကို တိုက်ရိုက်တောင်းဆိုခြင်းအားဖြင့် အောင်မြင်မှုတွေ့ရှိခဲ့ပြီ။ ပရဒိသုကမ္ဘာမြေကြီးပေါ် ထာဝရအသက်ပေးမည်ဟူသော ယေဟောဝါ၏ကတိတော်အကြောင်းကို ပြောပြရန် ကျွန်ုပ်တို့လူငယ်များသည် ငယ်လွန်းသည်မရှိပါ။
၇ ကြီးသည်၊ ငယ်သည်မရွေး ဓမ္မအမှုတွင် ရရှိနိုင်သော အကြီးမားဆုံးပျော်ရွှင်မှုများအနက် တစ်ခုမှာ အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပခြင်း ဖြစ်ပါသည်။ ထိုကြောင့် ယေဟောဝါအကူအညီကို တောင်းဆိုကာ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို သိရှိစေရန် အခွင့်အရေးတိုင်းကို ရယူရန် ကြိုးစားကြစို့။ ကျွန်ုပ်တို့၏ယေဟောဝါဘုရားသခင်အား ချီးမွမ်းခြင်းအမှုတွင် မည်သို့ပါဝင်နိုင်မည်အကြောင်း သိရှိနိုင်ရန် ထာဝစဉ်အသက်ရှင် စာအုပ်ကိုအသုံးပြု၍ အခြားသူများကိုကူညီပေးကြစို့။—ဆာ၊ ၁၄၈:၁၂၊ ၁၃။