တည်ဆောက်မှုဖြစ်စေပါ
၁ “ခဲယဉ်းသောကာလ” တွင်အသက်ရှင်နေကြသောကြောင့် ကျွန်ုပ်တို့အားလုံး အားပေးမှုလိုသည်။ (၂ တိ. ၃:၁) မိမိ၏ခေတ်တွင်ပင် ယင်းကိုလိုအပ်ကြောင်း ကောင်းစွာသိထားသဖြင့် ညီအစ်ကိုများနှင့် ပေါင်းသင်းခွင့်ရချိန်များကို “အချင်းချင်းတည်ဆောက်” ပေးရန် ပေါလုလိုလားခဲ့သည်။ (ရော. ၁:၁၁၊ ၁၂; ၁၄:၁၉) ဤသို့ကြိုးစားခဲ့သောကြောင့် “တပည့်တော်များ၏စိတ်နှလုံးကိုမြဲမြံခိုင်ခံ့စေသဖြင့် ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့်” ပေးရန် အောင်မြင်ခဲ့သည်။ (တ. ၁၄:၂၂) ယနေ့ ထိုသို့သောအားပေးမှုကို ကျွန်ုပ်တို့အလွန်လိုအပ်နေသည်။
၂ ကျွန်ုပ်တို့ပြောဆိုသောစကားများအားဖြင့် အခြားသူများကိုတည်ဆောက်မှုပေးနိုင်သည်။ စကားလုံးများကို သင့်တော်လျောက်ပတ်စွာ အသုံးပြုသည့်အခါ ယင်းတို့သည် “ငွေထည်တွင်ရှိသော ရွှေပန်းသီးများနှင့်တူသည်။” (သု. ၂၅:၁၁၊ ကဘ) အစည်းအဝေးများ၌ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် “အချင်းချင်းတို့ကိုတိုက်တွန်းနှိုးဆော်ကြ” ၏။ (ဟေဗြဲ ၁၀:၂၅) တွေ့ကြုံမှုများပြောမည်၊ ချီးမွမ်းစကားပြောမည်၊ ဝိညာဏရေးရာများကို ဆွေးနွေးကြမည်ဆိုလျှင် ကျွန်ုပ်တို့၏လျှာကို အပြုသဘောပါပါ အသုံးပြုနိုင်ပေသည်။ လျှာကို ဤသို့ကောင်းမွန်စွာအသုံးပြုခြင်းသည် ‘ကြားနာသောသူတို့၏အကျိုးကိုပြုစုပေး၍ တည်ဆောက်စရာ’ ဖြစ်သည်။—ဧ. ၄:၂၉။
၃ တည်ဆောက်မှုပေးသောအရာများကို ပြောဆိုကြ– ဖိလိပ္ပိ ၄:၈ တွင် ပြောဆိုစရာများအတွက် အကူအညီပေးသော လမ်းညွှန်မှုများကို ပေါလုဖော်ပြပေးသည်။ မှန်ကန်သောအရာများရှိသမျှ၊ အလေးအနက်ထားရသောအရာများရှိသမျှ၊ ဖြောင့်မတ်သောအရာများရှိသမျှ၊ စင်ကြယ်သောအရာများရှိသမျှ၊ ချစ်ဖွယ်သောအရာများရှိသမျှ၊ အသရေရှိသောအရာများရှိသမျှ၊ မွန်မြတ်သောအရာများရှိသမျှနှင့် ချီးမွမ်းဖွယ်သောအရာများ ရှိသမျှတို့ကို ဆင်ခြင်သုံးသပ်ရမည်ဟု သူပြောသည်။ ကျွန်ုပ်တို့၏စကားသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုအခြေခံမည်ဆိုလျှင် အမြဲမှန်ကန်၍ အကျိုးပြုမည်ဟု စိတ်ချနိုင်သည်။ (ယော. ၁၇:၁၇) ကျွန်ုပ်တို့၏ခရစ်ယာန်ဆက်ကပ်အပ်နှံမှု၊ အသင်းတော်အစည်းအဝေးများတွင် ကျွန်ုပ်တို့တတ်သိလာသမျှ၊ ဓမ္မအမှုကို ကျွန်ုပ်တို့ကျေပွန်စွာဆောင်ရွက်ပုံနှင့် ဤကဲ့သို့သောအခြားကိစ္စများသည် အလေးအနက်ထားရသောအရာများဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ စံနှုန်းများနှင့် မူများကို အပြုသဘောရှိရှိပြောဆိုကြမည်ဆိုလျှင် “ကယ်တင်ခြင်းအလို့ငှာပညာ” ရှိရန် အမှန်အကူအညီဖြစ်မည်။ (၂ တိ. ၃:၁၅) ယေဟောဝါ၏ သန့်ရှင်းသောအဖွဲ့အစည်းရှိသူများ ကျင့်ကြံသောစင်ကြယ်သောအကျင့်ကို တန်ဖိုးထားလေးမြတ်ကြောင်း ထုတ်ဖော်ပြောဆိုနိုင်သည်။ ညီအစ်ကိုများပြုသည့် ချစ်ဖွယ်သော ကြင်နာမှုရှိလုပ်ရပ်များကို ချီးမွမ်းနိုင်သည်။ (ယော. ၁၃:၃၄၊ ၃၅) အသရေရှိသောအရာများတွင် ညီအစ်ကိုများတင်ပြသည့် ကောင်းမြတ်သောခရစ်ယာန်အရည်အချင်းများဖြစ်သည့် ယုံကြည်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် စိတ်ရှည်ခြင်းတို့ပါဝင်သည်။ ဤကဲ့သို့သော မွန်မြတ်၍ ချီးမွမ်းဖွယ်သောအရာ ရှိသမျှတို့ကို ပြောဆိုခြင်းသည် သူတစ်ပါး၏ ‘တည်ဆောက်မှုအတွက် အကျိုး’ ရှိ၏။—ရော. ၁၅:၂။
၄ လောကီစိုးရိမ်ခြင်းတို့ကြောင့် စိတ်ဓာတ်ကျခြင်းကို ကျွန်ုပ်တို့နေ့စဉ်ကြုံတွေ့ကြရသည်။ ယင်းတို့ကိုဘေးဖယ်ထားပြီး ညီအစ်ကိုများနှင့် ခင်မင်ရင်းနှီးစွာပေါင်းသင်းခြင်းသည် မည်မျှစိတ်လန်းဆန်းစရာဖြစ်မည်တကား! အချင်းချင်းပေါင်းသင်းနိုင်သည့် တန်ဖိုးရှိအချိန်ကို ကျွန်ုပ်တို့မြတ်နိုးသင့်သည်။ ကျွန်ုပ်တို့သည် အမြဲအားပေးတည်ဆောက်မည်ဆိုလျှင် သူတစ်ပါးက ကျွန်ုပ်တို့အကြောင်း ဤသို့မှန်ကန်စွာပြောလိမ့်မည်– “ငါ့စိတ်ကို . . . သက်သာစေကြပြီ။”—၁ ကော. ၁၆:၁၈၊ သမ္မာ။