အသက်ရစေသည့် မှန်သောဘုရားသခင်အား သိကျွမ်းခြင်းပညာ
၁ “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုခမည်းတော်ထံ ယေရှုဆုတောင်းတော်မူစဉ် မိန့်မြွက်တော်မူ၏။ (ယော. ၁၇:၃) အလွန်ရက်ရောသော ဆုကျေးဇူးပါတကား! အသင်းမ၏စာပေများကို အသုံးပြုခြင်းအားဖြင့် ထာဝစဉ်အသက်ရှင်နိုင်ရန် ဘာလုပ်ရမည်ဖြစ်ကြောင်း သူတစ်ပါးအား သွန်သင်ပေးနိုင်ပါသည်။ သူတို့၏စိတ်ဝင်စားမှုကိုနှိုးဆွပြီး ကျွန်ုပ်တို့တွင်ရှိသောစာပေကို ဖတ်လိုစိတ်ရှိစေရန် အဘယ်အရာပြောဆိုနိုင်သနည်း။
၂ သမ္မာကျမ်းစာသည် လက်တွေ့ကျလမ်းညွှန်မှုဖြစ်ကြောင်း အထူးပေါ်လွင်စေသည့် ဤတင်ဆက်နည်းကို သင်အသုံးပြုလိုပေမည်–
▪ “မိသားစုထဲမှာ ကြုံတွေ့ရတဲ့ ဘဝပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ လက်တွေ့ကျလမ်းပြအကြောင်း ဒီပတ်ဝန်းကျင်မှာ ဆွေးနွေးတင်ပြနေကြတယ်။ ရှေးတုန်းကဆိုရင် လူအတော်များများဟာ အဖြေရဖို့ ကျမ်းစာထဲ အရင်ဆုံးရှာဖွေကြည့်ကြတယ်။ အခုတော့ လူတွေဟာ အရမ်းအလုပ်များကြတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကို လေ့လာဖို့ အချိန်မရကြဘူး။ ကျမ်းစာကျင့်စဉ်မူတွေဟာ ကျမ်းစာကို ရေးသားဖို့ ဘုရားသခင်မှုတ်သွင်းခဲ့တဲ့အချိန်ကလို အခုထိသက်ဆိုင်တုန်းပါပဲ။” မိသားစုဘဝ စာမျက်နှာ ၁၈၄ သို့ဖွင့်ပါ။ အပိုဒ် ၈ သို့မဟုတ် ၁၀ ကိုဖတ်ပါ။ စာအုပ်ကိုဝေငှပြီး သမ္မာကျမ်းစာရှိ အသိပညာမှ မိမိကိုယ်တိုင် မည်သို့အကျိုးရရှိနိုင်ကြောင်း ပြန်လာ၍ဖြေဆိုရန် စီစဉ်ပါ။
၃ ဘုရားသခင်၏အသိပညာကို ဆည်းပူးခြင်းအားဖြင့် မိသားစု၏ဆက်ဆံရေး ပြောင်းလဲသွားနိုင်သောကြောင့် ဤသို့မေးမြန်းခြင်းအားဖြင့် ယင်းအကြောင်းကို ဆွေးနွေးလိုပေမည်–
▪ “အခုခေတ် ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲအမျိုးမျိုးကြောင့် ဘုရားသခင့်နှုတ်ကပတ်တော်ဟာ အကူအညီဖြစ်နိုင်ပါ့မလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကို လေ့လာလို့ မိသားစုနဲ့ တရင်းတနှီးရှိလာတယ်လို့ လူအတော်များများ ယူမှတ်ကြပြီး အဲ့ဒါကြောင့်လည်း သူတို့ကိုယ်တိုင်နဲ့ သားသမီးတွေဟာ ဝိညာဉ်ခွန်အားရှိလာတယ်လို့ ဆိုကြတယ်။ ဒီလိုဖြစ်မယ်လို့လည်း ကျမ်းစာက ကတိပေးထားတယ်။ [မိသားစုဘဝ စာအုပ် စာမျက်နှာ ၁၂၀ သို့ဖွင့်ပြီး တရားဟောရာ ၆:၆ ဖတ်။] ဒီစာအုပ်က အဲ့ဒါကိုလုပ်ဖို့ ကူညီပေးမယ်။ [စာအုပ်ကို ပြပြီး တန်ဖိုးတင်ပြပါ။] မိသားစုဆက်ဆံရေးတိုးတက်လာရအောင်လည်း ဖော်ပြတယ်။ နောက်တစ်ခါပြန်လာတဲ့အခါ အဲ့ဒီအကြောင်းကို ဆွေးနွေးကြရအောင်။”
၄ ကျမ်းစာသင်အံမှုစတင်ရန် တိုက်ရိုက်နည်းကို စမ်းသပ်ကြည့်လိုပါသလော။ ဤနည်းသည် သင့်ကိုအထောက်အကူပြုပေမည်–
▪ “အခမဲ့ အိမ်တွင်းကျမ်းစာသင်တန်း ကမ်းလှမ်းနေပါတယ်။ ကျမ်းစာသင်တန်း တက်ဖူးသလား။ [တုံ့ ပြန်ရန်ခွင့်ပေးပါ။] ကျွန်တော်တို့အသုံးပြုနေတဲ့ သင်တန်းနည်းကို ပြပါရစေ။” စာအုပ်ကိုပြပြီး မာတိကာကို အိမ်ရှင်တွေ့ရှိရန် သက်ဆိုင်ရာစာမျက်နှာသို့ ဖွင့်ပြပြီး “ဒီအကြောင်းတွေကို ကျမ်းစာက ဘယ်လိုဖော်ပြတယ်ဆိုတာ တွေးကြည့်ဖူးသလား” ဟုမေးမြန်းပါ။ စိတ်ဝင်တစားအရှိဆုံးပုံပေါက်သည့်အခန်းကိုဖွင့်ပြီး ခေါင်းစဉ်ငယ်များကို ဖတ်ပြပါ။ သင်တန်းအစီအစဉ်တွင် ဤအကြောင်းလေ့လာပုံကို တိုတိုတုတ်တုတ်သရုပ်ပြလိုကြောင်း ရှင်းပြပါ။ သင်တန်းစတင်နိုင်သည်ဖြစ်စေ၊ မစတင်နိုင်သည်ဖြစ်စေ စာအုပ်၏တန်ဖိုးကိုပြောပြပြီး ဝေငှထား၍ နောက်ပြန်လာလိုကြောင်း ပြောဆိုပါ။
၅ ယနေ့ များစွာသောသူတို့သည် စစ်မှန်သောဘုရားသခင်၏ တိကျမှန်ကန်သောအသိပညာကို လက်ခံယူနေကြပါသည်။ (ဟေရှာ. ၂:၂-၄) ယင်းကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါအကြောင်းကို လူများ များနိုင်သရွေ့များများသိစေပြီး အသက်ရစေရန် ကူညီပေးနိုင်ခွင့်ရှိကြသည်။—၁ တိ. ၂:၄။