ရဲရင့်စွာဟောပြောလော့
၁ မကြာမီ နှစ်များအတွင်း အချို့နေရာများရှိ ကြေညာသူများသည် အိမ်တွင် လူများကို ဟောပြောရန်အခွင့်အရေး ပို၍နည်းနေသည်ကို တွေ့ရှိကြရ၏။ သူတို့၏ရပ်ကွက်တွင် တစ်အိမ်မှတစ်အိမ်သွားသည့်အခါ လူမရှိသောအိမ် ရာခိုင်နှုန်း ၅၀ ကျော်ရှိသည်ဟု ဆိုကြ၏။ ယင်းကြောင့် အချိန်သာကုန်၍ အကျိုးမဖြစ်ထွန်းသည်ကများသည်။
၂ လွန်ခဲ့သောနှစ်များစွာက လူအများသည် တနင်္ဂနွေနေ့ကို အနားယူရာနေ့ဟုသတ်မှတ်ကာ အိမ်တွင်ရှိကြ၏။ သို့သော် ဤထုံးစံသည် ပြောင်းလဲလေပြီ။ ယနေ့ လူတို့သည် ဤနေ့ရက်တွင် ဝမ်းစာရှာလုပ်ငန်းလုပ်ကိုင်၏၊ ဈေးဝယ်ခြမ်းရေးစသည့် အိမ်မှုကိစ္စများပြု၏ သို့မဟုတ် အိမ်ပြင်ထွက်ပြီး အပန်းဖြေတတ်ကြသည်။ ထို့ကြောင့် တနင်္ဂနွေနေ့တွင်ပင် အိမ်များ၌ လူတို့နှင့်တွေ့ဆုံဟောပြောရန်မှာ ပြဿနာဖြစ်လာသည်။
၃ လူတို့သည် အိမ်တွင်မရှိကြသည့်အခါ အခြားတစ်နေရာရာ၌ ရောက်နေကြမည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ လူတို့ကိုဟောပြောရန်ဖြစ်သောကြောင့် လမ်းပေါ်၊ ဈေးတွင်၊ သို့မဟုတ် လုပ်ငန်းခွင်၌ တွေ့ဆုံသူများကို ကြိုးစားဟောပြောပါ။ ပေါလုသည် “တွေ့ကြုံသောသူတို့” ကိုသက်သေခံသည့်ထုံးစံရှိသည်။ (တ. ၁၇:၁၇) ဤသို့ပြုခြင်းသည် ထိုစဉ်က အကျိုးဖြစ်ထွန်းသောသက်သေခံနည်း ဖြစ်ခဲ့သကဲ့သို့ ယနေ့လည်း အကျိုးဖြစ်ထွန်းသောသက်သေခံနည်းဖြစ်၏။
၄ ကျွန်ုပ်တို့ တစ်အိမ်မှတစ်အိမ်သွားသည့်အခါ အမှတ်မဲ့သွားလာနေသူများ သို့မဟုတ် တစ်ဦးတစ်ယောက်ကို စောင့်နေသူများကို တွေ့ မြင်တတ်သည်။ ရာသီအခြေအနေ ကောင်းသောနေ့တစ်နေ့တွင် ပန်းခြံ၌ထိုင်နေသူ၊ ကားပြင် သို့မဟုတ် ကားဆေးသူများကို တွေ့ရှိတတ်သည်။ လက်ဆုံစကားပြောဆိုရန် ခင်မင်သောအပြုံးနှင့် ဖော်ရွေစွာနှုတ်ဆက်ရန်သာ လိုပေမည်။ အနီးအနားတွင်နေထိုင်သူတစ်ဦးဖြစ်ပါက သူတို့အိမ်တွင် မတွေ့လိုက်ရသော်လည်း ယခုတွေ့ဆုံစကားပြောဆိုခွင့်ရသဖြင့် ဝမ်းသာကြောင်း ပြောပြပါ။ သတ္တိအနည်းငယ်မွေးပြီး စတင်စကားပြောလိုက်ခြင်းအားဖြင့် အကျိုးဖြစ်ထွန်းသောတွေ့ကြုံမှုများရရှိခဲ့သူ များစွာရှိ၏။
၅ ရဲရင့်ခြင်းက အကျိုးရလဒ်ပေါ်ထွန်းစေ– ညီအစ်ကိုတစ်ဦးသည် လမ်းပေါ်တွင် ရပ်နေသူ၊ ဘတ်စကားစောင့်နေသူ၊ စိမ်ပြေနပြေလမ်းလျှောက်နေသူ၊ သို့မဟုတ် ကားတွင်ထိုင်နေသူများထံသို့ ချဉ်းကပ်ဟောပြောကြောင်း ပြောပြသည်။ သူသည် လာရောက်တွေ့ဆုံသော မိတ်ဆွေတစ်ဦးပမာ ဖော်ရွေသောအပြုံးနှင့် ကြည်လင်ရွှင်ပျသောအသံဖြင့် သူတို့ထံချဉ်းကပ်ပါသည်။ ဤနည်းဖြင့် စာအုပ်စာတမ်းများစွာကို သူဝေငှနိုင်ခဲ့ရုံမက ကျမ်းစာသင်အံမှုများစွာကိုလည်း စနိုင်ခဲ့ပြီ။
၆ အခြားညီအစ်ကိုတစ်ဦးသည် သူ၏ဇနီးနှင့်အတူ တစ်အိမ်မှတစ်အိမ်သွားနေစဉ် ဈေးဝယ်ကာ အိတ်ကြီးနှင့်သယ်လာသည့် အမျိုးသမီးတစ်ဦးကို တွေ့ဆုံလေသည်။ ထိုအခါ သူတို့က မိသားစုလိုအပ်ရာအတွက် ဤမျှကြိုးစားပမ်းစားပြုစုပေးခြင်းကို ချီးမွမ်းပြောဆိုလိုက်သည်။ “ဒါပေမဲ့ လူသားအပေါင်းရဲ့ လိုအပ်ရာကို ဘယ်သူဖြည့်စွက်ပေးနိုင်မလဲ” ဟုမေးမြန်းသည်နှင့် ထိုအမျိုးသမီး၏စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ခဲ့၏။ တစ်ခဏသာ အပြန်အလှန်စကားပြောဆိုရာမှ သူမက မိမိအိမ်သို့ဖိတ်ခေါ်လေရာ ကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်ခဲ့သည်။
၇ ထို့ကြောင့် တနင်္ဂနွေနေ့ သို့မဟုတ် ကြားရက်တစ်နေ့နေ့တွင် နောက်တစ်ကြိမ် တစ်အိမ်မှတစ်အိမ် သက်သေခံထွက်သည့်အခါ အိမ်များတွင် လူမတွေ့ပါက သတ္တိအနည်းငယ်မွေးပြီး လမ်းပေါ် သို့မဟုတ် အခြားတစ်နေရာရာတွင် သင်တွေ့ဆုံသောသူတို့အား ဟောပြောကြည့်ပါ။ (၁ သက်. ၂:၂) သင့်ဓမ္မအမှုသာ၍ဖြစ်ထွန်းသည်ကိုတွေ့ရှိရပြီး လုပ်ငန်းတော်၌ ပျော်ရွှင်မှုပိုရရှိပေမည်။