“ထာဝရအသက်ဟူမူကား”
ယောဟန် ၁၇:၃ (ကဘ) တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများကို အလေးအနက်သဘောပေါက်ထားဖို့လိုသည်။ ကိုယ်တော်ဆိုလိုသည့်အဓိပ္ပာယ်မှာ—ဘုရားသခင်နှင့် ယေရှုခရစ်တို့နှင့်ဆိုင်သောအသိပညာကိုဆည်းပူးခြင်းသည် ထာဝရအသက်ပင်တည်း! သို့သော် ယင်းသည် ကျွန်ုပ်တို့အား ထာဝရအသက်ဆုချမည့် ယေဟောဝါနှင့်ယေရှုတို့နှင့်ဆိုင်သောအသိပညာကို ပိုင်ဆိုင်ထားရုံလောက်သာလော။ မဟုတ်ပါ။ ယေဟောဝါသည် သူတို့၏ဘုရားသခင်ဖြစ်ကြောင်း ဣသရေလလူများသိခဲ့ကြသော်လည်း သူတို့၏အသက်တာဖြင့် ယုံကြည်ကြောင်းမတင်ပြခဲ့ပေ။ ရလဒ်အနေနှင့် ကိုယ်တော့်မျက်နှာသာကို ဆုံးရှုံးခဲ့ရသည်။ (ဟော. ၄:၁၊ ၂၊ ၆) ယနေ့သန်းပေါင်းများစွာသောလူတို့သည် “မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌စိတ်အားကြီး” ကြပေမည်။ (ရော. ၁၀:၂) သူတို့သည် “တစ်ဆူတည်းသောဘုရားမှန်” ယေဟောဝါကိုသိရန်နှင့် ကိုယ်တော်အား မည်သို့မှန်ကန်စွာဝတ်ပြုရမည်ကိုသိရန်လိုသည်။ ထိုသို့ဖြစ်ရန် နိုဝင်ဘာလအတွင်း ထာဝရအသက်ရစေသောအသိပညာ စာအုပ်ကိုဝေငှကြမည်။ အသိပညာစာအုပ်ကိုတင်ဆက်ရာတွင် မည်သည့်ချဉ်းကပ်နည်းကို သင်အသုံးပြုမည်နည်း။ ဤတွင်ပါရှိသောအကြံပြုချက်အချို့က သင့်အားအကူအညီဖြစ်ပေမည်။
၂ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ခြင်းသဘောသည် လူအများစုအတွက် အသစ်ဖြစ်သောကြောင့် ဤနိဒါန်းသည် သူတို့၏စိတ်ဝင်စားမှုကို ဖမ်းယူနိုင်ပေမည်–
▪ “အိမ်နီးနားချင်းတွေကို ကျွန်တော်တို့မေးခွန်းတစ်ခုမေးနေပါတယ်။ ဒီလိုကမ္ဘာမျိုးမှာ ထာဝစဉ်အသက်ရှင်ဖို့ ဖိတ်ခေါ်ခံရမယ်ဆိုရင် ဖိတ်ခေါ်ချက်ကို မိတ်ဆွေလက်ခံမလား။ [အသိပညာစာအုပ်စာမျက်နှာ ၄-၅ ပါရုပ်ပုံကိုပြပါ။ တုံ့ ပြန်မှုကိုစောင့်ပါ။] ဒါဟာ မိတ်ဆွေရဲ့အသက်တာမှာ အမှန်တကယ်ခံစားရမယ့်အရာဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေအတွက် အမှန်တကယ်ဖြစ်လာမှာကို တွေ့ မြင်ရဖို့ ဘာလုပ်ဖို့လိုမယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ယောဟန် ၁၇:၃ နဲ့အညီ လုပ်ဆောင်ဖို့လိုတယ်ဆိုတာသတိပြုပါ။ [ဖတ်ပါ။] ဒီစာအုပ်က လူများစွာကို ဒီလိုမျိုးအထူးအသိပညာရရှိအောင် ကူညီပေးနေပါတယ်။ မိတ်ဆွေဖတ်ဖို့ ကိုယ်ပိုင်တစ်အုပ်လောက်လိုချင်ပါသလား။ ၄၀ ကျပ်ပဲကျပါတယ်။ [တုံ့ ပြန်မှုကိုစောင့်ပါ။] နောက်တစ်ခေါက်ကျွန်တော်လာတဲ့အခါ ဒီကမ္ဘာမြေပေါ်မှာ ထာဝရအသက်ရရှိနိုင်တယ်ဆိုတဲ့ယုံကြည်ခြင်းဟာ ကျိုးကြောင်းညီညွတ်မှုဘာကြောင့်ရှိတယ်ဆိုတာကို ဆွေးနွေးနိုင်ပါတယ်။”
၃ ယောဟန် ၁၇:၃ ကိုဆွေးနွေးခဲ့သည့်သူများထံ ပြန်လည်ပတ်သွားသောအခါ ဤနည်းဖြင့်သင်ဆက်ပြောနိုင်သည်–
▪ “နောက်ဆုံးအကြိမ်ကျွန်တော်လာတုန်းက ယောဟန် ၁၇:၃ မှာပါတဲ့ယေရှုရဲ့စွဲမှတ်ဖွယ်စကားများကို ကျွန်တော်ဖတ်ပြခဲ့တယ်။ အဲ့ဒီမှာ ဘုရားသခင်နဲ့ကိုယ်တော်ရဲ့အသိပညာကိုဆည်းပူးရင် ထာဝရအသက်ရမယ်လို့ ကိုယ်တော်အာမခံခဲ့တယ်။ ဒါပေမဲ့ လူများစွာဟာ သာ၍ကောင်းတဲ့အသက်တာကို ကောင်းကင်မှာပဲရနိုင်မယ်လို့ယုံကြည်ကြတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုထင်ပါသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ကျွန်တော်ထားခဲ့တဲ့စာအုပ်အလွယ်တကူရှိမယ်ဆိုရင် ပရဒိသုကိုမြေကြီးပေါ်မှာပြန်တည်ထောင်မယ်ဆိုတာ သက်သေပြတဲ့ကျမ်းချက်အချို့ပြပေးချင်ပါတယ်။ [အသိပညာစာအုပ် စာမျက်နှာ ၉-၁၀ ပါအပိုဒ် ၁၁-၁၆ ကိုဆွေးနွေးပါ။] ကျွန်တော်နောက်တစ်ခါပြန်လာတဲ့အခါ ကျမ်းစာထဲမှာပါတဲ့ဒီကတိတွေကို ဘာကြောင့်ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ ပြပေးချင်ပါတယ်။ လောလောဆယ် စာအုပ်ရဲ့အခန်း ၂ ကိုဖတ်ထားနိုင်ပါတယ်။”
၄ သင်သည် ဘာသာတရားကြည်ညိုသူများနှင့် ဤတင်ဆက်ပုံကို အသုံးပြုလိုပေမည်–
▪ “ကမ္ဘာပေါ်မှာ ဒီလောက်တောင် ဘာသာတွေဘာကြောင့်ကွဲပြားနေရသလဲဆိုတဲ့အကြောင်းကို အိမ်နီးနားချင်းတွေနဲ့ပြောနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာတောင် ဘာသာဂိုဏ်းခွဲ ၁,၂၀၀ လောက်ရှိပြီး တစ်ကမ္ဘာလုံးမှာ ဘာသာဂိုဏ်းခွဲ ၁၀,၀၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ ကျမ်းစာကတော့တစ်အုပ်ထဲပါပဲ။ မိတ်ဆွေအထင် ဒီလောက်ရှုပ်ထွေးနေတဲ့ဘာသာတွေ ဘာကြောင့်ရှိနေရတာလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။ အသိပညာစာအုပ်အခန်း ၅ ကိုဖွင့်ပြီးအပိုဒ် ၁ ကိုဖတ်ပါ။] ဒီအခန်းကိုဖတ်ခြင်းအားဖြင့် မေးခွန်းတွေရဲ့ ကျေနပ်လောက်တဲ့အဖြေတွေကို မိတ်ဆွေရပါလိမ့်မယ်။ အလှူငွေ ၄၀ ကျပ်လေးနဲ့ မိတ်ဆွေကိုယ်ပိုင်ဖြစ်နိုင်ပါတယ်။” လက်ခံပါက ပြန်လာရန်အသေအချာစီစဉ်ပြီး ဤသို့ပြောပါ– “ကျွန်တော်ပြန်လာတဲ့အခါ ဘာသာအားလုံးဟာ တစ်နေရာထဲကိုပို့ဆောင်တဲ့ လမ်းအသွယ်သွယ်မျှသာဟုတ်မဟုတ် ဆွေးနွေးနိုင်ပါတယ်။”
၅ ဘာသာတရားမြောက်မြားစွာရှိနေရသည့်အကြောင်းကို ဆက်ဆွေးနွေးရန် ပြန်သွားသောအခါ သင်ဤသို့ပြောနိုင်သည်–
▪ “နောက်ဆုံးအကြိမ်မိတ်ဆွေနဲ့ပြောခဲ့တုန်းက ဘာသာအားလုံးဟာ တစ်နေရာထဲကိုပို့ဆောင်တဲ့ လမ်းအသွယ်သွယ်မျှသာဟုတ်မဟုတ်ဆိုတဲ့မေးခွန်းထုတ်ခဲ့ကြတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုထင်ပါသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဒီကိစ္စနဲ့ပတ်သက်ပြီး ယေရှုပြောခဲ့တဲ့စကားကို ကျွန်တော်ထားခဲ့တဲ့စာအုပ်ထဲမှာ ပြပေးချင်ပါတယ်။ [အသိပညာစာအုပ်အခန်း ၅ ကိုဖွင့်ပြီး မဿဲ ၇:၂၁-၂၃ ပါဝင်သောအပိုဒ် ၆-၇ ကိုဖတ်ပါ။] ဘုရားသခင်ရဲ့အလိုတော်ကို တိတိကျကျသိထားဖို့ ဘာကြောင့်ဒီလောက်အရေးကြီးရတာလဲလို့ မိတ်ဆွေအံ့သြမိပါလိမ့်မယ်။ မှတ်သားဖွယ်အချက်အလက်ကို နောက်အပိုဒ်မှာတွေ့ရပါလိမ့်မယ်။ ကျေးဇူးပြုပြီး ဒီအခန်းရဲ့ကျန်အပိုဒ်များကိုဖတ်ကြည့်ပါ။ နောက်တစ်ခေါက်ကျွန်တော်လာတဲ့အခါ တိကျမှန်ကန်တဲ့ကျမ်းစာအသိပညာရဲ့တန်ဖိုးကို ပြပေးချင်ပါတယ်။”
၆ တိုက်ရိုက်ချဉ်းကပ်နည်းသည် အိမ်တွင်းကျမ်းစာသင်အံမှုအစပြုရာတွင် ရံဖန်ရံခါ အောင်မြင်မှုရလေ့ရှိသည်။ “ကျိုးကြောင်းဆင်ခြင်” စာအုပ် [လိပ်] စာမျက်နှာ ၁၂ တွင်အကြံပြုထားသောနိဒါန်းဖြစ်သည်–
▪ “မိတ်ဆွေကို အခမဲ့ကျမ်းစာသင်တန်းပေးဖို့ရောက်လာတာပါ။ နိုင်ငံပေါင်း ၂၀၀ ခန့်ကလူတချို့ သူတို့အိမ်မှာ မိသားစုလိုက်ကျမ်းစာဘယ်လိုဆွေးနွေးကြတယ်ဆိုတာ ဖြစ်နိုင်ရင် မိနစ်အနည်းငယ်အချိန်ယူပြီး ကျွန်တော်သရုပ်ပြချင်ပါတယ်။ ဒီအထဲက ဘယ်ခေါင်းစဉ်ကိုမဆို အခြေပြုပြီး ဆွေးနွေးနိုင်ပါတယ်။ [အသိပညာစာအုပ်၏မာတိကာကိုပြပါ။] မိတ်ဆွေ ဘယ်အကြောင်းကို အထူးစိတ်ဝင်စားသလဲ။” ရွေးနိုင်ရန်အတွက်စောင့်ပါ။ ရွေးပေးသည့်အခန်းကိုဖွင့်ပြီး ပထမအပိုဒ်ဖြင့်သင်အံမှုစပါ။ ယင်း၏အဖိုးကို သင်ဖော်ပြနိုင်သည်။
၇ ကျမ်းစာသင်အံမှုစတင်ရန်အတွက် သင်စမ်းကြည့်နိုင်သော အောင်မြင်မှုရှိသည့်တိုက်ရိုက်ချဉ်းကပ်နည်း နောက်တစ်နည်းဖြစ်သည်–
▪ “ကျမ်းစာအခမဲ့သင်ပေးပါတယ်။ နောက်ထပ်သင်သားတွေအတွက်လည်း အချိန်ရှိပါတယ်။ ဒီကျမ်းစာသင်အံမှုအထောက်အကူကို ကျွန်တော်တို့အသုံးပြုပါတယ်။ [အသိပညာစာအုပ်ကိုပြပါ။] လအနည်းငယ်သာကြာပြီး ဤကဲ့သို့သောမေးခွန်းတွေရဲ့အဖြေကိုစီစဉ်ပေးထားပါတယ်– ဒုက္ခဆင်းရဲကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း။ ကျွန်ုပ်တို့အဘယ်ကြောင့် အိုရသေရသနည်း။ သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း။ ဘုရားသခင့်အပါးတော်သို့ ကျွန်ုပ်တို့ မည်သို့ချဉ်းကပ်နိုင်သနည်း။” ထို့နောက်ဤသို့မေးပါ– “လေ့လာပုံကို မိတ်ဆွေနဲ့သရုပ်ပြလို့ရနိုင်မလား။” ကမ်းလှမ်းသည်ကိုငြင်းဆိုပါက သူကိုယ်ပိုင်ဖတ်နိုင်ဖို့ အသိပညာစာအုပ်ကိုအလိုရှိမရှိမေးကြည့်ပါ။ ၄၀ ကျပ်သာကျကြောင်းပြောပြပါ။
၈ ဘုရားသခင်နှင့်ခရစ်တော်တို့နှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာသည် လူတိုင်းပိုင်ဆိုင်နိုင်သောရတနာတစ်ခုပါတကား! ယင်းကိုဆည်းပူးခြင်းသည် အမှန်ပင် စုံလင်သောအခြေအနေ၌ ထာဝရအသက်ရရှိစေမည်။ အခြားသူများအား ထာဝရအသက်ရစေသောအသိပညာကို မျှဝေရန် နိုဝင်ဘာလအတွင်း ရသမျှအခွင့်အရေးကို အသုံးပြုကြစို့။