ကောင်းသောအလုပ်တိုင်းကို စိတ်လိုကိုယ်လျောက်ဆောင်ရွက်ရန် မိမိကိုယ်ကိုဆက်သခြင်း
၁ လောကီစာပေတစ်စောင်က ယေဟောဝါသက်သေများအကြောင်း ဤသို့ကိုးကားဖော်ပြသည်– “သက်သေခံများကဲ့သို့ မိမိတို့၏ဘာသာတရား၌ ကြိုးစားလုပ်ဆောင်သည့်အသင်းသားများကို အခြားအုပ်စုများတွင် ရှာတွေ့ရန်ခဲယဉ်းမည်။” ယေဟောဝါသက်သေများသည် စေတနာစိတ်နှင့် အဘယ်ကြောင့်ဤမျှကြိုးစားရသနည်း။
၂ တစ်ကြောင်းမှာ အရေးတကြီးဆောင်ရွက်ရမည်ဟူသောစိတ်ဓာတ် သူတို့တွင်ရှိသောကြောင့်ဖြစ်သည်။ ယေရှုသည် ကမ္ဘာပေါ်တွင် မိမိလုပ်ကိုင်ရမည့်လုပ်ငန်း ပြီးစီးရန် အချိန်အကန့်အသတ်သာရှိကြောင်း အသိအမှတ်ပြုသည်။ (ယော. ၉:၄) ယနေ့ ဘုန်းတော်ထင်ရှားသော ဘုရားသခင့်သားတော်သည် ရန်သူတို့အလယ်၌ အုပ်စိုးတော်မူစဉ် ယေဟောဝါ၏လူများသည် သူတို့၏လုပ်ငန်းကို လုပ်ဆောင်ရန်အချိန် အကန့်အသတ်သာရှိကြောင်း သဘောပေါက်ကြသည်။ ထို့ကြောင့် မြင့်မြတ်သောလုပ်ငန်းတော်အတွက် သူတို့ကိုယ်ကို စိတ်လိုကိုယ်လျောက်ပူဇော်ခြင်းဖြစ်သည်။ (ဆာ. ၁၁၀:၁-၃) ရိတ်သိမ်းမည့်သူများစွာလိုအပ်နေသောကြောင့် သူတို့သည် အဆက်မပြတ်ကြိုးစားအားထုတ်ရန် လိုအပ်နေပါသည်။ (မ. ၉:၃၇၊ ၃၈) သို့ ဖြစ်၍ လုပ်ငန်းတော်ကို စေတနာစိတ်အပြည့်နှင့် ဝီရိယရှိရှိဆောင်ရွက်တော်မူသော စုံလင်သည့်ပုံသက်သေချမှတ်ပေးခဲ့သူ ယေရှုကို သူတို့ကြိုးစားတုပကြသည်။—ယော. ၅:၁၇။
၃ ယေဟောဝါသက်သေများသည် ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြသည့် အခြားအကြောင်းတစ်ခုမှာ သူတို့၏ကမ္ဘာချီအဖွဲ့အစည်းသည် အခြားအုပ်စုများနှင့်မတူသောကြောင့်ဖြစ်သည်။ လောကီဘာသာရေးအဖွဲ့အစည်းများက ဝတ်ပြုကိုးကွယ်သူများထံမှ အချိန်နှင့်ကြိုးစားအားထုတ်မှု အနည်းအကျဉ်းသာ တောင်းဆိုပါသည်။ သူတို့၏ယုံကြည်ချက်များသည် သူတို့၏နေ့စဉ်ဘဝအသက်တာ၊ သူတစ်ပါးနှင့် သူတို့ဆက်ဆံပုံ၊ ဘဝတွင် သူတို့၏လိုက်စားရာများအပေါ် အကျိုးအနည်းငယ် သို့မဟုတ် အဘယ်အကျိုးမျှမသက်ရောက်ပါ။ ယုံကြည်ခြင်းအစစ်အမှန်၏ တွန်းအားမရှိကြသောကြောင့် သူတို့၏စတိမျှသောကြိုးစားမှုသည် လုံလောက်သည်ဟု စိတ်ချစေရန် သူတို့၏သိုးထိန်းများသည် ‘သူတို့အား ချော့မော့ပြောဆိုရန်’ မရမနေတောင်းဆိုကြသည်။ (ဟေရှာ. ၃၀:၁၀) သူတို့၏ဓမ္မဆရာများကလည်း သဘောလိုက်လျောကာ ‘ယားတတ်သောနားကိုကျပ်ပေးခြင်း’ အားဖြင့် သူတို့တွင် စိတ်မပါခြင်းနှင့် ဝိညာဏပျင်းရိခြင်းစိတ်ဓာတ် ရှိစေခဲ့ပေပြီ။—၂ တိ. ၄:၃။
၄ ယေဟောဝါ၏လူများနှင့် ကွာခြားလှသည်တကား! ကျွန်ုပ်တို့၏ဝတ်ပြုမှုနှင့်ပတ်သက်သမျှသည် ကြိုးစားအားထုတ်မှု၊ လုပ်ဆောင်မှုရှိဖို့လိုသည်။ နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့လုပ်ကိုင်လေသမျှကို ကျွန်ုပ်တို့၏ယုံကြည်ချက်အတိုင်း လုပ်ကိုင်ကြသည်။ သမ္မာတရားသည် ကျွန်ုပ်တို့အားပျော်ရွှင်မှုများစွာပေးသည်မှန်သော်လည်း ယင်းက ကျွန်ုပ်တို့ထံမှတောင်းဆိုရာများကို ဖြည့်စွက်ပေးရန် “ကြီးစွာသောတိုက်လှန်ခြင်း” ကိုပြုကြရသည်။ (၁ သက်သာလောနိတ် ၂:၂ နှိုင်းယှဉ်။) နေ့စဉ်ဘဝ၏တာဝန်များကို ထမ်းဆောင်ခြင်းကပင် လူအများအတွက် အလုပ်များပြားလှသည်။ သို့ရာတွင် ဤပူပန်မှုတို့ကြောင့် ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ ဦးမထားဘဲမနေစေပါ။—မ. ၆:၃၃။
၅ ယေဟောဝါ၏လုပ်ငန်းတော်၌ ကျွန်ုပ်တို့ပြုမူဆောင်ရွက်ရာများသည် အကျိုးများစွာဖြစ်ပြီး အရေးကြီးသောကြောင့် အခြားလုပ်ငန်းများမှ အချိန်ကို ‘ဝယ်ယူ’ ကာ ဝိညာဉ်ရေးရာများအတွက် ပိုအကျိုးရှိရှိအသုံးပြုရန် တိုက်တွန်းခံရသည်။ (ဧ. ၅:၁၆) ကျွန်ုပ်တို့၏ဘုရားဝတ်၌မွေ့လျော်သောသဘောနှင့် စေတနာစိတ်သည် ယေဟောဝါ၏အလိုတော်နှင့်တွေ့ကြောင်း သိရှိထားခြင်းက ကျွန်ုပ်တို့ကြိုးစားလုပ်ကိုင်နေသောလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် စိတ်အားထက်သန်စေပါသည်။ ယခုပင် ခံစားနေရသောကောင်းချီးများနှင့် အနာဂတ်တွင်ရမည့်အသက်ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်မှုရေးကိစ္စများအတွက် ဆက်လက်၍ ‘ကြိုးစားအားထုတ်သည်နှင့်အညီ ပင်ပန်းစွာအမှုဆောင်ရွက်’ ရန်စိတ်ပိုင်းဖြတ်ထားကြသည်။—၁ တိ. ၄:၁၀။
၆ ချစ်မြတ်နိုးခြင်းဝတ်နှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်– ယနေ့ လူအများစုသည် အရာခပ်သိမ်းတို့ထက် စည်းစိမ်ဥစ္စာကို ဦးစားထားသည်။ သူတို့စားဖို့၊ သောက်ဖို့၊ ဝတ်ဖို့ရာများကို အာရုံစိုက်ခြင်းသည် လျော်ကန်သင့်မြတ်သည်ဟုထင်ကြသည်။ (မ. ၆:၃၁) လိုအပ်ချက်များနှင့်သာ မကျေနပ်သဖြင့် ယခုပင် စည်းစိမ်ခံလိုသည့်ပန်းတိုင်၏တိုက်တွန်းမှုကိုခံရပြီး ‘နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကိုသိုထားလျက် ငြိမ်ဝပ်စွာနေခြင်း၊ စားသောက်ခြင်း၊ ပျော်မွေ့ ခြင်းကိုပြု’ လိုကြသည်။ (လု. ၁၂:၁၉) ချာ့ချ်တက်သူများက သူ၏ဘာသာတရား တောင်းဆိုသည့် အဘယ်အားစိုက်ထုတ်ရမှုမဆိုသည် သူ၏အခွင့်အရေးကို ဝင်ရောက်စွက်ဖက်သည်ဟု ယူဆလေ့ရှိသည်။ စည်းစိမ်လိုက်စားမှုတစ်ခုခုကို စွန့်လွှတ်ခြင်း သို့မဟုတ် လျှော့ခြင်း၊ သို့မဟုတ် သာယာမှုပေးသောဝါသနာတစ်ခုကို စွန့်ပစ်ခြင်းသည် မလိုလားစရာဖြစ်သည်။ မိမိကိုယ်ကိုသာ အဓိကထားစဉ်းစားသည့်အတွက် ကိုယ်ကျိုးစွန့်သဘောကို မွေးမြူခြင်းသည် စိတ်ကူးယဉ်ခြင်းမျှဖြစ်ပြီး လက်တွေ့မကျချေ။
၇ ကျွန်ုပ်တို့မူကား ဤကိစ္စကိုတစ်မျိုးတစ်ဖုံယူမှတ်သည်။ ကျွန်ုပ်တို့၏စဉ်းစားဉာဏ်ကို ဘုရားသခင့်နှုတ်ကပါဌ်တော်က မြှင့်တင်ပေးခဲ့ရာ လူ့အတွေးမဟုတ် ဘုရားသခင့်အတွေးကို ကျွန်ုပ်တို့စဉ်းစားတတ်ကြသည်။ (ဟေရှာ. ၅၅:၈၊ ၉) ဇာတိပကတိလိုက်စားမှုများထက်သာသော ဘဝပန်းတိုင်များ ကျွန်ုပ်တို့၌ရှိသည်။ ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းရှင်းစေခြင်းနှင့် နာမတော်အား သန့်ရှင်းမြင့်မြတ်စေခြင်းတို့သည် စကြဝဠာတစ်ခွင် အရေးတကာ့အရေးအကြီးဆုံး ကိစ္စများဖြစ်သည်။ ဤအရေးကိစ္စတို့၏အရေးပါမှုသည် ကြီးမားလွန်းသဖြင့် ခိုင်းနှိုင်းကြည့်လျှင် လူမျိုးအပေါင်းတို့သည် “အဘယ်မျှမဟုတ်သကဲ့သို့ ရှေ့တော်၌ဖြစ်ကြ၏။” (ဟေရှာ. ၄၀:၁၇) ဘုရားသခင်၏အလိုတော်ကို လျစ်လျူရှုသည့် မည်သည့်အသက်ရှင်နေထိုင်မှုကိုမဆို မိုက်မဲခြင်းကဲ့သို့ ယူမှတ်ကြရမည်။—၁ ကော. ၃:၁၉။
၈ ထိုကြောင့်ပစ္စည်းဥစ္စာအချို့လိုအပ်ပြီး နိုင်ငံတော်လုပ်ငန်းကိုထမ်းဆောင်ရန် အခြားအရာများသည် အသုံးဝင်သည်မှန်သော်လည်း အမှန်မှာ ယင်းတို့သည် ‘သာ၍အရေးကြီးသောအရာများ’ မဟုတ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်ကြသည်။ (ဖိ. ၁:၁၀) ဥစ္စာပစ္စည်းရှာရာတွင် ၁ တိမောသေ ၆:၈ ပါစိတ်ဓာတ်အတိုင်းလိုက်လျှောက်ပြီး ‘အစဉ်အမြဲတည်သော မထင်ရှားသည့်အရာတို့’ ကို ပညာရှိစွာနှလုံးစွဲလမ်းရန် ကြိုးစားကြမည်။—၂ ကော. ၄:၁၈။
၉ ဘုရားသခင်၏အကြံကို ကျွန်ုပ်တို့တွေးတောလေ စည်းစိမ်ဥစ္စာအတွက် စိုးရိမ်ပူပန်မှု လျော့နည်းလေဖြစ်သည်။ ကျွန်ုပ်တို့အတွက် ယေဟောဝါပြုနှင့်တော်မူပြီးသားကိုလည်းကောင်း၊ အနာဂတ်အတွက် ကိုယ်တော်ကတိထားတော်မူသော အံ့ချီးဖွယ်ကောင်းချီးများကိုလည်းကောင်း စဉ်းစားကြည့်မည်ဆိုလျှင် ကိုယ်တော်တောင်းဆိုသမျှ စေတနာစိတ်ဖြင့် ပြုလုပ်ဆောင်ရွက်လိုကြပါသည်။ (မာ. ၁၀:၂၉၊ ၃၀) ကျွန်ုပ်တို့တည်ရှိနေရခြင်းကိုယ်နှိုက်က ကိုယ်တော်ကြောင့်ဖြစ်သည်။ ကိုယ်တော့်ကရုဏာမေတ္တာတော်ကြောင့်သာမဟုတ်လျှင် ယခုအသက်ရှင်ရကျိုးနပ်မည်မဟုတ်၊ အနာဂတ်တွင် အသက်ရှင်နိုင်စရာအကြောင်းလည်း လုံးဝရှိမည်မဟုတ်ပါ။ ကိုယ်တော်၏လုပ်ငန်းတော်၌ ကျွန်ုပ်တို့ပြုမူသမျှသည် ‘ဆောင်ရွက်ရန်ရှိသည့် တာဝန်ဝတ္တရားကိုသာ ဆောင်ရွက်’ နေခြင်းဖြစ်သောကြောင့် မိမိကိုယ်ကိုဆက်သရန် တာဝန်ရှိသည်ဟု ကျွန်ုပ်တို့ခံစားရသည်။ (လု. ၁၇:၁၀၊ သတင်းကောင်း) ကျွန်ုပ်တို့ “များစွာရိတ်ရ” လိမ့်မည်ကို သိထားကြပြီး ယေဟောဝါထံ ပြန်ပေးဆက်ရန် တောင်းဆိုခံရသည့် မည်သည့်အရာကိုမဆို ရွှင်လန်းစွာပြန်ပေးဆက်ကြမည်။—၂ ကော. ၉:၆၊ ၇။
၁၀ စေတနာစိတ်နှင့် လုပ်ဆောင်မည့်သူများ ယခုပင်လိုအပ်နေ– အစအဦးကပင် ခရစ်ယာန်အသင်းတော်သည် အပူတပြင်းလုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ စီ.အီး. ၇၀ တွင်ယေရုရှလင်မြို့ မပျက်စီးမီ စေ့ငစွာသက်သေခံရမည်ဖြစ်သည်။ ထိုအချိန်အတွင်း ယေရှု၏တပည့်တော်များသည် ‘တရားဟောခြင်းအမှုကိုသာ အပူတပြင်းဆောင်ရွက်’ နေကြသည်။ (တ. ၁၈:၅) အလျင်အမြန်တိုးပွားများပြားလာသောကြောင့် သတင်းကောင်းဟောပြောသူနှင့် ကျွမ်းကျင်သောသိုးထိန်းများစွာတို့ကို လေ့ကျင့်ပေးပြီး သူတို့၏အကူအညီကိုယူရန် လိုအပ်လာသည်။ လောကီအာဏာပိုင်များနှင့် ဆက်ဆံတတ်သူများ၊ ပစ္စည်းဥစ္စာများကို စုဆောင်းဝေငှပေးရန် ကြီးကြပ်ပေးမည့် တတ်ကျွမ်းသူများ လိုအပ်လာသည်။ (တ. ၆:၁-၆; ဧ. ၄:၁၁) အချို့က အထင်အရှားအမှုဆောင်ရွက်ကြရသော်လည်း အများစုမူကား နောက်ကွယ်၌သာ နေကြသည်။ သို့သော် ဤသူအားလုံးတို့သည် အလုပ်ပြီးမြောက်ရန်စိတ်နှလုံးအကြွင်းမဲ့ဖြင့် အတူတကွ “ကြိုးစားအားထုတ်” လုပ်ဆောင်သူများဖြစ်ကြသည်။—လု. ၁၃:၂၄။
၁၁ ယင်းနောက်ပိုင်း ရာစုနှစ်များစွာအတွင်း ကမ္ဘာချီကြိုးစားအားထုတ် လုပ်ကိုင်စရာမလိုအပ်လှသော်လည်း ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်တန်ခိုးကိုယေရှုသိမ်းပိုက်သောအခါ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အကြီးအကျယ်ပြန်လုပ်ဆောင်လာလေသည်။ အစကနဦးတွင် ဘုရားသခင့်နိုင်ငံတော်ရေးရာအတွက် လုပ်ကိုင်ရမည့်သူ၊ ကမ္ဘာတစ်ဝန်း တိုင်းနိုင်ငံအသီးသီးတွင် စေတနာစိတ်ရှိသူ သန်းပေါင်းများစွာ၏အကူအညီလိုအပ်လာလိမ့်မည်ကို မသိကြသလောက်ဖြစ်သည်။
၁၂ ယနေ့ အဖွဲ့အစည်းသည် အစွမ်းအစရှိရှိသမျှကို အသုံးပြုနေကြရသည့် စီမံကိန်းအမျိုးမျိုးတွင် အကြီးအကျယ်ပါဝင်လုပ်ဆောင်နေသည်။ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းသည် အကြီးအကျယ်တိုးတက်နေသည်။ ကျွန်ုပ်တို့၏အပူတပြင်းဖြစ်နေသည့်အချိန်ကာလက ကျွန်ုပ်တို့အား ကြိုးစားအားထုတ်ရန်နှင့် လုပ်ကိုင်စရာအလုပ်ကို ပြီးစီးနိုင်ဖို့အတွက် မိမိတွင်ရှိသောအစွမ်းအစအားလုံးကိုအသုံးပြုရန် တိုက်တွန်းနေသည်။ ဆိုးသွမ်းသောစနစ်ကြီးတစ်ခုလုံး ကုန်ဆုံးမည့်အချိန် နီးသည်ထက်နီးလာသောကြောင့် ရှေ့လျှောက်ပိုမိုအပူတပြင်းလုပ်ကိုင်ဆောင်ရွက်ကြဖို့ မျှော်လင့်နိုင်သည်။ အပူတပြင်းလုပ်ကိုင်ရမည့် စုသိမ်းခြင်းလုပ်ငန်း၌ စေတနာစိတ်နှင့် မိမိကိုယ်ကိုဆက်သရန် ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်တိုင်းကို ခေါ်ဖိတ်နေပါသည်။
၁၃ ဘာလုပ်ကိုင်စရာ လိုအပ်နေသနည်း– “သခင်ဘုရား၏အမှုတော်၌လုပ်ကိုင်စရာများစွာ” ရှိသည်ဟု ကျွန်ုပ်တို့မှန်ကန်စွာပြောဆိုနိုင်သည်။ (၁ ကော. ၁၅:၅၈) ရပ်ကွက်များစွာတွင် စပါးမှည့်နေပြီး အလုပ်လုပ်မည့်သူများ နည်းနေပါသည်။ ကျွန်ုပ်တို့၏ရပ်ကွက်တစ်လျှောက်လုံးတွင် ကိုယ်လုပ်ရမည့်အလုပ်ကို သာ၍စေ့ငစွာသက်သေခံရန်မက အကူအညီပို၍လိုအပ်သောနေရာတွင် အမှုထမ်းဆောင်ရန်စိန်ခေါ်ချက်ကို ရင်ဆိုင်ကြဖို့ ကမ်းလှမ်းထားပါသည်။
၁၄ ကမ္ဘာ့ဒေသအသီးသီးတွင် သက်သေခံများသည် အခြားလုပ်ငန်းများတွင် စေတနာစိတ်နှင့်မိမိတို့ကိုယ်ကိုဆက်သကြကြောင်း တွေ့ရှိရခြင်းသည် ချီးကျူးစရာပင်ဖြစ်သည်။ ယင်းလုပ်ငန်းများမှာ ဝတ်ပြုရန်နေရာများ ဆောက်လုပ်ခြင်းတွင်လုပ်အားပေးခြင်း၊ စည်းဝေးပွဲများတွင် အမှုထမ်းခြင်း၊ ဘေးဒဏ်များကြုံကြိုက်ချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်း၌ ကြိုးစားပါဝင်ခြင်းမှစ၍ ဒေသဆိုင်ရာနိုင်ငံတော်ခန်းမကို မှန်မှန်သန့်ရှင်းရေးပြုလုပ်ခြင်းတို့ဖြစ်သည်။ ခန်းမနှင့်ပတ်သက်၍ စည်းဝေးတစ်ခုပြီးတိုင်း နိုင်ငံတော်ခန်းမကို သန့်ရှင်းသပ်ရပ်စွာ အမြဲထားရန် ဂရုစိုက်ခြင်းရှိသည်။ သိမ်ငယ်သည်ဟုအထင်ရှိသောအလုပ်ကို ပြီးစီးခြင်းက လုကာ ၁၆:၁၀ ပါယေရှု၏စကားကို သင့်တော်လျောက်ပတ်စွာ သဘောပေါက်နားလည်ကြောင်း ထင်ရှားစေသည်– “အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။”
▪ အသင်းတော်လုပ်ငန်းများကို ထောက်ခံအားပေးခြင်း– အသင်းတော်တစ်ခုစီသည် အဖွဲ့အစည်းတစ်ခုလုံးအဝင်ဖြစ်ပြီး “သစ္စာနှင့်သတိပညာရှိသောကျွန်” ထံမှ ညွှန်ကြားမှုခံရကာ လုပ်ကိုင်ဆောင်ရွက်သော်လည်း ဘုရားသခင့်နိုင်ငံတော်ကြေညာသူအသီးသီးတို့ဖြင့် ဖွဲ့စည်းထားပါသည်။ (မ. ၂၄:၄၅၊ သမ) ယင်း၏ဆောင်ရွက်မှုများသည် သက်သေခံတစ်ဦးစီ မည်မျှလုပ်ဆောင်လို၍ လုပ်ဆောင်နိုင်သည့်အပေါ် များစွာမူတည်သည်။ အသင်းတော်သည်ယင်း၏ရပ်ကွက်တွင် သတင်းကောင်းကိုဟောပြောပြီးခြင်း၊ တပည့်အသစ်များဖြစ်စေခြင်းနှင့် သူတို့အား ဝိညာဉ်ရေးအရ ခွန်အားရှိစေခြင်းကို အာရုံပြုပါသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ဤလုပ်ငန်းတွင် ပါဝင်နိုင်သည်။ ကိုယ်ပိုင်လေ့လာမှု၊ စည်းဝေးများတွင် အဓိပ္ပာယ်ရှိရှိပါဝင်ခြင်းနှင့် အသင်းတော်အတွင်း အကူအညီလိုအပ်သူများကို မစခြင်းနှင့်ပတ်သက်၍ ကိုယ်ပိုင်ပန်းတိုင်များ ချမှတ်နိုင်သည်။ ဤလုပ်ငန်းများတွင် ကျွန်ုပ်တို့၏စေတနာစိတ်ကိုဖော်ပြရန် အခွင့်ကောင်းများစွာရရှိသည်။
▪ ကြီးကြပ်ကွပ်ကဲခြင်းအရာ၌ ဦးစီးဦးဆောင်ပြုခြင်း– အသင်းတော်တစ်ခုစီကို ကြီးကြပ်ကွပ်ကဲရန် ခန့်အပ်ခံအကြီးအကဲများအား ယေဟောဝါ တာဝန်အပ်နှင်းထားတော်မူသည်။ (တ. ၂၀:၂၈) ဤသူတို့သည် ယင်းအခွင့်အရေးအတွက် အရည်အချင်းပြည့်မီရန် ကြိုးစားအားထုတ်ခဲ့သူများဖြစ်သည်။ (၁ တိ. ၃:၁) အသင်းတော်ရှိ ညီအစ်ကိုတိုင်းလိုလိုပင် သာ၍ကြီးမားသောတာဝန်များကိုထမ်းဆောင်နိုင်ရန် အရည်အချင်းတစ်မျိုးမဟုတ်တစ်မျိုးရှိသည်။ ညီအစ်ကိုများစွာသည် ဝိညာဉ်ရေးအရ တိုးတက်လာနေပြီး အသင်းတော်အကြီးအကဲများ၏ လမ်းပြမှုနှင့် မေတ္တာပါသောအကူအညီအားဖြင့် ဆက်ကြီးထွားနေဖို့လိုသည်။ ဤသူတို့သည် ကျမ်းစာနှင့်ကျွန်ုပ်တို့၏စာပေစာတမ်းများကို အပတ်တကုတ်လေ့လာသူများဖြစ်သင့်သည်။ သူတို့သည်ဝိညာဉ်တော်ခန့်အပ်ခံ အကြီးအကဲများကိုလက်အောက်ခံခြင်းအားဖြင့်သော်လည်းကောင်း၊ သူတို့၏ယုံကြည်ခြင်းကို အတုယူခြင်းဖြင့်သော်လည်းကောင်း၊ ကြီးကြပ်မှူးများ၌ရှိသောအရည်အချင်းများကို ပြုစုပျိုးထောင်ခြင်းဖြင့်သော်လည်းကောင်း မိမိတို့၏စေတနာစိတ်ကို တင်ပြနိုင်ကြသည်။—ဟေဗြဲ ၁၃:၇၊ ၁၇။
▪ အချိန်ပြည့်လုပ်ငန်းကို ထမ်းဆောင်ခြင်း– အသင်းတော်သည် အဓိကအားဖြင့် သတင်းကောင်းဟောပြောခြင်းကိုလုပ်ဆောင်ပါသည်။ (မ. ၂၄:၁၄) ဇွဲလုံ့လရှိသူများသည် ရှေ့ဆောင်များအဖြစ် ကြိုးစားအားထုတ်ကြခြင်းသည် မည်မျှကောင်းလှသည်တကား! ယင်းသို့ပြုလုပ်ရန် သူတို့၏ကိုယ်ရေးကိုယ်တာကို ပြုပြင်ပြောင်းလဲပေးကြရသည်။ ဤအထူးလယ်ကွင်းလုပ်ငန်းတွင် ဆက်လက်ပါဝင်နိုင်ရန်ထပ်ဆင့်ပြုပြင်မှုများလိုပေမည်။ ခေတ္တပေါ်ပေါက်သောစိတ်ဓာတ်ကျဆင်းမှုကြောင့် တစ်နှစ်၊ နှစ်နှစ်အကြာတွင် ဤအခွင့်အရေးကို လက်လွှတ်လိုက်မည့်အစား ဆုပ်ကိုင်ထားသူတို့သည် ယေဟောဝါ၏ကြွယ်ဝသောကောင်းချီးများကို အမှန်ခံစားရလိမ့်မည်။ မေတ္တာရှိသောအကြီးအကဲများနှင့် အခြားပါရမီရင့်ကျက်သူများသည် ရှေ့ဆောင်များအား နှုတ်နှင့်အပြုအမူအားဖြင့် အားပေးကာ အောင်မြင်စေနိုင်သည်။ ကျောင်းထွက်သည်နှင့်ရှေ့ဆောင်လုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ကြသော လူငယ်များ၏စိတ်ဓာတ်သည် ချီးကျူးစရာကောင်းလှပါသည်တကား။ မိမိတို့၏လောကီလုပ်ငန်းတာဝန်များ လျော့ပေါ့သွားသည်နှင့်အမျှ မှန်မှန်ရှေ့ဆောင်ကြသော လူကြီးများကိုလည်း ထပ်တူချီးကျူးသင့်သည်။ စုသိမ်းခြင်းလုပ်ငန်းကို ယေဟောဝါအလျင်အမြန်ပြီးစီးစေသည့်အခါ ဆက်ကပ်အပ်နှံသောခရစ်ယာန်တစ်ဦးသည် ဤသို့ဝိုင်းဝန်းဆောင်ရွက်လျှင် စိတ်ကျေနပ်မှု အမှန်ရရှိသည်တကား!—ဟေရှာ. ၆၀:၂၂။
▪ စည်းဝေးရာအရပ်များကို ဆောက်လုပ်ခြင်းနှင့်ထိန်းသိမ်းခြင်း၌ ပါဝင်ခြင်း– ခေတ်မီနိုင်ငံတော်ခန်းမများနှင့် စည်းဝေးပွဲခန်းမများကို ရာနှင့်ချီဆောက်လုပ်ပြီးပြီ။ အံ့ဩစရာကား၊ မိမိတို့အချိန်နှင့် ကျွမ်းကျင်မှုများကို စေတနာစိတ်နှင့်ပေးဆက်ကာ ဝိုင်းဝန်းကူညီသောညီအစ်ကိုညီအစ်မများက အဓိကလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ (၅ ရာ. ၂၈:၂၁) လုပ်ဆောင်စရာလိုအပ်သော အဘယ်အလုပ်ကိုမဆို လုပ်ဆောင်ခြင်းအားဖြင့် ဤအဆောက်အဦများကို ထောင်နှင့်ချီသော စေတနာစိတ်ရှိလုပ်သားများက ပြုပြင်မွမ်းမံထားပြီ။ (၆ ရာ. ၃၄:၈) ဤလုပ်ငန်းသည် မြင့်မြတ်သောဝတ်ပြုမှု၏ ကဏ္ဍတစ်ခုဖြစ်သောကြောင့် အကူအညီပေးသူများသည် စေတနာစိတ်နှင့် မိမိတို့လုပ်အားကိုပေးကြရာ ယင်းအတွက် စိုက်သုံးငွေမတောင်းဆိုပါ။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းအတွက်၊ အသင်းတော်တွင် လူထုဟောပြောချက်ပေးဖို့အတွက်၊ စည်းဝေးပွဲလုပ်ငန်းတွင် အကူအညီပေးသည့်အတွက် အခငွေ မတောင်းဆိုသကဲ့သို့ သူတို့ပြုမူကြသည်။ ဤစေတနာ့ဝန်ထမ်းများသည် ယေဟောဝါအားချီးမွမ်းထောမနာပြုရန် ဝတ်ပြုရာအရပ်များကို စီမံဆောက်လုပ်ဖို့အတွက် သူတို့၏မစကူညီမှုကို အခမဲ့ပေးလှူကြသည်။ ဥပဒေအရရေးဆွဲရသော စာချုပ်စာတမ်းများ ပြည့်စုံအောင်လုပ်ခြင်း၊ မှတ်စုမှတ်တမ်းများကို စာရင်းယူခြင်း၊ ဝယ်ခြမ်းရေးအတွက် အဆက်အသွယ်ပြုလုပ်ခြင်း၊ ဆောက်လုပ်ရေးပစ္စည်းပစ္စယ မည်မျှလိုအပ်မည်ကို တွက်ချက်ခြင်း အစရှိသည်တို့တွင် သူတို့စိတ်ထက်သန်စွာ အကူအညီပေးကြသည်။ ယေဟောဝါ၏ ဤသစ္စာရှိကျေးကျွန်များသည် အပိုကုန်ကျစရိတ်တစ်မျိုးတစ်မည်ကို ပေါင်းထည့်မည်မဟုတ်ပါ။ သူတို့၏စွမ်းရည်များနှင့် အစွမ်းအစများအားလုံးကို ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသောကြောင့် ပေးဆက်ရသောသူတို့၏အကူအညီအတွက် တိုက်ရိုက်နည်းအားဖြင့်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးအမြတ်ထုတ်မည်မဟုတ်ပါ။ (ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ ၁၉၉၂ ဖေဖော်ဝါရီ၊ စာမျက်နှာ ၄၊ အပိုဒ် ၁၀ [လိပ်] ရှု။) ဤလုပ်ငန်းတွင် ယေဟောဝါ၏အမှုတော်ကို “စေတနာစိတ်နှင့်” အမှုဆောင်သော ဝီရိယရှိလုပ်သားများလိုအပ်သည်။—ကော. ၃:၂၃။
၁၅ သို့ဖြစ်လျှင် ယေဟောဝါလူများ၏ စေတနာစိတ်ကို အဘယ်အရာက ထူးခြားစေသနည်း။ ပေးကမ်းခြင်း စိတ်ဓာတ်က ထူးခြားစေသည်။ သူတို့ ရက်ရက်ရောရောပေးကမ်းသည့်အရာများတွင် ကြေးငွေ သို့မဟုတ် ဥစ္စာပစ္စည်းများမက ‘စေတနာစိတ်နှင့် သူတို့ကိုယ်ကိုသူတို့ဆက်သ’ ခြင်းပါဝင်သည်။ (ဆာ. ၁၁၀:၃) ယင်းသည် ယေဟောဝါထံ ကျွန်ုပ်တို့ဆက်ကပ်အပ်နှံခြင်း၏ အနှစ်သာရဖြစ်သည်။ ကျွန်ုပ်တို့သည် အထူးနည်းတစ်မျိုးဖြင့်ကောင်းချီးရကြသည်။ အကြောင်းမှာ ကျွန်ုပ်တို့ပြုလုပ်သမျှကို အခြားသူများ တန်ဖိုးထားလေးမြတ်ပြီး အပြန်အလှန်ပေးကြသောကြောင့် ‘ပျော်ရွှင်မှုပိုမို’ ရရှိရုံမက ‘များစွာရိတ်သိမ်း’ ခွင့်ရရှိသည်။ (တ. ၂၀:၃၅; ၂ ကော. ၉:၆; လု. ၆:၃၈) “စေတနာစိတ်နှင့်လှူသောသူကို . . . နှစ်သက်တော်မူ” သောကောင်းကင်ခမည်းတော် ယေဟောဝါသည် ကျွန်ုပ်တို့၏အကြီးမြတ်ဆုံးသောကျေးဇူးရှင်ဖြစ်တော်မူသည်။ (၂ ကော. ၉:၇) ကိုယ်တော်သည် ကျွန်ုပ်တို့အား ထာဝရကောင်းချီးများနှင့်အတူ အဆတစ်ရာပြန်ပေးတော်မူမည်။ (မာလ. ၃:၁၀; ရော. ၆:၂၃) ထိုကြောင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် အခွင့်အရေးများရရှိသည့်အခါ သင်သည် စိတ်လိုကိုယ်လျောက် စေတနာ့ဝန်ထမ်းပြီး ဟေရှာယနည်းတူ ဤသို့ဖြေဆိုမည်လော– “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ။”—ဟေရှာ. ၆:၈။