ကိုယ်တော်၏ နောက်လိုက်များဖြစ်လာရန် သူတို့အားတိုက်တွန်းလေ
၁ ၁ ကောရိန္သု ၃:၆ တွင် ပေါလု ဤသို့ရေးသားခဲ့သည်– “ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကို ကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။” ခရစ်တော်၏ ဦးစီးမှုအောက် စည်းလုံးစွာ အမှုဆောင်ဖို့လိုကြောင်းကို ညီအစ်ကိုများ သဘောပေါက်နိုင်ရန် ပေါလုသည် ဤဆင်ခြင်တွေးတောနည်းကို အသုံးပြုခဲ့သည်။ ဤနည်းအားဖြင့် အရေးကြီးသော စိုက်ပျိုးခြင်းနှင့် ရေလောင်းခြင်းလုပ်ငန်းတွင် သူတို့ပါဝင်သည့် အရေးကြီးကဏ္ဍကိုလည်း တန်ဖိုးထားလေးမြတ်စေရန် အကူအညီပေးခဲ့သည်။
၂ ထိုအသက်ကယ်တင်ခြင်းလုပ်ငန်းသည် ဤနေ့ရက်အခါတွင်ပင် နိဂုံးချုပ်ရမည်ဖြစ်သည်။ ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်များအနေဖြင့် အခြားသူများသည် ယေရှု၏နောက်လိုက်များ ဖြစ်လာစေရန် ကူညီပေးဖို့ အရေးကြီးသောတာဝန်ကို အတူတကွထမ်းဆောင်နေကြပါသည်။ (တမန်တော် ၁၃:၄၈) အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကို အသုံးပြုခြင်းအားဖြင့် စိတ်ဝင်စားလာသူများကို သင်မည်သို့ ဆက်လက်ကူညီပေးမည်နည်း။
၃ စာအုပ်ကိုယူထားသူထံ သင်ပြန်လည်ပတ်သွားလျှင် ဤသို့ပြောဆိုနိုင်သည်–
▪ “နောက်ဆုံးတစ်ခေါက်က လူသားတစ်ယောက်အနေနှင့် ယေရှုခရစ်ရဲ့အကြောင်းကို ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကိုပေးထားနိုင်ခဲ့လို့လဲ ဝမ်းသာပါတယ်။ ယေရှုရဲ့သွန်သင်ခြင်း၊ ကိုယ်တော်ရဲ့ စိတ်နေစိတ်ထားနဲ့ပတ်သက်လို့ ခင်ဗျားကို အဘယ်အရာကစွဲမှတ်စရာဖြစ်စေခဲ့သလဲ။” တုံ့ပြန်ခွင့်ပြုပါ။ အခန်း ၁၁၃ သို့ဖွင့်၍ ယေရှု၏ နှိမ့်ချခြင်းဆိုင်ရာ ထူးကဲသောပုံသက်သေကို ဆွေးနွေးပါ။ ယေရှု၏ နှိမ့်ချခြင်းကို တမန်တော်ပေါလု မည်သို့သဘောထားကြောင်းကို ဖော်ပြရန် ဖိလိပ္ပိ ၂:၈ ကိုဖတ်ပါ။ ထို့နောက် ကျမ်းစာကို မှန်မှန်လေ့လာခြင်းအားဖြင့် များစွာတတ်သိလာနိုင်ကြောင်းကို ရှင်းပြနိုင်သည်။
၄ ဤနိဒါန်းကို သင်ပိုကြိုက်နှစ်သက်ပေမည်–
▪ “ကျွန်တော်တို့ကို ယေရှုတကယ် ဂရုစိုက်တယ်လို့ဖော်ပြတဲ့ သူမြေကြီးပေါ်ရှိတုန်းက လုပ်ခဲ့တဲ့အကြောင်းတွေကို ကျွန်တော်တို့ဆွေးနွေးခဲ့တယ်။ ဒုက္ခအကြီးအကျယ်ခံရတဲ့သူတွေ သက်သာမှုရဖို့အတွက်နောက်ဆုံးမှာ ကိုယ်တော်ဘာလုပ်ပေးမယ်ထင်သလဲ။” တုံ့ပြန်ခွင့်ပြုပါ။ အခန်း ၁၃၃ ကိုဖွင့်ပြီး ပဉ္စမအပိုဒ်ရှိ အချက်အလက်များကို ပြန်ဆွေးနွေးပါ။ နောက်တစ်မျက်နှာရှိ ရုပ်ပုံကိုဖွင့်ပြပြီး ဘုရားသခင်၏အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံသည့်အခါ မည်သို့ဖြစ်ပျက်လာမည့်အကြောင်းကို ရှင်းပြပါ။ ထပ်မံလေ့လာမှုပြုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို တင်ပြပါ။
၅ စာအုပ်ဝေငှရန် အစအဦးတွင် စိတ်ဝင်စားမှုနည်းပုံပေါက်လျှင် သင့်ဆွေးနွေးခန်းကို ဤသို့စတင်နိုင်မည်–
▪ “ယနေ့ လူအများဟာ သူတို့ရဲ့စံနမူနာရှင်လို့ယူမှတ်တဲ့လူကို ပုံစံယူလုပ်ကိုင်တတ်ကြတယ်။ ယေရှုခရစ်ဟာ ဘယ်သူအတွက်မဆို အကောင်းဆုံးစံနမူနာရှင်ဖြစ်တယ်။ ယေရှုချမှတ်ခဲ့တဲ့ ပုံသက်သေကို လေ့လာကြည့်လို့ ကျွန်တော်သိလာတဲ့ အရေးကြီးတဲ့သင်ခန်းစာတစ်ခုကို ပြောပြချင်တယ်။ [အကြီးမြတ်ဆုံးလူသားစာအုပ် အခန်း ၄၀ ကိုဖွင့်ပြီး ယေရှု၏ကရုဏာပြခြင်းနှင့်ပတ်သက်သော သင်ခန်းစာကို သတိပြုစေပါ။] တခြားလူတွေအပေါ် အဲ့ဒီအရည်အချင်းတင်ပြဖို့ ဘယ်လောက်လိုတယ်ဆိုတာကို ဒီအကြောင်းက ကျွန်တော့်ကို ကောင်းကောင်းသတိပေးတယ်။” မဿဲ ၅:၇ ကိုဖတ်ပါ။ ဤတွင် စိတ်ဝင်စားမှုပိုရှိပုံပေါက်လာလျှင် စာအုပ် သို့မဟုတ် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလောဘရိုရှာကို ဝေငှပါ။
၆ သို့မဟုတ် ဤတိုက်ရိုက်ချဉ်းကပ်ပုံကို သင်စမ်းကြည့်နိုင်မည်–
▪ “နောက်ဆုံးတစ်ခေါက် ရောက်တုန်းက ယေရှုအကြောင်းသိဖို့ ဘယ်လောက်အရေးကြီးတဲ့အကြောင်း ကျွန်တော်တို့ဆွေးနွေးခဲ့တယ်။ အဲ့ဒီအသိပညာကို ရထားရင် ‘ထာဝရအသက်’ ကိုရနိုင်တယ်လို့ ယောဟန် ၁၇:၃ ကပြောတယ်။ ဘယ်လိုရနိုင်မလဲ။” တုံ့ပြန်ခွင့်ပြုပါ။ ကျွန်ုပ်တို့၏ကျမ်းစာသင်အံမှုအစီအစဉ်အကြောင်း ဆက်ရှင်းပြပြီး ယင်းမှ မည်သို့အကျိုးရယူနိုင်ကြောင်း ဖော်ပြပါ။
၇ ရိတ်သိမ်းချိန်တွင် အလုပ်လုပ်သူသည် “အသီးအသီး မိမိလုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်” ဟုပေါလုပြောခဲ့သည်။ (၁ ကော. ၃:၈) အခြားသူတို့သည် ယေရှု၏နောက်လိုက်များ ဖြစ်လာစေရန် ကျွန်ုပ်တို့ကြိုးစားပမ်းစား ကူညီပေးမည်ဆိုလျှင် ကျွန်ုပ်တို့ရရှိမည့်ဆုကျေးဇူးမှာ ကြီးမားမည်အမှန်။