ဓမ္မအမှုတွင်ပါဝင်စဉ် တစ်ဦးကိုတစ်ဦး တည်ဆောက်ပေးခြင်း
၁ အားပေးမှုဖြစ်စေသည့် “အခန့်သင့်ပြောဆိုသောစကား” ကြားရခြင်းကို ကျွန်ုပ်တို့အားလုံး တန်ဖိုးထားကြသည်။ (သု. ၂၅:၁၁၊ ကဘ) ဓမ္မအမှုတွင်ပါဝင်စဉ် ကျွန်ုပ်တို့၏အပြောအဆိုသည် အုပ်စုရှိအခြားသူတို့ကို အားပေးမှုဖြစ်စေကြောင်း မည်သို့သေချာစေနိုင်မည်နည်း။
၂ အားပေးမှုဖြစ်စေသော အပြောအဆို– ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်စဉ် ဝိညာဉ်ရေးရာအကြောင်းများကို ပြောဆိုခြင်းက အလွန်အားပေးမှုဖြစ်စေသည်။ (ဆာ. ၃၇:၃၀) ကျွန်ုပ်တို့၏တင်ဆက်နည်းအကြောင်း ပြောနိုင်သည် သို့မဟုတ် မကြာသေးခင်ကရရှိခဲ့သော အားတက်ဖွယ် လယ်ကွင်းလုပ်ငန်းတွေ့ကြုံမှုအကြောင်း ပြောပြနိုင်သည်။ (တ. ၁၅:၃) ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်း၊ နောက်ဆုံးထုတ်မဂ္ဂဇင်းများ သို့မဟုတ် အသင်းတော်အစည်းအဝေးတစ်ခုမှ စိတ်ဝင်စားဖွယ်အချက်တစ်ချက်ကိုလည်း ပြောပြနိုင်သည်။ နိုင်ငံတော်ခန်းမတွင် မကြာသေးမီက ကြားခဲ့ရသော လူထုဟောပြောချက်မှ အချက်များကိုလည်း ဆွေးနွေးနိုင်ပေမည်။
၃ အိမ်ရှင်သည် ကျွန်ုပ်တို့ပြန်မချေပနိုင်သည့် ငြင်းချက်တစ်ခုထုတ်သည့်အခါ ကျွန်ုပ်တို့စိတ်ပျက်မိပေမည်။ ထိုအိမ်မှထွက်လာပြီးနောက် နောက်နောင် ထိုသို့ကြုံလာရပါက မည်သို့တုံ့ပြန်နိုင်ကြောင်း မိမိတွဲဖက်နှင့် မိနစ်အနည်းငယ်သုံးသပ်ခြင်းက ကျွန်ုပ်တို့အတွက် အကျိုးရှိပေလိမ့်မည်။ ကျိုးကြောင်းဆင်ခြင်စာအုပ်မှအချက်များကိုလည်း သုံးသပ်နိုင်သည်။ ကျွန်ုပ်တို့နှင့်တွဲသူ၏ တင်ဆက်နည်းမှတစ်ခုခုကို သဘောကျပါက စိတ်ရင်းမှန်နှင့်ချီးမွမ်းခြင်းဖြင့် အားပေးနိုင်သည်။
၄ အစပြုလုပ်ဆောင်ပါ– ကျွန်ုပ်တို့၏စာအုပ်ကြီးသင်တန်းအုပ်စုတွင် ကျွန်ုပ်တို့နှင့်တွဲ၍ အမှုမဆောင်သည်မှာ ကြာပြီဖြစ်သူ ရှိသလော။ ဓမ္မအမှုတွင် ကျွန်ုပ်တို့နှင့်အတူ ပါဝင်ရန် ဖိတ်ခေါ်ခြင်းဖြင့် “အချင်းချင်းအားရသက်သာခြင်းသို့ရောက်” နိုင်ကြပေမည်။ (ရော. ၁:၁၂) မှန်မှန်နှင့်အရန်ရှေ့ဆောင်များသည် အထူးသဖြင့် ဓမ္မအမှုတွင် ကြေညာသူအနည်းငယ်သာ ပါဝင်နိုင်သည့် နံနက်စောစော သို့မဟုတ် ညနေပိုင်းအချိန်တို့တွင် သူတို့နှင့်အတူတွဲ၍အမှုဆောင်ပေးသူများကို ကျေးဇူးတင်လေးမြတ်ကြသည်။ ကျွန်ုပ်တို့သည် ရှေ့ဆောင်များနှင့်အတူ အမှုဆောင်ခြင်းဖြင့် သူတို့ကိုထောက်ကူပေးနိုင်သည်။ ကျန်းမာရေးကြောင့် ဓမ္မအမှုတွင် အကန့်အသတ်ဖြင့်သာ ပါဝင်နိုင်သည့် မသန်စွမ်းသောကြေညာသူ ရှိပါသလော။ ဖြစ်နိုင်မည်ဆိုလျှင် ကျမ်းစာသင်အံမှုတွင် ကျွန်ုပ်တို့နှင့်အတူ ပါဝင်နိုင်ရန် စီစဉ်ပေးခြင်းက နှစ်ဦးစလုံးကို အကျိုးပြုပေမည်။—သု. ၂၇:၁၇။
၅ ချီးမွမ်းခြင်းနှင့် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြချက်များသည် သေးငယ်သောကိစ္စများတွင်ပင် အစဉ်အားပေးမှုဖြစ်စေသည်။ အခြားသူများနှင့်အတူ ဓမ္မအမှုတွင်ပါဝင်စဉ် ထိုအချက်ကို စိတ်စွဲမှတ်ထားသင့်သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် “တစ်ယောက်ကိုတစ်ယောက် တည်ဆောက်” အားပေးလိုသောကြောင့်ဖြစ်ပေသည်။—၁ သက်. ၅:၁၁။