ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၆ စာ. ၃-၆
  • သတင်းကောင်းကို နေရာတိုင်း၌ဟောပြောပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းကို နေရာတိုင်း၌ဟောပြောပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • လူအများရှေ့သက်သေခံခြင်း အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • စီးပွားရေးရပ်ကွက်တွင် ဟောပြောပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • သင် အလွတ်သဘောသက်သေခံနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၉/၉၆ စာ. ၃-၆

သတင်းကောင်းကို နေရာတိုင်း၌ဟောပြောပါ

၁ ကနဦးခရစ်ယာန်များသည် သတင်းကောင်းကို နေရာတိုင်း၌ဟောခဲ့သည်။ သူတို့သည်ယေရှုခရစ်ထမြောက်ပြီး အနှစ် ၃၀ အတွင်း ဇွဲရှိရှိဖြင့် နိုင်ငံတော်သတင်းကို “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောခဲ့” ကြသည်။—ကော. ၁: ၂၃။

၂ ယနေ့ယေဟောဝါ၏ ဇွဲရှိသောကျေးကျွန်များ၌ နိုင်ငံတော်သတင်းကောင်းကို လူတိုင်းထံအတတ်နိုင်ဆုံးရောက်ရှိရန်—ထပ်တူရည်မှန်းချက်မျိုးရှိကြသည်။ ဤရည်မှန်းချက်အောင်မြင်ရန် ကျွန်ုပ်တို့ကို ဘာကကူညီပေးနိုင်သနည်း။ တိုး၍တိုး၍များလာသောလူတို့သည် အချိန်ပြည့်အလုပ်လုပ်နေကြပြီး ကျွန်ုပ်တို့သွားသည့်အခါ အိမ်များ၌တွေ့ရလေ့မရှိပါ။ အလုပ်မလုပ်ဘဲနေသည့်အချိန်တွင် ခရီးသွားခြင်း၊ စျေးဝယ်ခြင်း၊ အပန်းဖြေမှုပုံစံအချို့ကိုလိုက်စားခြင်း တို့ကိုပြုလုပ်ပေမည်။ သူတို့အထဲမှထိုက်တန်သူများထံ နိုင်ငံတော်သတင်း မည်သို့ရောက်ရှိနိုင်သနည်း။—မ. ၁၀: ၁၁။

၃ တချို့သောသူတို့ကို သူတို့၏အလုပ်ဌာန၌ တွေ့ဆုံကြရသည်။ မြို့ငယ်များတွင်ပင် လူအများ တစ်နေ့လုံးလိုလိုအလုပ်လုပ်ရသော အလုပ်ဌာနရှိသည်။ မြို့ကြီးများတွင် စက်မှုနှင့်စီးပွားရေးသီးသန့်ဒေသ သို့မဟုတ် အထပ်များသောရုံးအဆောက်အဦတို့တွင် အလုပ်လုပ်နေကြသောသူတို့နှင့် အထူးလုံခြုံရေးချထားသောအဆောက်အဦများတွင် နေထိုင်သူများစွာသည် ပထမဆုံးအကြိမ်အဖြစ်—သက်သေခံရသည်။ ရက်သတ္တပတ်၏အဆုံးနေ့ရက်များတွင် ပန်းခြံများ၊ အပန်းဖြေနေရာများ၊ ယာယီနေထိုင်ရာစခန်းများ သို့မဟုတ် အပန်းဖြေအိမ်ငယ်ကလေးများတွင် အနားယူနေစဉ်၊ ကားရပ်သည့်နေရာ သို့မဟုတ် အရောင်းဆိုင်များတွင် စောင့်နေစဉ်တွေ့ဆုံကြရသည့်လူအချို့တို့၌ သတင်းကောင်းကို တလိုတလားရှိသည်ကိုတွေ့ရပါသည်။

၄ ကြေညာသူအတော်များများသည် လူတို့ကိုတွေ့နိုင်သည့် လူအများရှိရာ မည်သည့်နေရာ၌မဆို သက်သေခံရန် အစွမ်းကုန်ကြိုးစားအားထုတ်ကြသည်။ အစပိုင်းတွင် ဤသက်သေခံများသည် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းကိုသာ ပုံမှန်လုပ်လေ့လုပ်ထရှိသောကြောင့် တွန့်ဆုတ်ပြီးအနည်းငယ်ကြောက်ရွံ့ ကြသည်။ ယခု သူတို့ မည်သို့ခံစားကြရသနည်း။

၅ “အဲ့ဒီလုပ်ငန်းက ကျွန်တော့်ဓမ္မအမှုကို ပြန်ပြီးအားတက်စေပါတယ်!” ဟု လယ်ကွင်းလုပ်ငန်း အတွေ့အကြုံရှိညီအစ်ကိုတစ်ဦးကပြောသည်။ နောက်ထပ်ညီအစ်ကိုတစ်ဦးက–“အဲ့ဒီလုပ်ငန်းက ကျွန်တော်ကိုအာရုံပျံ့မသွားအောင်ထိန်းပေးပါတယ်” ဟုပြောသည်။ သက်ကြီးရှေ့ဆောင်တစ်ဦးက– “စိတ်ပိုင်း၊ ကာယရေး၊ ဝိညာဉ်ရေးမှာ သန်စွမ်းကြံ့ခိုင်စေပြီး . . . ဆက်လက်တိုးတက်လျက်ရှိနေပါတယ်” ဟုထုတ်ဖော်ပြောသည်။ ယခင်က ယေဟောဝါသက်သေများနှင့် တစ်ခါမျှ စကားမပြောဖူးသည့်သူများစွာထံ ယခုမိမိရောက်ရှိနေကြောင်း ကြေညာသူတစ်ဦးကရှင်းပြသည်။ လူငယ်များသည်လည်း ဤရွှင်လန်းဖွယ်လုပ်ငန်းတွင် အားတက်သရော ကြိုးစားလုပ်ဆောင်နေကြသည်။ လူငယ်တစ်ဦးက သူ့ကိုယ်သူ ဤသို့ပြောသည်– “လူများစွာကိုဟောပြောရတဲ့အတွက် သိပ်ပျော်တယ်။” အခြားတစ်ဦးကဤသို့ပြောသေးသည်– “ကျွန်တော် တစ်ခါမှ ဒီလောက်စာပေတွေမဝေငှခဲ့ရဖူးဘူး။” ဤအရာအားလုံးသည် ထပ်ခါတလဲလဲအမှုဆောင်ရသည့်ရပ်ကွက်တွင် ဖြစ်ပျက်နေခြင်းပင်ဖြစ်သည်။

၆ နယ်လှည့်ကြီးကြပ်မှူးများဦးဆောင်နေ– “ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက်တတ်” ကြောင်းအသိအမှတ်ပြုသောကြောင့် အဖွဲ့အစည်းသည် လူများများထံ သတင်းကောင်းရောက်ရှိနိုင်ရန် တစ်ပတ်ထက်တစ်ပတ် လယ်ကွင်းလုပ်ငန်းတော်အစီအစဉ်ကို ပြုပြင်ပြောင်းလဲသွားဖို့ နယ်လှည့်ကြီးကြပ်မှူးများအား မကြာမီကအကြံပြုခဲ့သည်။ (၁ ကော. ၇:၃၁) နှစ်များစွာတစ်လျှောက် တိုက်နယ်ကြီးကြပ်မှူးများသည် မွန်းလွဲပိုင်းကို ပြန်လည်ပတ်မှုပြုလုပ်ရန်နှင့် အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပရန် အလေးထားစဉ် ရက်သတ္တပတ်၏အလုပ်ဆင်းရက်နံနက်ပိုင်းများကို တစ်အိမ်မှတစ်အိမ်လုပ်ငန်းအတွက် သတ်မှတ်ထားကြသည်။ အချို့သောဒေသများ၌ ထိုအစီအစဉ်သည် လက်တွေ့ကျဆဲဖြစ်ကောင်းဖြစ်ပေမည်။ အခြားဒေသများတွင် ရက်သတ္တပတ်၏အလုပ်ဆင်းရက်နံနက်ပိုင်းအချို့တွင် တစ်အိမ်မှတစ်အိမ်လုပ်ဆောင်ခြင်းသည် အနည်းငယ်သာအောင်မြင်နေပေမည်။ ထိုသို့သောအခြေအနေများတွင် နေ့၏စောစောပိုင်း၌ တစ်ဆိုင်မှတစ်ဆိုင် သို့မဟုတ် လမ်းပေါ်သက်သေခံခြင်းတွင် ပါဝင်ခြင်းသည်ကောင်းမည်ဟု နယ်လှည့်ကြီးကြပ်မှူးက ဆုံးဖြတ်ပေမည်။ သို့မဟုတ် အထပ်များသောရုံးအဆောက်အဦ၊ စျေးဆိုင်တန်း၊ ကားရပ်သည့်နေရာ သို့မဟုတ် အခြားလူအများစုရှိသည့်နေရာများတွင် သက်သေခံရန် အုပ်စုငယ်များကို စီစဉ်ပေမည်။ ကြေညာသူများ လယ်ကွင်းလုပ်ငန်းတော်အတွက် ရနိုင်သောအချိန်ကို ပို၍ထိရောက်စွာအသုံးပြုခြင်းဖြင့် မြောက်မြားစွာသောလူများနှင့် အဆက်အသွယ်ရပေမည်။

၇ ဤပြုပြင်ပြောင်းလဲမှုကို နယ်လှည့်ကြီးကြပ်မှူးများနှင့် ကြေညာသူများက ကောင်းစွာတုံ့ပြန်ကြကြောင်း မှတ်တမ်းများကပြပါသည်။ အကြီးအကဲအဖွဲ့အတော်များများသည် အာရုံစိုက်ရန်လိုအပ်သည့် ဒေသဆိုင်ရာလုပ်ငန်းတော်ကဏ္ဍများတွင် ကြေညာသူအနည်းငယ်ကို လေ့ကျင့်ပေးရန် တိုက်နယ်ကြီးကြပ်မှူးကို ဖိတ်ခေါ်ခဲ့ကြသည်။ ဤလုပ်ဆောင်မှုများထဲမှတစ်ခုတွင် နယ်လှည့်ကြီးကြပ်မှူးနှင့် အတူတွဲဖက်လုပ်ဆောင်ခြင်းသည် ဤကြေညာသူများအတွက် အကူအညီရရှိစေသည်။ သူတို့သည် အခြားသူများကို တစ်ဖန်ပြန်၍လေ့ကျင့်ပေးနိုင်သည်။ (၂ တိ. ၂:၂) ရလဒ်အနေနှင့် ယခုအခါ များစွာသောလူတို့ထံ သတင်းကောင်းရောက်ရှိနေပြီဖြစ်သည်။

၈ မှန်ပါသည်၊ သင့်တွင် ဟောပြောခြင်းလုပ်ငန်း၏ နည်းလမ်းအချို့ကို စမ်းသုံးကြည့်ဖို့ တိုက်နယ်ကြီးကြပ်မှူး၏လည်ပတ်မှုကို စောင့်မျှော်နေရန်မလိုပါ။ ဤတွင် သင့်ရပ်ကွက်၌ လက်တွေ့အသုံးပြုနိုင်မည့် အမျိုးမျိုးသော အကြံဉာဏ်များပေးထားပါသည်–

၉ လမ်းပေါ်သက်သေခံခြင်း– အိမ်တွင် လူမရှိတတ်သည့်ရပ်ကွက်သို့ ရက်သတ္တပတ်၏အလုပ်ဆင်းရက်နံနက်ပိုင်းတွင် အလည်သွားစဉ် ‘လူအများစုဘယ်နေရာမှာရှိနေကြသနည်း’ ဟု ကျွန်ုပ်တို့တစ်ခါတစ်ရံအံ့သြကြသည်။ အချို့တို့သည် အလုပ်ဖြင့်သွားလာနေရခြင်း သို့မဟုတ် စျေးသွားဝယ်နေခြင်းဖြစ်ပေမည်။ သူတို့ထံရောက်ရှိရန် လမ်းပေါ်သက်သေခံခြင်းကို သင်စမ်းကြည့်ဖူးသလော။ ယင်းကိုစေ့စေ့စပ်စပ်လုပ်ဆောင်သောအခါ ဓမ္မအမှု၏ဤကဏ္ဍသည် အကျိုးများစွာဖြစ်ထွန်းနိုင်သည်။ မဂ္ဂဇင်းများနှင့်တစ်နေရာတွင် ရပ်နေမည့်အစား လူတို့ထံချဉ်းကပ်ပြီးဖော်ရွေစွာဖြင့် အစပြုစကားပြောဆိုခြင်းသည် အကောင်းဆုံးဖြစ်သည်။ လမ်းသွားလမ်းလာတိုင်းကို သက်သေခံရန်မလိုပါ။ သုတ်သီးသုတ်ပျာဖြစ်သူများကိုမဟုတ်ဘဲ ဆိုင်တွင် ပစ္စည်းများလိုက်လံကြည့်ရှုသူများ၊ ရပ်ထားသည့်ယာဉ်ထဲရှိလူများ၊ လူထုပို့ဆောင်ရေးယာဉ်စောင့်နေသူများကို ပြောပါ။ အစဦးဆုံး၊ သင်သည် ဖော်ရွေသောနှုတ်ဆက်စကားဖြင့် ကမ်းလှမ်းရုံမျှသာပြုလုပ်ပြီး တုံ့ပြန်မှုကိုစောင့်ပါ။ ထိုသူသည် စကားပြောဖို့ဆန္ဒရှိပါက သူစိတ်ဝင်စားမည်ဟု သင်ယူဆသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး သူ၏ထင်မြင်ချက်ကိုမေးပါ။

၁၀ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးသည် သူနှင့်သူ၏ဇနီးတို့နှင့်အတူ လမ်းပေါ်သက်သေခံခြင်းကို ပူးပေါင်းလုပ်ဆောင်ရန် ကြေညာသူခြောက်ဦးအား ဖိတ်ခေါ်ခဲ့သည်။ မည်သည့်အကျိုးရရှိခဲ့သနည်း။ “အထူးကောင်းမွန်တဲ့နံနက်ပါပဲ!” ဟုသတင်းပို့ခဲ့သည်။ “အိမ်မှာလူမရှိတဲ့ပြဿနာမျိုးမရှိခဲ့ဘူး။ မဂ္ဂဇင်းအစောင်ရှစ်ဆယ်နဲ့ ဝေစာအများကြီးဝေငှခဲ့ရပါတယ်။ လှုံ့ဆော်မှုဖြစ်စေတဲ့စကား အတော်များများပြောရပါတယ်။ ပထမဆုံးအကြိမ် လမ်းပေါ်သက်သေခံခြင်းတွင် ပါဝင်ခဲ့သည့်ကြေညာသူတစ်ဦးက ဤသို့ပြောခဲ့သည်– ‘ကျွန်တော် သမ္မာတရားမှာ နှစ်ပေါင်းများစွာရှိခဲ့ပြီး အခွင့်ထူးကြီးကိုလက်လွတ်နေမှန်း မသိခဲ့ရဘူး!’ ရက်သတ္တပတ်အကုန်တွင် အသင်းတော်၌ပိုလျှံနေသောမဂ္ဂဇင်းများ ကုန်သွားခဲ့သည်။”

၁၁ နောက်အသင်းတော်တစ်ခုတွင် အမှုဆောင်စဉ်၊ နံနက်အစောပိုင်းလမ်းပေါ်သက်သေခံခြင်း၌ ကြေညာသူအများစုပါဝင်ခဲ့ပြီး အောင်မြင်မှုအတော်အသင့်သာ ရရှိခဲ့ကြောင်း ထိုနယ်လှည့်ကြီးကြပ်မှူးသိရှိခဲ့သည်။ ညီအစ်မတစ်ဦးသည် လူတိုင်းလိုလို အလုပ်သို့လျင်မြန်စွာသွားနေသည့် သူများနှင့်တွေ့ရသောကြောင့် သက်သေခံသည့်အချိန်တစ်လျှောက်လုံး လူနှစ်ဦးနှင့်သာ ပြောခဲ့ရသည်။ ထိုလမ်းသို့ နံနက်ပိုင်းအနည်းငယ်နောက်ကျပြီး ပြန်သွားရန် နယ်လှည့်ကြီးကြပ်မှူးအကြံပေးခဲ့သည်။ ထိုအတိုင်းလုပ်ခဲ့ပြီး မွန်းတည့်အထိဆက်လုပ်ခဲ့ကြသည်။ နံနက်အစောပိုင်းတွင် လူနှစ်ဦးနှင့်သာစကားပြောခဲ့ရသောညီအစ်မသည် ပြန်သွားသောအချိန်၌ ပို၍ပြောခွင့်ရခဲ့သည်။ ထိုညီမသည် မဂ္ဂဇင်း ၃၁ စောင်နှင့် ဘရိုရှာ ၁၅ စောင်ဝေငှခဲ့ရပြီး လူခုနှစ်ဦး၏ အမည်နှင့်လိပ်စာကိုလည်း ရရှိကာ အိမ်တွင်းကျမ်းစာသင်အံမှု နှစ်ခုကိုစတင်နိုင်ခဲ့ပါသည်တကား! အုပ်စုရှိအခြားသူတို့တွင်လည်း အလားတူ အားရှိဖွယ်အကျိုးများဖြစ်ထွန်းခဲ့ကြပါသည်။

၁၂ စိတ်ဝင်စားမှုတင်ပြသူတစ်ဦးကို သင်တွေ့သောအခါ သူ၏အမည်၊ လိပ်စာ နှင့် တယ်လီဖုန်းနံပါတ်ကို ရအောင်ကြိုးစားပါ။ အချက်အလက်များကို တိုက်ရိုက်မေးမည့်အစား သင်ဤသို့ပြောနိုင်သည်– “ဒီလိုစကားပြောရတာသိပ်ပျော်ပါတယ်။ တခြားအချိန်မှာ ဆက်ပြီးစကားပြောနိုင်ဖို့ နည်းလမ်းတစ်ခုခုမရှိနိုင်ဘူးလား။” သို့မဟုတ် ဤသို့မေးပါ– “ခင်ဗျားအိမ်ကို ကျွန်တော်ရောက်အောင်လာနိုင်ဖို့ နည်းလမ်းတစ်ခုခုကောမရှိနိုင်ဘူးလား။” ဤနည်းဖြင့်အဆက်အသွယ်ရသည့် လူများစွာတို့သည် သူတို့ထံပြန်လည်ပတ်ရန် သဘောတူကြသည်။ စည်းဝေးများကို တက်ရောက်လိုသူများအတွတ် ဖိတ်ခေါ်ရာတွင် လက်ကမ်းဝေစာအလုံအလောက်ရှိရန် သေချာစေပါ။

၁၃ အကယ်၍ အခြားအသင်းတော်၏ခန့်အပ်ခံရပ်ကွက်ရှိ စိတ်ဝင်စားသူတစ်ဦးကို ပြောရလျှင် ညီအစ်ကိုများဆက်သွားနိုင်ရန် အချက်အလက်များကို လွှဲပြောင်းပေးသင့်သည်။ သင့်ဒေသတွင် သတင်းကောင်းကျယ်ပြန့်စေရန် လမ်းပေါ်သက်သေခံခြင်းသည် ထိရောက်သောနည်းဖြစ်ပါသလော။ သို့ဖြစ်ပါက ၁၉၉၄ ဇူလိုင်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု (လိပ်) ပါ “ထိရောက်သောလမ်းပေါ်သက်သေခံခြင်းအားဖြင့် စိတ်ဝင်စားသူများကို ရှာဖွေခြင်း” ဆောင်းပါးကိုပြန်သုံးသပ်ပါ။ ထို့နောက် လူများများထံရောက်နိုင်မည့် သင့်လျော်သောအချိန်တွင် လမ်းပေါ်သက်သေခံခြင်းလုပ်ဆောင်ရန်စီစဉ်ပါ။

၁၄ လူထုသယ်ယူပို့ဆောင်ရေး ယာဉ်များတွင် သက်သေခံခြင်း– နံနက်ခင်းတစ်ခုတွင် ရှေ့ဆောင်အချို့သည် ဒေသကောလိပ်အနီး ဘတ်စကားစောင့်နေသူများကို သက်သေခံရန်ဆုံးဖြတ်ခဲ့ကြသည်။ ပျော်ရွှင်ဖွယ် အပြန်အလှန်စကားပြောနေစဉ် ပြဿနာတွေ့ရသည်။ ဆွေးနွေးနေချိန်အတွင်း ဘတ်စကားလာတော့မည်ဖြစ်၍ လှုပ်လှုပ်ရှားရှားဖြစ်လာကြသောကြောင့် စကားကိုရုတ်တရက် ရပ်ပစ်လိုက်ရသည်။ ရှေ့ဆောင်များသည် ဘတ်စကားပေါ်တက်ပြီး မြို့ကိုဖြတ်သွားစဉ် ခရီးသည်တို့အား ဆက်သက်သေခံခြင်းဖြင့် အခက်အခဲကိုဖြေရှင်းခဲ့ကြသည်။ ခရီးစဉ်အဆုံးတွင် ရှေ့ဆောင်များသည် ဘတ်စကားပြန်စီးလာပြီး ကားစီးနေစဉ်သက်သေခံကြပြန်သည်။ ခေါက်တုံ့ခေါက်ပြန်အကြိမ်များစွာကားစီးပြီးနောက် သူတို့ကြိုးစားလုပ်ဆောင်ရာမှ ရခဲ့သည့်အကျိုးရလဒ်များကို စုပေါင်းရေတွက်ကြသည်။ မဂ္ဂဇင်းအစောင် ၂၀၀ ကျော်ဝေငှရပြီး ကျမ်းစာသင်အံမှု ခြောက်ခု အစပြုနိုင်ခဲ့ပါသည်။ အချို့သောခရီးသည်များသည် သူတို့ထံပြန်လည်ပတ်လာနိုင်ရန် လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များကို သူတို့ဆန္ဒအတိုင်းပေးကြသည်။ နောက်တစ်ပတ်တွင် ရှေ့ဆောင်များသည် ကားမှတ်တိုင်သို့ပြန်သွားပြီး ယခင်နည်းအတိုင်းပြုခဲ့ကြသည်။ မဂ္ဂဇင်း ၁၆၄ စောင်နှင့် ကျမ်းစာသင်အံမှုတစ်ခုထက်မက အစပြုနိုင်ခဲ့ကြသည်။ မှတ်တိုင်တစ်ခုတွင် ခရီးသည်တစ်ဦးသည် ဘတ်စကားပေါ်တက်လာပြီးရှေ့ဆောင်နှင့်ကပ်လျက်—ထိုင်ခုံအလွတ်တွင် ထိုင်လိုက်သည်။ ထိုသူသည် ညီအစ်ကိုကိုကြည့်ပြီး ပြုံး၍ဤသို့ပြောသည်– “ခင်ဗျားဆီမှာ ကျွန်တော့်အတွက် ကင်းမျှော်စင် ပါမယ်ဆိုတာကျွန်တော်သိပါတယ်။”

၁၅ ကြေညာသူများစွာတို့သည် ဘတ်စကား၊ ရထား၊ လေယာဉ် တို့ဖြင့်ခရီးသွားစဉ် ထိရောက်စွာသက်သေခံကြသည်။ သင့်ဘေးတွင်ထိုင်သည့်ခရီးသည်နှင့် သင်မည်သို့ စကားစပြောနိုင်သနည်။ အသက် ၁၂ နှစ်ရှိကြေညာသူတစ်ဦးသည် ဘတ်စကားပေါ်တွင် သူ့ဘေးနားထိုင်နေသည့် ဆယ်ကျော်သက်ရွယ်မိန်းကလေး၏ သိချင်စိတ်ကိုလှုံ့ဆော်ပေးရန် မျှော်လင့်ချက်ဖြင့် နိုးလော့! ကိုဖတ်ရုံမျှသာပြုနေသည်။ နှစ်သက်ဖွယ်အကျိုးရလဒ်ကို ရရှိခဲ့ပါသည်တကား! မိန်းကလေးက ဘာဖတ်နေသလဲဟုမေးကာ ကြေညာသူလူငယ်က လူငယ်များရင်ဆိုင်နေရသည့် ပြဿနာဖြေရှင်းနည်းအကြောင်း ဖတ်နေကြောင်းပြန်ဖြေလိုက်သည်။ လူငယ်ကထပ်၍ ဤဆောင်းပါးမှ မိမိအကျိုးများစွာရကြောင်းနှင့် သူမကိုပါကူညီပေးနိုင်ကြောင်း ပြောသည်။ သူမသည် ဝမ်းသာစွာဖြင့် မဂ္ဂဇင်းကိုလက်ခံခဲ့သည်။ သူတို့၏စကားပြောဆိုနေခြင်းကို ​မဂ္ဂဇင်း​များတောင်းခဲ့သည့် အခြားလူငယ်နှစ်ဦးပါကြားခဲ့ကြရသည်။ ဤအခိုက်၊ ဒရိုင်ဘာသည် ကားကို လမ်းဘေးတွင်ထိုးရပ်လိုက်ပြီး မဂ္ဂဇင်းတွေထဲမှာ ဒီလောက်တောင်စိတ်ဝင်စားစရာတွေ ဘာကြောင့်ရှိနေရတာလဲ ဟုမေးခဲ့သည်။ သူသိသွားသောအခါ မဂ္ဂဇင်းတစ်စောင်ကို လက်ခံရယူခဲ့သည်။ မှန်ပါသည်၊ ကြေညာသူလူငယ်တွင် စိတ်ဝင်စားမှုတင်ပြသူတိုင်းကိုဝေငှရန် မဂ္ဂဇင်းအလုံအလောက်သာပါမသွားပါက ဤသို့ဖြစ်နိုင်ခဲ့မည်မဟုတ်ပါ!

၁၆ ပန်းခြံနှင့် ကားရပ်သည့်နေရာများတွင် သက်သေခံခြင်း– ပန်းခြံနှင့် ကားရပ်ထားသည့်နေရာများ၌ သက်သေခံခြင်းသည် လူတို့ထံရောက်ရှိရန် အလွန်ကောင်းသောနည်းတစ်ခုဖြစ်သည်။ စျေးဝယ်ရာနေရာ၏ ကားရပ်ထားသည့်နေရာတွင် သက်သေခံရန် သင်စမ်းကြည့်ဖူးသလော။ အမြဲတမ်း သင့်ပတ်ဝန်းကျင်ကို ခေတ္တခဏကြည့်လိုက်ပါ။ ရေးကြီးသုတ်ပျာဖြစ်မနေသူ သို့မဟုတ် ကားရပ်ထားသည့်နေရာ၌ စောင့်နေသူတစ်ဦးဦးကို ရှာဖွေပြီး ဖော်ရွေစွာဖြင့် မိတ်ဆွေဖွဲ့စကားစမြည်ပြောဆိုရန် ကြိုးစားပါ။ စကားဆက်ပြောဖို့အခွင့်ရလျှင် နိုင်ငံတော်သတင်းကိုဟောပါ။ တစ်ဦးစီလုပ်ဆောင်သော်လည်း အနီးအနားတွင် အခြားကြေညာသူတစ်ဦးလည်း လုပ်ဆောင်နေပေမည်။ ကြီးမားကျယ်ဝန်းသည့်အိတ် သို့မဟုတ်သင့်အလုပ်ကိုအာရုံစူးစိုက်စေမည့် အခြားအရာများကိုရှောင်ပါ။ လိမ္မာပါးနပ်မှုရှိပါ။ ကားရပ်သည့်နေရာတစ်နေရာတွင် အချိန်တစ်ခဏမျှသာအကုန်ခံပြီး နောက်တစ်နေရာကိုရွေ့လိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ တစ်ဦးတစ်ယောက်သည် သင့်အားစကားပြောရန်ဆန္ဒမရှိပါက ယဉ်ကျေးသည့်အမူအရာဖြင့် ဆက်သွားပြီး အခြားသူတစ်ဦးကိုချဉ်းကပ်ရန် ရှာဖွေပါ။ ညီအစ်ကိုတစ်ဦးသည် ဤနည်းများကိုအသုံးပြုပြီး ကားရပ်ထားသည့်နေရာများတွင်သက်သေခံရာ တစ်လအတွင်း မဂ္ဂဇင်းအစောင် ၉၀ ဝေငှခဲ့ရသည်။

၁၇ လူအချို့တို့သည် အနားယူရန်ပန်းခြံသို့သွားကြသည်; အခြားသူများမူ ကစားရန် သို့မဟုတ် မိမိတို့၏ကလေးများနှင့် အချိန်ကိုသုံးရန် သွားတတ်ကြသည်။ သူတို့၏လုပ်ဆောင်မှုများကို လွန်ကဲစွာအနှောင့်အယှက်မဖြစ်စေဘဲ သက်သေခံရန်အခွင့်အရေးကို ရှာဖွေပါ။ ညီအစ်ကိုတစ်ဦးသည် ပန်းခြံစောင့်နှင့် မိတ်ဖွဲ့စကားစမြည်ပြောဆိုခဲ့ပြီး မူးယစ်ဆေးဝါးနှင့် သူ့ကလေးများ၏ အနာဂတ်အတွက် စိုးရိမ်သည်ကိုတွေ့ခဲ့သည်။ အိမ်တွင်းကျမ်းစာသင်အံမှု အစပြုခဲ့ပြီး ပန်းခြံတွင်မှန်မှန်ကျင်းပကြသည်။

၁၈ စတိုးဆိုင်ကြီးများတွင် အလွတ်သဘောသက်သေခံခြင်း– ထိုသို့သောလုပ်ဆောင်မှုများအတွက် ဌာနဆိုင်ရာကန့်သတ်ချက်များရှိသောကြောင့် စတိုးဆိုင်ကြီးများတွင် တစ်ဆိုင်ပြီးတစ်ဆိုင်အလွတ်သဘောဟောရန် အမြဲတမ်းမဖြစ်နိုင်သော်လည်း ကြေညာသူအချို့သည် ထိုသို့သောနေရာတွင် အလွတ်သဘောသက်သေခံရန် အခွင့်အရေးကိုဖန်တီးယူကြသည်။ သူတို့သည် ခုံတန်းလျားတွင်ထိုင်ပြီး အနားယူရန် ရပ်နားနေသူတို့နှင့်ဖော်ရွေစွာ မိတ်ဖွဲ့စကားစမြည်ပြောကြသည်။ စိတ်ဝင်စားမှုတွေ့ရသောအခါ လိမ္မာပါးနပ်စွာဖြင့် ဝေစာ သို့မဟုတ် မဂ္ဂဇင်းတို့ကိုဝေငှကြပြီး ပြန်လည်ပတ်မှုအစီအစဉ်များ ပြုလုပ်ရန်ကြိုးစားကြသည်။ ဆိုင်တန်း၏အပိုင်းတစ်ခုတွင် အချိန်အနည်းငယ်အသုံးပြုပြီးနောက် အခြားသို့ဆက်သွားကာ နောက်တစ်ဦးနှင့် စကားပြောခြင်းဖြင့် ဆက်လုပ်ဆောင်ကြသည်။ မှန်ပါသည်၊ ဤနည်းဖြင့် အလွတ်သဘောသက်သေခံနေစဉ် လွန်ကဲစွာအာရုံစိုက်လာစေမှုမဖြစ်စေရန် သတိထားသင့်သည်။

၁၉ လူတစ်ဦးကို မိတ်ဆက်စကားပြောသောအခါ ဖော်ရွေပျူငှာဖွယ်စကားဖြင့် အစပြုပြောဆိုပါ။ နားထောင်နေသူသည် တုံ့ ပြန်ပါက မေးခွန်းမေးပါ။ သူပြန်ပြောစဉ် ဂရုတစိုက်နားထောင်ပေးပါ။ သူပြောနေသည့်စကားကို စိတ်ဝင်စားပါ။ သူ့သဘောထားကို သင်တန်ဖိုးထားကြောင်းတင်ပြပါ။ ဖြစ်နိုင်သည့်အခါ ထောက်ခံပေးပါ။

၂၀ ညီအစ်မတစ်ဦးသည် အသက်ရှင်နေထိုင်မှုစရိတ် မြင့်မားလာပုံကို ပြောပြခြင်းဖြင့် သက်ကြီးအမျိုးသမီးတစ်ဦးနှင့် အလွန်အားရဖွယ် စကားပြောဆိုခွင့်ရရှိခဲ့သည်။ အမျိုးသမီးကြီးသည် ချက်ချင်းထောက်ခံပြီး တက်ကြွသောစကားလက်ဆုံပြောဆိုခြင်း ဖြစ်စေခဲ့သည်။ ညီအစ်မသည် အမျိုးသမီးကြီး၏ အမည်နှင့်လိပ်စာကို ရရှိခဲ့ပြီး ထိုအပတ်အတွင်း၌ပင် ပြန်လည်ပတ်မှုပြုလုပ်ခဲ့သည်။

၂၁ တစ်ဆိုင်မှတစ်ဆိုင် လုပ်ဆောင်ခြင်း– အသင်းတော်အချို့တွင် ခန့်အပ်ခံရပ်ကွက်တွင်ပါဝင်သော စီးပွားရေးရပ်ကွက်များရှိသည်။ အခြားရပ်ကွက်များတွင် စီးပွားရေးလုပ်ငန်းနေရာများကို လူနေအိမ်များနှင့်တစ်ပါတည်းလုပ်နိုင်သည်။ အကြီးအကဲများသည် တစ်ဆိုင်မှတစ်ဆိုင်လုပ်ငန်းကို မလစ်ဟင်းစေဘဲ စီးပွားရေးရပ်ကွက်များကို ပုံမှန်လုပ်ဆောင်သွားနိုင်ရန် အရည်အချင်းရှိကြေညာသူများကို ဖိတ်ခေါ်ပေမည်။

၂၂ သင်သည် ဤလုပ်ငန်းတွင်ပါဝင်ဖို့ဖိတ်ခေါ်ခံရပြီး ယခင် တစ်ခါမျှမလုပ်ဖူးပါက ‘ရဲရင့်စွာဟောပြော’ ရန်ကောင်းမွန်သည့်နည်းမှာ ဦးဆုံး ဆိုင်ငယ်များတွင် လုပ်ဆောင်ခြင်းဖြစ်သည်; ထို့နောက် ပို၍စိတ်ချပြီဟုခံစားရသောအခါ ဆိုင်ကြီးများတွင်လုပ်ဆောင်ပါ။ (၁ သက်. ၂:၂) တစ်ဆိုင်မှတစ်ဆိုင်လုပ်ဆောင်သောအခါ နိုင်ငံတော်ခန်းမတွင် စည်းဝေးတက်စဉ်ဝတ်သကဲ့သို့ ဝတ်ဆင်ပါ။ ဖြစ်နိုင်ပါက စောင့်နေသည့်စျေးဝယ်သူများမရှိချိန်တွင် ဆိုင်ထဲသို့ဝင်ပါ။ မန်နေဂျာ သို့မဟုတ် ဆိုင်တာဝန်ခံကို ပြောရန်ခွင့်တောင်းပါ။ လှိုက်လှဲပျူငှာပါ၊ ထို့ထက်ကား တိုတိုတုတ်တုတ်ရှိပါ။ တောင်းပန်နေဖို့ မလိုပါ။ စီးပွားရေးလုပ်ငန်းအများစုသည်စျေးဝယ်သူများကို စောင့်မျှော်ပြီး ဝင်လာသူများရှိမည်ကို မျှော်လင့်ထားသည်။

၂၃ ဆိုင်ရှင်ကိုမိတ်ဆက်ပြီးနောက် သင်ဤသို့ပြောနိုင်သည်– “စီးပွားရေးလုပ်ငန်းရှင်တွေမှာ ဒီလိုအချိန်ပြည့်အစီအစဉ်များရှိလို့ အိမ်မှာတွေ့ရခဲပါတယ်။ ဒါကြောင့် စိတ်ကိုနိုးဆွပေးတဲ့ဆောင်းပါးတစ်ခု ခင်ဗျားကိုပေးဖို့ ဒီကိုလာရခြင်းဖြစ်ပါတယ်။” ထို့နောက် မဂ္ဂဇင်းမှ မှတ်ချက်တစ်ခု၊ နှစ်ခုပေး၍ဝေငှပါ။

၂၄ သို့မဟုတ် မန်နေဂျာထံချဉ်းကပ်သောအခါ ဤသို့စမ်းကြည့်နိုင်သည်– “စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဗဟုသုတကြွယ်ဝဖို့ ကြိုးစားနေကြတာ ကျွန်တော်တို့သတိထားမိပါတယ်။ နောက်ဆုံးထုတ် ကင်းမျှော်စင် (သို့မဟုတ် နိုးလော့!) မှာဖော်ပြထားတဲ့ဆောင်းပါးတစ်ခုကကျွန်တော်တို့တစ်ဦးစီကို အကျိုးပြုနေပါတယ်။” ယင်းကိုရှင်းပြပြီး ဤသို့ပြော၍နိဂုံးချုပ်ပါ– “ဒီဆောင်းပါးကို ခင်ဗျားဖတ်ရင် သဘောကျမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”

၂၅ အလုပ်သမားများရှိနေပြီး သင့်တော်ပုံရှိပါက သင်ထပ်၍ဤသို့ပြောနိုင်သည်– “ခင်ဗျားအလုပ်သမားတွေကို ဒီလိုဘဲ ကျွန်တော်တိုတိုတုတ်တုတ်လေးပြောမယ်ဆိုရင် သဘောတူနိုင်မလား။” ခွင့်ပြုပါက တိုတိုတုတ်တုတ်ပြောမည်ဟု သင်ကတိပေးထားသည်ကိုသတိရပါ။ မန်နေဂျာက သင်ကတိတည်သည်ကိုမျှော်လင့်ပေမည်။ အလုပ်သမားတစ်ဦးဦးသည် ကြာကြာဆွေးနွေးလိုပါက သူတို့၏အိမ်သို့သွားရောက်လည်ပတ်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။

၂၆ မကြာသေးမီအချိန်က မြို့ငယ်လေးတစ်မြို့ရှိ ကြေညာသူအနည်းငယ်သည် တစ်ဆိုင်မှတစ်ဆိုင်လုပ်ငန်းကို တိုက်နယ်ကြီးကြပ်မှူးနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ကြေညာသူအချို့သည် ယခင်ကတစ်ခါမျှမလုပ်ဖူးခဲ့သောကြောင့် အစပိုင်းတွင် စိုးရိမ်ကြသည်; သို့သော် မကြာမီမှာပင် စိုးရိမ်မှုလျော့နည်းသွားပြီး ပျော်ရွှင်မှု စတင်ခံစားရသည်။ တစ်နာရီမပြည့်မီအချိန်အတွင်း လူ ၃၇ ဦးကိုပြောခဲ့ရပြီး မဂ္ဂဇင်း ၂၄ စောင်နှင့် ဘရိုရှာ ၄ စောင်ဝေငှခဲ့ရသည်။ ထိုအချိန်တိုအတွင်း တစ်ဆိုင်မှတစ်ဆိုင်လုပ်ဆောင်စဉ် လူများများနှင့်တွေ့ခဲ့ရသလောက် ပုံမှန်အားဖြင့် တစ်လအတွင်း တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် တွေ့နိုင်ခဲ့မည်မဟုတ်ကြောင်း ညီအစ်ကိုတစ်ဦးသတိပြုမိခဲ့သည်။

၂၇ ဟောပြောရန်အခွင့်အရေးကို ဖန်တီးယူခြင်း– ယေရှုသည် မိမိ၏သက်သေခံခြင်းကို ပုံသေတစ်သမတ်တည်းမထားခဲ့ပါ။ သင့်လျော်သည့်အချိန်တိုင်းတွင် သတင်းကောင်းကို ကြဲဖြန့်ခဲ့သည်။ (မ. ၉:၉; လု. ၁၉:၁-၁၀; ယော. ၄:၆-၁၅) ကြေညာသူအချို့ ဟောပြောရန်အခွင့်အရေးဖန်တီးပုံကို ဂရုစိုက်မှတ်သားပါ။

၂၈ အချို့တို့သည် ကျောင်းအဝင်ဝတွင် သူတို့၏ကလေးများကို စောင့်နေသည့်မိဘများအား သက်သေခံရန် လက်တွေ့လုပ်ကြည့်ကြသည်။ မိဘအများစုသည် မိနစ် ၂၀ ကြိုရောက်တတ်ကြသောကြောင့် ကျမ်းစာအကြောင်းအရာတစ်ခုကိုအခြေပြုပြီး အားတက်ဖွယ်စကားပြောဆိုရာတွင် သူတို့အားပါဝင်စေရန် အချိန်ရရှိစေပါသည်။

၂၉ ရှေ့ဆောင်အများစုသည် မဂ္ဂဇင်းများတွင်သုံးသပ်ထားသည့် ထူးခြားသောအကြောင်းတစ်ခုကို အထူးစိတ်ဝင်စားမည့်သူတို့ထံရောက်ရှိရန် နိုးကြားနေကြသည်။ ဥပမာ၊ ညီအစ်မတစ်ဦးသည် ၁၉၉၅၊ ဒီဇင်ဘာ ၂၂ ရက်ထုတ် နိုးလော့! (လိပ်) ပါ “အကျပ်အတည်းကြုံနေသည့်ကျောင်းများ” စာစောင်ဖြင့် သူမအသင်းတော်ရပ်ကွက်ရှိကျောင်း ခြောက်ကျောင်းကိုသွားရောက်လည်ပတ်ခဲ့ရာ တုံ့ပြန်မှုကောင်းများရရှိခဲ့သည်။ သူမသည် မိသားစုစောင့်ရှောက်ရေးဌာနသို့ မိသားစုဘဝနှင့် ကလေးများမတရားပြုခံရခြင်း အကြောင်းများပါရှိသည့်မဂ္ဂဇင်းတို့ဖြင့် သွားရောက်လည်ပတ်ခဲ့ရာ ထပ်တူအကြောင်းများပါသည့် နောက်ထပ်ထုတ်စာပေများဖြင့်ပြန်လာရန် ဖိတ်ခေါ်ခံခဲ့ရသည်။ သူမသည် အလုပ်လက်မဲ့များကို ထောက်ပံ့ပေးရသည့်ရုံး၌ အလုပ်လက်မဲ့ဖြစ်ခြင်းကို “မခံရပ်နိုင်သောဖိစီးမှု” အဖြစ်ဖော်ပြထားသည့် ၁၉၉၆၊ မတ် ၈ ရက်ထုတ် နိုးလော့! (လိပ်) နှင့်ပတ်သက်ပြီး တုံ့ပြန်မှုရရှိခဲ့သည်။

၃၀ ခရိုင်ကြီးကြပ်မှူးတစ်ဦးက သူနှင့်သူ့ဇနီးတို့သည် ကုန်စုံဆိုင်များတွင် စျေးသွားဝယ်စဉ် အလွတ်သဘောဖြင့် ပုံမှန်သက်သေခံကြောင်း ပြောပြခဲ့သည်။ သူတို့သည် ဆိုင်၌လူသိပ်မများသည့်အချိန်နှင့် စျေးဝယ်သူများ အေးအေးဆေးဆေးဖြင့် ပစ္စည်းများကြား ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့်အချိန်တွင် စျေးသွားဝယ်ကြသည်။ အလွန်ကောင်းမွန်သော စကားပြောဆိုမှုများ ရရှိကြောင်းပြောပြခဲ့သည်။

၃၁ ကြေညာသူများစွာတို့သည် လူထုပင်မင်းဆိုင်များရှိလူတို့ကို သက်သေခံရာ အကျိုးရလဒ်ကောင်းများရခဲ့ကြောင်း ပြောပြကြသည်။ သူတို့သည် မည်သူမျှမရှိသည့်အချိန်၌ မဂ္ဂဇင်းများကို ထားခဲ့ရုံမျှသာမလုပ်ပါ။ သူတို့၏ပန်းတိုင်မှာ လူတို့ထံသတင်းကောင်းရောက်ရန်ဖြစ်သောကြောင့် အလုပ်လုပ်နေသည့်သူတစ်ဦးစီကို ပြောနိုင်ရန်ကြိုးစားကြသည်။

၃၂ အချို့သောနေရာများတွင် ရွေးချယ်ထားသောကြေညာသူများသည် လေဆိပ်များ၌သက်သေခံရန် တာဝန်ရရှိကြသည်။ တစ်ခါတစ်ရံ သူတို့သည် ယေဟောဝါ၏လူမျိုးတော်အနည်းငယ်ရှိ နိုင်ငံများတွင်နေထိုင်သော အပြည်ပြည်ဆိုင်ရာခရီးသည်များကို သက်သေခံရခြင်းဖြင့် ရွှင်လန်းမှုရခဲ့ကြသည်။ စိတ်ဝင်စားမှုတွေ့ရသောအခါ ဝေစာ သို့မဟုတ် မဂ္ဂဇင်းတို့ကိုဝေငှကြသည်။

၃၃ အသင်းတော်ရပ်ကွက်အတွင်းရှိ အထူးလုံခြုံရေးချထားသော အဆောက်အဦများတွင် ငှားနေသူများကို တစ်ဦးစီသက်သေခံခွင့်မရသောအခါ အချို့တို့သည် တာဝန်ကျသည့်လုံခြုံရေးအစောင့် သို့မဟုတ် ငှားရမ်းအသုံးပြုထားသည့်ရုံးများရှိ မန်နေဂျာများကို လိမ္မာပါးနပ်စွာသက်သေခံကြသည်။ ဤနည်းကို ဂိတ်အစောင့်များဖြင့် လုံခြုံရေးချထားသည့် သီးသန့်ရပ်ကွက်များတွင်အသုံးပြုကြသည်။ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးနှင့် ကြေညာသူအနည်းငယ်တို့သည် ဤနည်းဖြင့် တိုက်ခန်းတွဲ ခုနစ်ခုသို့သွားရောက်လည်ပတ်ခဲ့ကြသည်။ တစ်ခုစီတွင် သူတို့သည် မန်နေဂျာအား မိမိတို့ကို လုပ်နေကျနည်းဖြင့် အခန်းများကိုသွားဖို့ခွင့်မပြုသော်လည်း သူ့အား နောက်ဆုံးထုတ်ဂျာနယ်မှအကြောင်းအရာများကို လက်လွတ်မသွားစေလိုကြောင်း ပြောခဲ့သည်။ အခန်းတွဲခုနစ်ခုမှမန်နေဂျာအားလုံးသည် မဂ္ဂဇင်းများကို ဝမ်းမြောက်စွာလက်ခံပြီး နောက်လထုတ်များကိုပါ မှာယူခဲ့ကြပါသည်တကား! ထို့နောက် ထိုအခန်းတွဲများတွင်နေထိုင်သူများကို တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။ ၁၉၉၃ ဩဂုတ်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု (လိပ်)၊ ကြားညှပ်စာရွက် “တယ်လီဖုန်းဖြင့်သက်သေခံခြင်း—လူများစွာထံရောက်ရန်နည်းလမ်းတစ်ခု” ပါတယ်လီဖုန်းဖြင့်သက်သေခံခြင်းအကြောင်းနှင့်ပတ်သက်ပြီး လက်တွေ့ကျအချက်အလက်များကို သင်တွေ့ရပါလိမ့်မည်။

၃၄ နေရာတိုင်းတွင်ဟောပြောရန် သင်ကိုယ်တိုင်အားထုတ်ပါ– ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းနှင့်အညီအသက်ရှင်နေထိုင်ခြင်းတွင် နိုင်ငံတော်သတင်းတရား ဟောပြောရန်တာဝန်ကို အရေးတကြီးသဘောထားခြင်းပါဝင်သည်။ အခန့်သင့်သောအချိန်၌ လူတို့ထံရောက်ရှိစေရာတွင် “အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်” ရန်မိမိတို့၏ကိုယ်ကျိုးများကို စွန့်လွှတ်ဖို့လိုသည်။ ဆက်ကပ်အပ်နှံထားသော ယေဟောဝါ၏ကျေးကျွန်များသည် တမန်တော်ပေါလုကဲ့သို့ပြောလိုကြသည်– “ငါသည် သတင်းကောင်းကို အခြားသူများနှင့် အတူဝေမျှသူဖြစ်ခြင်းအလိုငှာ ထိုတရားအတွက် ခပ်သိမ်းသောအရာများကို ငါပြု၏။”—၁ ကော. ၉:၂၂၊ ၂၃၊ ကဘ။

၃၅ ထပ်၍ပေါလုဤသို့ရေးသည်– “ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်၌ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းငှာ သာ၍ငါအလိုရှိ၏ . . . အကြောင်းမူကား၊ ငါသည်အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။” (၂ ကော. ၁၂:၉၊ ၁၀) တစ်နည်းပြောရလျှင် ကျွန်ုပ်တို့၏အစွမ်းခွန်အားဖြင့် ဤလုပ်ငန်းကိုပြီးမြောက်အောင်မြင်နိုင်မည် မဟုတ်ပါ။ ယေဟောဝါ၏ သန့်ရှင်းသော​ဝိညာဉ်​တော်တန်ခိုးရရှိရန် ဆုတောင်းဖို့လိုသည်။ အစွမ်းခွန်အားအတွက် ​ဘုရား​သခင်ထံဆုတောင်းပါကကိုယ်တော်ဖြေကြားတော်မူမည်ကို ကျွန်ုပ်တို့စိတ်ချနိုင်သည်။ ထို့အပြင် လူတို့ကိုချစ်သည့်မေတ္တာက လူတို့ကိုတွေ့နိုင်မည့်နေရာတိုင်းတွင် သတင်းကောင်းဟောပြောရန် အခွင့်အရေးရှာယူဖို့ ကျွန်ုပ်တို့အားလှုံ့ဆော်ပေးပါမည်။ လာမည့်အပတ်တွင် ဤကြားညှပ်စာရွက်၌ ဖော်ပြထားသည့်အကြံပြုချက်များမှတစ်ခုကို စမ်းသုံးကြည့်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ