အလင်းဆောင်သူများအဖြစ် ကျွန်ုပ်တို့၏စံနမူနာရှင်နောက်သို့ လိုက်ခြင်း
၁ မိမိကိုယ်တော်တိုင်အကြောင်း ယေရှုက ဤသို့ကြေညာတော်မူသည်– “ငါသည် ဤလောက၏အလင်းဖြစ်၏။” ကိုယ်တော့်ပုံသက်သေကိုလိုက်ခြင်းအားဖြင့် ယေရှု၏တပည့်တော်များသည်လည်း “ဤလောက၏အလင်း ဖြစ်ကြ၏။” (မ. ၅:၁၄) ကိုယ်တော့်နောက်လိုက်များသည် “အသက်၏အလင်းကိုရလိမ့်မည်” ဟု “ဤလောက၏အလင်း” အဖြစ် ယေရှုသည်ပြောဆိုနိုင်တော်မူသည်။ (ယောဟန် ၈:၁၂) ယင်းကြောင့် ကျွန်ုပ်တို့သည် အဘယ်အရာကိုမဆို ဘယ်သောအခါမျှ မဖုံးကွယ်မဝှက်ထားသင့်သော ဝိညာဏအလင်းဆောင်သူများဖြစ်လာကြသည်။
၂ ယေဟောဝါ၏အဖွဲ့အစည်းသည် ထိရောက်စွာအလင်းဆောင်သူများ မည်သို့ ဖြစ်နိုင်ကြောင်းကို ကျွန်ုပ်တို့အား လေ့ကျင့်ပေးသည်။ ကျွန်ုပ်တို့ရရှိသောသြဝါဒနှင့် လမ်းညွှန်မှုကို ထက်ကြပ်မကွာလိုက်လျှောက်မည်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်သမ္မာတရားအကြောင်းကို လူအသီးသီးတို့အား ကြားသိစေနိုင်ပါမည်။ (၁ တိ. ၄:၆) အလင်းဆောင်သူများဖြစ်ကြရာတွင် အခွင့်အရေးရတိုင်း သမ္မာတရားအကြောင်း ပြောဆိုခြင်းသာမက ခရစ်ယာန်များအနေနှင့် ကောင်းသောအကျင့်ကို ထိန်းသိမ်းခြင်းလည်းပါဝင်သည်။ ကျွန်ုပ်တို့စံနမူနာရှင်၏ပုံသက်သေသည် အပြစ်ဆိုဖွယ်မရှိပါ။ ခရစ်ယာန်ဘာသာတရားသည် ကျွန်ုပ်တို့၏နေ့စဉ်ဘဝလမ်းစဉ်ဖြစ်ကြောင်းကို ကိုယ်တော့်တပည့်နောက်လိုက်များအနေနှင့် သက်သေထူရမည်။ (ဧ. ၅: ၉; တိတု ၂:၇၊ ၈၊ ၁၀) သူတို့တွေ့ မြင်နိုင်သော ကောင်းသောအကျင့်ကို တင်ပြခြင်းအားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းရန်လှုံ့ဆော်မှုဖြစ်စေမည်။—မ. ၅:၁၆။
၃ သက်သေခံတစ်ဦး တစ်အိမ်မှတစ်အိမ်သွားစဉ်တွင် ထူးခြားသောတောင်းဆိုချက်တစ်ခုကို ကြားခဲ့သည်။ အိမ်ရှင် ဇနီးမောင်နှံသည် အတော်အတန်ဖျားနာနေကြသည်။ သို့ရာတွင် ဘဏ်၌ငွေသွင်းစရာရှိနေသည်။ သက်သေခံအား အကျိုးဆောင်ပေးနိုင်မည်လောဟု သူတို့တောင်းဆိုခဲ့သည်။ သက်သေခံကလည်း ဆောင်ရွက်ပေးမည်ဟုလက်ခံခဲ့ရာ သူ့အား ဘဏ်တွင်သွားသွင်းပေးရန် ဒေါ်လာ ၂,၀၀၀ ပေးအပ်သည်! ပြန်လာသောအခါ သူက ဤသို့မေးသည်– “ကျွန်တော့်ကို ခင်ဗျားလုံးလုံးမသိဘဲ ဘာကြောင့်စိတ်ချနိုင်တာလဲ။” အဖြေက ဤသို့– “ယေဟောဝါသက်သေများကိုပဲ ယုံကြည်စိတ်ချနိုင်တယ်လို့ ကျွန်တော်တို့မက လူတိုင်းကသိပါတယ်။” ကျမ်းစာမူများကို ကျွန်ုပ်တို့ထက်ကြပ်မကွာ လိုက်လျှောက်ကြသည့်အတွက် ဘုရားသခင့်ဂုဏ်တော်ကို ဤသို့ချီးမွမ်းစရာဖြစ်စေခြင်းသည် မည်မျှကျေးဇူးတင်စရာပါတကား!
၄ သက်သေခံတစ်ဦးဖြစ်သော ခြောက်နှစ်သမီးကလေးတစ်ဦးသည် ဟဲလိုဝီးန်ရုပ်ပုံများကို အဘယ်ကြောင့် အရောင်မခြယ်ကြောင်း ပထမတန်းဆရာမတစ်ဦးက အတန်းသားများအား ရှင်းပြပါသည်။ ကလေးသည် သူ၏ယုံကြည်ချက်ကြောင့် အခြားသူများနှင့်မတူဝံ့သည့်အတွက် သူမကိုချီးကျူးကြောင်း ဆရာမပြောဆိုသည်။ အရာတစ်ခုကို အခိုင်အမာယုံကြည်မည်ဆိုလျှင် ယင်းခံယူချက်အတိုင်း လိုက်နာဝံ့ရမည်ဟု ဆရာမပြောသည်။ ထိုညတွင် ဆရာမသည် မိမိကိုယ်တိုင်၏ခံယူချက်ကို ဆင်ခြင်သုံးသပ်ကြည့်ရာ သူမ၌ ထပ်တူသတ္တိမျိုးမရှိကြောင်း ဝန်ခံသည်။ သူမကိုယ်တိုင်မယုံကြည်သည့် ပွဲလမ်းသဘင်အချို့ရှိရာ သူမသည် နောက်နောင် အတန်းသားများအား မည်သည့်ပွဲလမ်းသဘင်တွင်မျှ ပါဝင်စေမည်မဟုတ်တော့ကြောင်း နောက်နေ့တွင် ဆရာမကြေညာလိုက်သည်။
၅ ယေဟောဝါ၏လူတို့သည် မည်သည့်နေရာတွင်ပင်ရှိနေပါစေ မိမိတို့အလင်းကို ထွန်းလင်းရန်စိတ်ထက်သန်ကြသည်။ ကျောင်းတွင် လူငယ်များ၏ ချီးကျူးထိုက်သောပုံသက်သေကြောင့် ကျောင်းနေဖက်များနှင့် ဆရာမများပါ ချီးကျူးစရာဖြစ်ခဲ့ပြီ။ မိမိအရပ်ဒေသတွင် ပုံသက်သေကောင်းသော သက်သေခံလူကြီးများကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို သဘောကျနှစ်သက်စရာဖြစ်စေခဲ့ပြီ။ အခြေအနေအမျိုးမျိုးအောက် အလွတ်သဘောသက်သေခံခြင်းက ပိုမိုသိရှိလိုသော စိတ်ရင်းမှန်သူများအား ဆွဲဆောင်မှုဖြစ်ခဲ့ပြီ။ ဝမ်းစာရှာလုပ်ငန်းတွင် ဝီရိယရှိခြင်းနှင့် ရိုးသားခြင်းကလည်း သက်သေခံချက်ဖြစ်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် အဘယ်နေရာတွင်ရှိစေကာမူ၊ အဘယ်အမှုကိုပင် ပြုလုပ်နေစေကာမူ သမ္မာတရားကို စိတ်ဝင်စားစေနိုင်ပါသည်။
၆ အပြစ်ဆိုဖွယ်မရှိသော ကျွန်ုပ်တို့နမူနာရှင်၏ ဘဝပုံစံကို မျက်ခြည်မပြတ်ခြင်းအားဖြင့် ကိုယ်တော်၏တပည့်တော်များအဖြစ် ကျွန်ုပ်တို့ကျွမ်းကျင်ရာကျွမ်းကျင်မှုများကို ပိုထက်မြက်စေနိုင်ပါသည်။ ကိုယ်တော့်ပုံသက်သေကိုအတုယူခြင်းအားဖြင့် ကျွန်ုပ်တို့အလင်းကို ‘ရှိသမျှသောသူတို့အပေါ်ထွန်းလင်းရာ’ ရောက်ပါလိမ့်မည်။—မ. ၅:၁၅; ၁ ပေ. ၂:၂၁။