သင်ခန်းစာ ၃၄
တည်ဆောက်ပေးခြင်းနှင့် အပြုသဘောဆောင်ခြင်း
ဟောပြောရန် ကျွန်ုပ်တို့တာဝန်ရထားသည့် သတင်းတရားသည် သတင်းကောင်းဖြစ်သည်။ ယေရှုက “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အား ဟောပြောရလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (မာ. ၁၃:၁၀) ယေရှုကိုယ်တော်တိုင် “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို” ထင်ရှားဖော်ပြခြင်းအားဖြင့် ပုံသက်သေထားခဲ့သည်။ (လု. ၄:၄၃) တမန်တော်များ ဟောပြောခဲ့သည့်အရာကိုလည်း “ဘုရားသခင်၏ဧဝံဂေလိတရား” နှင့် “ခရစ်တော်၏ဧဝံဂေလိတရား” အဖြစ် ဖော်ပြပေးထားသည်။ (၁ သက်. ၂:၂; ၂ ကော. ၂:၁၂) ထိုသို့သော သတင်းတရားသည် တည်ဆောက်မှုပေးပြီး အပြုသဘောဆောင်သည်။
“ကောင်းကင်အလယ်၌ ပျံဝဲနေသော ကောင်းကင်တမန်တစ်ပါး” ကြေညာသည့် “ထာဝရဧဝံဂေလိတရား” ကြေညာချက်နှင့်အညီ ကျွန်ုပ်တို့သည် လူတို့ကို ဤသို့တိုက်တွန်းကြသည်– “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။” (ဗျာ. ၁၄:၆၊ ၇) ကျွန်ုပ်တို့သည် စစ်မှန်သည့်ဘုရားသခင်၊ ကိုယ်တော့်နာမတော်၊ ကိုယ်တော်၏ အံ့မခန်းဖွယ်ဂုဏ်ရည်တော်များ၊ အံ့သြဖွယ်အမှုတော်များ၊ မေတ္တာပါသည့်ရည်ရွယ်တော်မူချက်၊ ဘုရားသခင်ထံ ကျွန်ုပ်တို့စာရင်းရှင်းရမည့်တာဝန်နှင့် ကျွန်ုပ်တို့ထံမှ ကိုယ်တော်တောင်းဆိုတော်မူသည့်အရာတို့ကို နေရာတိုင်းမှာရှိသောလူတို့အား ပြောပြကြသည်။ ဧဝံဂေလိတရားတွင် ကိုယ်တော့်အား ရှုတ်ချပြီး အခြားလူသားများ၏အသက်ကို ဖျက်ဆီးသည့် ဆိုးယုတ်သောသူများကို သုတ်သင်ဖျက်ဆီးမည်ဟူသည့်အချက် ပါဝင်သည်။ သို့သော် ကျွန်ုပ်တို့ဟောပြောရသူတို့ကို တရားစီရင်ရန်မှာ ကျွန်ုပ်တို့၏တာဝန်မဟုတ်ပေ။ ကျွန်ုပ်တို့၏ ပြင်းပြသောဆန္ဒမှာ ကျမ်းစာသတင်းတရားသည် သူတို့အတွက် သတင်းကောင်းအမှန်ပင်ဖြစ်ကြောင်း သက်သေထူစေရန်အလို့ငှာ လူများနိုင်သမျှများများ ယင်းကိုတလိုတလားတုံ့ပြန်ကြဖို့ ဖြစ်လေသည်။—သု. ၂:၂၀-၂၂; ယော. ၅:၂၂။
အပြုသဘောမပါသော အကြောင်းအရာများကို ကန့်သတ်ထားပါ။ ဘဝတွင် စိတ်ပျက်စရာ အသွင်အပြင်များရှိသည်မှာ မှန်ပါသည်။ ယင်းတို့ကိုမမြင်အောင် မျက်စိပိတ်ထား၍မရပါ။ စကားလက်ဆုံစပြောဆိုရန် သင့်ရပ်ကွက်ရှိလူတို့၏စိတ်တွင်ရှိနေသည့် ပြဿနာတစ်ခုကို တင်ပြပေးနိုင်ပြီး ယင်းကို တိုတိုတုတ်တုတ် ဆွေးနွေးနိုင်ပေသည်။ သို့သော် အများအားဖြင့် ယင်းကို အကျယ်တဝင့် ဆွေးနွေးသုံးသပ်နေလျှင် အကျိုးသိပ်မရှိလှပေ။ လူတို့သည် ဝမ်းနည်းကြေကွဲဖွယ်ရာသတင်းများကို အမြဲမပြတ် ကြားနေကြရသည်၊ ထို့ကြောင့် မနှစ်သက်ဖွယ်ကောင်းသော အကြောင်းအရာများကို ပြောဆိုခြင်းက သူတို့အား သူတို့၏တံခါး သို့မဟုတ် နားများကို ပိတ်ပစ်ရန်အကြောင်း ဖြစ်စေနိုင်သည်။ စကားလက်ဆုံပြောဆိုရာ၌ အစောပိုင်းကတည်းက ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါရှိသည့် လန်းဆန်းစေသော အမှန်တရားများဘက်သို့ အာရုံကိုဦးတည်ပေးရန် ကြိုးပမ်းပါ။ (ဗျာ. ၂၂:၁၇) ထို့နောက် ထိုသူစကားဆက်မပြောလိုသည့်တိုင် တည်ဆောက်မှုပေးသော စဉ်းစားစရာအကြောင်းအရာတစ်ခုခုကို ပေးထားရစ်ခဲ့ပေမည်။ ယင်းက နောက်တစ်ကြိမ်တွင် သူ၌ ပို၍နားထောင်လိုသည့် ဆန္ဒဖြစ်ပေါ်စေမည်။
ထိုနည်းထပ်တူ သင်သည် ဟောပြောချက်ပေးဖို့ ဖိတ်ခေါ်ခံရပါက သတင်းအချက်အလက် အမြောက်အမြား ရရှိထားခြင်းကြောင့် စိတ်ပျက်စရာကောင်းသည့် သတင်းအချက်အလက်ဖြင့် ပရိသတ်ကို လွှမ်းမိုးမသွားစေပါနှင့်။ ဟောပြောချက်ပေးသူသည် လူသားအစိုးရများ၏ ရှုံးနိမ့်မှု၊ ရာဇဝတ်မှုနှင့်အကြမ်းဖက်မှုသတင်းများနှင့် ထိတ်လန့်ဖွယ်ကောင်းသော အကျင့်ယိုယွင်းခြင်း၏လွှမ်းမိုးမှုတို့ကို ရှည်ရှည်ဝေးဝေးပြောနေပါက အကျိုးဆက်မှာ စိတ်ပျက်အားလျော့သွားနိုင်ပေသည်။ အကြောင်းအရာတစ်ခု၏ အပြုသဘောမဆောင်သည့် အပိုင်းများကို အသုံးဝင်သောရည်ရွယ်ချက်တစ်ခု ဖြစ်မြောက်စေမှသာလျှင် ဖော်ပြပါ။ ထိုသို့သောအကြောင်းအရာ အနည်းအကျဉ်းက ဟောပြောချက်၏ အချိန်သင့်အခါသင့်မှုကို အလေးအနက်ပြုပေမည်။ ယင်းသည် အခြေအနေတစ်ရပ်ကိုဖြစ်ပေါ်စေသည့် အဓိက အချက်အလက်များကိုလည်း ခွဲခြားပြနိုင်ပြီး သမ္မာကျမ်းစာတွင် တင်ပြထားသည့် ဖြေရှင်းချက်က အဘယ်ကြောင့်လက်တွေ့ကျကြောင်းပြရန် ၎င်းကို အသုံးပြုနိုင်ပေသည်။ ဖြစ်နိုင်ပါက ပြဿနာများကို ရှည်ရှည်ဝေးဝေးဖော်ပြနေမည့်အစား သတ်သတ်မှတ်မှတ်ဖော်ပြပါ။
အများအားဖြင့် ဟောပြောချက်တစ်ခုမှ အပြုသဘောမဆောင်သည့် အကြောင်းအရာအားလုံးကို ဖယ်ထုတ်ပစ်ရန်မှာ ဖြစ်လည်းမဖြစ်နိုင်၊ ဖယ်ထုတ်ပစ်ရန်လည်းမသင့်ချေ။ စိန်ခေါ်ချက်မှာ ခြုံလိုက်လျှင် အပြုသဘောဆောင်သော အကျိုးသက်ရောက်စေသည့်နည်းဖြင့် အကောင်းနှင့်အဆိုးကိုသမ၍ တင်ဆက်ရန်ဖြစ်သည်။ ယင်းကိုအောင်မြင်စေရန် ပါဝင်ရမည့်အချက်၊ ဖယ်ထုတ်ထားရမည့်အချက်နှင့် အလေးအနက်ပြုရမည့်နေရာတို့ကို ဆုံးဖြတ်ရမည်။ တောင်ပေါ်ဒေသနာတွင် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲများ၏ ကိုယ်ကျိုးရှာလမ်းစဉ်များကို ရှောင်ကြဉ်ရန် နားထောင်နေသူများအား ယေရှုသတိပေးခဲ့ပြီး ထိုအချက်ကို သရုပ်ဖော်ရန် ဥပမာအနည်းငယ် ကိုးကားခဲ့သည်။ (မ. ၆:၁၊ ၂၊ ၅၊ ၁၆) သို့ရာတွင် ထိုဘာသာရေးခေါင်းဆောင်များ၏ အပြုသဘောမဆောင်သည့် ဥပမာများတွင် အခြေစိုက်ပြောနေမည့်အစား ဘုရားသခင်၏ မှန်ကန်သည့်နည်းလမ်းတော်များကို နားလည်ခြင်းနှင့် ယင်းနှင့်အညီအသက်ရှင်နေထိုင်ခြင်းကို ယေရှုအလေးပေးခဲ့သည်။ (မ. ၆:၃၊၄၊ ၆-၁၅၊ ၁၇-၃၄) အကျိုးဆက်မှာ အကျိုးပြုသဘောက လွှမ်းမိုးသွားခဲ့သည်။
အပြုသဘောလေသံကို ဆက်ထိန်းထားပါ။ ခရစ်ယာန်လှုပ်ရှားမှု၏ အသွင်အပြင်အချို့နှင့်ပတ်သက်၍ အသင်းတော်၌ ဟောပြောချက်ပေးရန် တာဝန်ပေးခံရပါက အပြစ်တင်ဝေဖန်မည့်အစား တည်ဆောက်ပေးရန် ကြိုးပမ်းပါ။ လုပ်ဆောင်ဖို့ အခြားသူများကို သင်အားပေးသည့်အရာအား သင်လည်းလုပ်ဆောင်နေကြောင်း သေချာစေပါ။ (ရော. ၂:၂၁၊ ၂၂; ဟေဗြဲ ၁၃:၇) သင်ပြောဆိုရာကို အမျက်ကမဟုတ်ဘဲ မေတ္တာက လှုံ့ဆော်ပါစေ။ (၂ ကော. ၂:၄) သင်၏ ယုံကြည်သူချင်းများသည် ယေဟောဝါနှစ်သက်ရာကို ပြုလိုကြကြောင်း ယုံကြည်စိတ်ချမည်ဆိုလျှင် သင်ပြောဆိုရာက ထိုယုံကြည်စိတ်ချမှုကို ရောင်ပြန်ဟပ်ပြီး ကောင်းကျိုးသက်ရောက်မှုတစ်ခု ရရှိစေမည်။ ၁ သက်သာလောနိတ် ၄:၁-၁၂; ၂ သက်သာလောနိတ် ၃:၄၊ ၅; နှင့် ဖိလေမုန် ၄၊ ၈-၁၄၊ ၂၁ တွင်မှတ်တမ်းတင်ထားသော ထိုယုံကြည်စိတ်ချမှုမျိုးကို တမန်တော်ပေါလု မည်သို့ဖော်ပြခဲ့ကြောင်း သတိပြုပါ။
တစ်ခါတစ်ရံ ပညာမဲ့သောအမူအကျင့်ကိုရှောင်ရန် အကြီးအကဲများက သတိပေးဖို့လိုသည်။ သို့သော် နှိမ့်ချမှုက မိမိတို့၏ညီအစ်ကိုများကို နူးညံ့သိမ်မွေ့စွာဆက်ဆံရန် အကူအညီပေးမည်။ (ဂလ. ၆:၁) အကြောင်းအရာများကိုပြောဆိုပုံသည် အသင်းတော်တွင်ရှိသူများအား ရိုသေလေးစားကြောင်း ဖော်ပြသင့်သည်။ (၁ ပေ. ၅:၂၊ ၃) ယင်းကို လူငယ်များ အထူးသဖြင့် သတိပြုကြရန် သမ္မာကျမ်းစာက ဆုံးမထားသည်။ (၁ တိ. ၄:၁၂; ၅:၁၊ ၂; ၁ ပေ. ၅:၅) အပြစ်ဖော်ပြဆုံးမခြင်း၊ ပဲ့ပြင်ပေးခြင်း၊ တည့်မတ်ပေးခြင်း လိုအပ်လာသောအခါ ကျမ်းစာပြောဆိုရာကို အခြေခံပြီး လုပ်ဆောင်သင့်ပေသည်။ (၂ တိ. ၃:၁၆) ဟောပြောသူတွင် ပြင်းထန်သောခံစားချက်များရှိနိုင်သည့် အချို့သောယူဆချက်များအား ထောက်ခံပေးရန် ကျမ်းစာသက်ဆိုင်ပုံကို ချဲ့ကားလိုက်ခြင်း သို့မဟုတ် တလွဲပြောခြင်းတို့ကို မည်သည့်အခါမျှမပြုသင့်ပေ။ မှားယွင်းမှု၌ ပါဝင်ခြင်းမှ မည်သို့ ရှောင်ကြဉ်နိုင်ပုံ၊ ပြဿနာများကို မည်သို့ဖြေရှင်းနိုင်ပုံ၊ အခက်အခဲများကို မည်သို့အောင်မြင်ကျော်လွှားနိုင်ပုံ၊ မှားယွင်းသောလမ်းစဉ်မှ မည်သို့အမှားပြင်နိုင်ပုံနှင့် ယေဟောဝါ၏တောင်းဆိုချက်များက ကျွန်ုပ်တို့အား မည်သို့အကာအကွယ်ပေးပုံတို့အပေါ် အဓိက အလေးပေးမည်ဆိုပါက အမှားပြင်ပေးသော သွန်သင်ချက် လိုအပ်သောအချိန်တွင်ပင်လျှင် ဟောပြောချက်ပေးသည့်လေသံကို အပြုသဘောဆောင်စေနိုင်သည်။—ဆာ. ၁၁၉:၁၊ ၉-၁၆။
ဟောပြောချက်ပြင်ဆင်နေသည့်အခါ အဓိကအချက်တစ်ချက်စီကိုနှင့် ဟောပြောချက်တစ်ခုလုံးအား မည်သို့အဆုံးသတ်မည်ကို အသေအချာသုံးသပ်ပါ။ သင်နောက်ဆုံးပြောဆိုသည့်အရာကို အတာရှည်ဆုံး မှတ်မိလေ့ရှိသည်။ ယင်းသည် အပြုသဘောဆောင်မည်လော။
ယုံကြည်သူချင်းများနှင့် စကားလက်ဆုံပြောဆိုချိန်။ ယေဟောဝါ၏ကျေးကျွန်များသည် ခရစ်ယာန်အစည်းအဝေးများ၌ ယုံကြည်သူချင်းများနှင့် ပေါင်းဖော်ရသည့် အခွင့်အရေးများကို တန်ဖိုးထားကြသည်။ ယင်းအချိန်အခါများသည် ဝိညာဏလန်းဆန်းမှုကို ဖြစ်ပေါ်စေသည်။ ဝတ်ပြုရာနေရာများ၌ ကျွန်ုပ်တို့စုဝေးသည့်အခါ “အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်” ကြရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ (ဟေဗြဲ ၁၀:၂၅) အစည်းအဝေးအတွင်း ဟောပြောချက်များနှင့် မှတ်ချက်များဖြင့်သာမက အစည်းအဝေးမတိုင်မီနှင့် အစည်းအဝေးပြီးနောက် စကားလက်ဆုံပြောဆိုခြင်းအားဖြင့်လည်း ယင်းကို လုပ်ဆောင်နိုင်ပါသည်။
ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာနှင့်သက်ဆိုင်သည့် စကားလက်ဆုံပြောဆိုမှုသည် သာမန်ဖြစ်သော်လည်း အကြီးမားဆုံးအားပေးမှုသည် ဝိညာဉ်ရေးကိစ္စရပ်များအကြောင်း ဆွေးနွေးခြင်းမှရလာသည်။ ယင်းတို့တွင် မြင့်မြတ်သော လုပ်ငန်းတော်၌ ကျွန်ုပ်တို့ခံစားရသည့် တွေ့ကြုံမှုများပါဝင်သည်။ အကျိုးပြုသည့် အချင်းချင်းစိတ်ဝင်စားမှု ပြခြင်းသည်လည်း တည်ဆောက်မှုဖြစ်စေသည်။
ကျွန်ုပ်တို့အား ဝိုင်းရံနေသည့် လောက၏သြဇာလွှမ်းမိုးမှုကို မခံမိရန် ဂရုစိုက်ဖို့လိုသည်။ ဧဖက်မြို့ရှိ ခရစ်ယာန်များထံ စာရေးသောအခါ ပေါလုက ဤသို့ဆိုသည်– “မုသာစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် ပြောကြလော့။” (ဧ. ၄:၂၅) မုသာစကားအစား မှန်သောစကားကိုပြောဆိုခြင်းတွင် လောကက ဘုရားတစ်ဆူအဖြစ်ကိုးကွယ်သော အရာများနှင့် လူတို့ကို မချီးမြှောက်ခြင်း ပါဝင်သည်။ အလားတူ ယေရှုက “စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း” ကိုမခံရန် သတိပေးခဲ့ပေသည်။ (မ. ၁၃:၂၂) ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြသည့်အခါ ရုပ်ဝတ္ထုပစ္စည်းများပိုင်ဆိုင်မှုအကြောင်း မြိန်ရေရှက်ရေ ပြောဆိုခြင်းဖြင့် ထိုလှည့်စားမှုကို အားမပေးရန် ဂရုစိုက်ဖို့လိုသည်။—၁ တိ. ၆:၉၊ ၁၀။
တည်ဆောက်မှုဖြစ်ရန် လိုအပ်သည့်သွန်သင်ချက်ပေးသောအခါ “[ယုံကြည်ခြင်း] ၌အားနည်း” သောကြောင့်၊ တစ်နည်းအားဖြင့်ဆိုလျှင် ခရစ်ယာန်လွတ်လပ်မှုကို အပြည့်အစုံ သဘောမပေါက်သောကြောင့် တစ်စုံတစ်ရာသောအရာများကို ရှောင်ကြဉ်သူ ညီအစ်ကိုတစ်ဦးကို မစစ်ကြောရန် သို့မဟုတ် အထင်မသေးရန် ကျွန်ုပ်တို့အား တမန်တော်ပေါလုက တိုက်တွန်းထားသည်။ ကျွန်ုပ်တို့စကားလက်ဆုံပြောဆိုကြခြင်းသည် အခြားသူများကို တည်ဆောက်ပေးရန်ဖြစ်သောကြောင့် သူတို့၏နောက်ခံနှင့် ဝိညာဏကြီးထွားမှုအတိုင်းအတာကို ထည့်တွက်စဉ်းစားပေးရမည်။ “ညီအစ်ကိုချင်း [သို့မဟုတ် ညီအစ်မချင်း] [အား] ထိမိ၍လဲစရာအခွင့် [သို့မဟုတ်] မှားယွင်းစရာအခွင့်ရှိစေခြင်း” သည် မည်မျှ ဝမ်းနည်းဖွယ်ပါတကား!—ရော. ၁၄:၁-၄၊ ၁၃၊ ၁၉။
ကြီးလေးသော ကိုယ်ရေးကိုယ်တာ ပြဿနာများ—ဥပမာ၊ နာတာရှည်ရောဂါနှင့် ရုန်းကန်ဖြေရှင်းနေရသူတို့သည် တည်ဆောက်မှုပေးသော စကားလက်ဆုံပြောဆိုမှုကို တန်ဖိုးထားကြသည်။ ထိုကဲ့သို့သောသူတစ်ဦးသည် အစည်းအဝေးများကိုတက်ရောက်ရန် များစွာ ကြိုးစားအားထုတ်ပေမည်။ သူ၏အခြေအနေကို သိကြသူတို့က ဤသို့မေးမြန်းနိုင်သည်– “ဘယ်လိုနေသေးလဲ။” သူတို့၏ဂရုစိုက်မှုကို ထိုသူတန်ဖိုးထားမည်မှာ မလွဲပေ။ သို့ရာတွင် သူ၏ရောဂါအခြေအနေသည် သူ့အတွက်အမှန်အားရှိစရာကောင်းသော အကြောင်းအရာတစ်ခုဖြစ်ချင်မှဖြစ်မည်။ လေးမြတ်သောစကားများနှင့် ချီးမွမ်းသောစကားများက သူ၏နှလုံးကို ပို၍နွေးထွေးစေမည်။ ယေဟောဝါအပေါ် သူ၏စွဲမြဲသည့်မေတ္တာနှင့် ခက်ခဲသော အခြေအနေအောက်တွင် သူ၌ခံနိုင်ရည်ရှိကြောင်းကို သင်တွေ့မြင်ပါသလော။ ထိုသူ မှတ်ချက်များပေးသည့်အခါ အားပေးမှုခံစားရပါသလော။ သူ၏အပြည့်အဝမလုပ်နိုင်မှုများကို အာရုံစိုက်မည့်အစား အသင်းတော်တွင်ပါဝင်ကူညီမှုများနှင့် သူ၏အစွမ်းခွန်အားများကို အာရုံစိုက်ခြင်းက ပို၍တည်ဆောက်မှု ဖြစ်စေမည်မဟုတ်လော။—၁ သက်. ၅:၁၁။
ကျွန်ုပ်တို့၏ စကားလက်ဆုံပြောဆိုခြင်းသည် တည်ဆောက်မှုဖြစ်စေရန်မှာ ဆွေးနွေးနေသည့်အကြောင်းအရာနှင့်ပတ်သက်၍ ယေဟောဝါ၏ရှုမြင်ပုံကို ထည့်တွက်စဉ်းစားရန် အထူးအရေးကြီးသည်။ ရှေးဣသရေလနိုင်ငံတွင် ယေဟောဝါ၏ကိုယ်စားလှယ်များကို ဆန့်ကျင်ပြောဆိုပြီး မန္နမုန့်နှင့်ပတ်သက်၍ ညည်းတွားခဲ့ကြသူတို့သည် ဘုရားသခင်ထံမှ ပြင်းထန်သောအမျက်ဒေါသကို ခံခဲ့ရသည်။ (တော. ၁၂:၁-၁၆; ၂၁:၅၊ ၆) သစ္စာနှင့်သတိပညာရှိကျေးကျွန်အတန်းအစားမှ စီမံပေးထားသည့် ဝိညာဉ်အစာကို တန်ဖိုးထားပြီး အကြီးအကဲများအား ရိုသေလေးစားမှုပြသည့်အခါ ထိုပုံသက်သေများမှ ကျွန်ုပ်တို့အကျိုးရရှိခဲ့ကြောင်း အထင်အရှားပြကြသည်။—၁ တိ. ၅:၁၇။
ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကိုချင်းများနှင့် အတူတကွရှိနေသည့်အခါ အကျိုးဖြစ်ထွန်းသောအရာများ ပြောဆိုရန်ရှာဖွေခြင်းသည် ပြဿနာမရှိပေ။ သို့ရာတွင်၊ တစ်ဦးတစ်ယောက်သည် ပြစ်တင်ဝေဖန်သည့်မှတ်ချက်များ လွန်လွန်ကဲကဲပေးနေပါက တည်ဆောက်မှုပေးသော စကားပြောဆိုခြင်းဘက်သို့ ကိုယ်ကစ၍ဦးတည်ပေးပါ။
အခြားသူများအား သက်သေခံနေသည်ဖြစ်စေ၊ စင်မြင့်ပေါ်မှဟောပြောနေသည်ဖြစ်စေ၊ သို့မဟုတ် ယုံကြည်သူချင်းများနှင့် စကားပြောဆိုနေသည်ဖြစ်စေ “ကြားနာသောသူတို့၏ အကျိုးကိုပြုစုစေခြင်းငှာ အသုံးလိုသည်အတိုင်း ဆောက်တည်စရာဖို့ ကောင်းသောစကား” ကို ကျွန်ုပ်တို့၏နှလုံးဘဏ္ဍာမှ ဖော်ထုတ်နိုင်ရန် ပိုင်းခြားသိမြင်မှု ကျင့်သုံးနိုင်ကြပါစေ။—ဧ. ၄:၂၉၊ သမ္မာ။