သတိရအောက်မေ့ပွဲ— အလွန်အရေးပါသော အဖြစ်အပျက်တစ်ခု!
၁ မတ်လ ၂၃ ရက်၊ တနင်္ဂနွေနေ့ နေဝင်ပြီးချိန်တွင် ခရစ်တော်၏သေခြင်းဆိုင်ရာ သတိရအောက်မေ့ပွဲကို ကျွန်ုပ်တို့ကျင်းပကြပါမည်။ (လု. ၂၂:၁၉) ယင်းသည် အမှန်ပင် အလွန်အရေးပါသော အဖြစ်အပျက်တစ်ခုဖြစ်ပေသည်! လူသားတစ်ဦးသည် ပြင်းထန်သောဖိစီးမှုအောက်၌ပင် စုံလင်သောဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကို ထိန်းသိမ်းထားနိုင်ကြောင်း သေသည့်တိုင်အောင်သစ္စာရှိခြင်းဖြင့် ယေရှုသက်သေပြကာ ဤသို့ဖြင့် ယေဟောဝါ၏အချုပ်အခြာပိုင်သခွင့်ကို ထောက်ခံခဲ့သည်။ (ဟေဗြဲ ၅:၈) ထို့အပြင် ခရစ်တော်၏သေခြင်းက လူသားတို့ကို ရွေးနုတ်ရန်လိုအပ်သော စုံလင်သည့်လူသားယဇ်သကာကို စီမံပေးပြီး ယုံကြည်ခြင်းတင်ပြသူများကို ထာဝရအသက်ရရှိစေသည်။ (ယော. ၃:၁၆) သတိရအောက်မေ့ပွဲတွင် ရောက်ရှိနေခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏မေတ္တာတော်နှင့် ယေရှု၏ပူဇော်သကာကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လေးမြတ်ကြောင်း ထင်ရှားပြသနိုင်သည်။
၂ ယေဟောဝါသက်သေများ၏ ၁၉၉၇ ခုနှစ်ပြက္ခဒိန်တွင် ဖော်ပြထားသည့်အတိုင်း မတ် ၁၈-၂၃ အတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို လိုက်နာရန် အားလုံးကိုတိုက်တွန်းပါသည်။ ထို့ပြင် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ် အခန်း ၁၁၂-၁၆ ကိုမိသားစုလိုက်ဆွေးနွေးခြင်းသည်လည်း လူ့သမိုင်းတွင် အရေးအကြီးဆုံးသော ရက်သတ္တပတ်အပေါ် အာရုံစိုက်ရန် အကူအညီဖြစ်စေပါမည်။
၃ သတိရအောက်မေ့ပွဲကာလအတွင်း လယ်ကွင်းဓမ္မအမှုတွင် အသုံးပြုသည့်အချိန်ကို သင်တိုးချဲ့နိုင်မည်လော။ ကြေညာသူများစွာသည် မတ်လအတွင်း အရန်ရှေ့ဆောင်ရန် စနေတနင်္ဂနွေနေ့ငါးပတ်ကို အပြည့်အဝအသုံးချကြပါလိမ့်မည်။ သူတို့အထဲမှတစ်ဦးဖြစ်ပါလေ။ ကျွန်ုပ်တို့အားလုံး သတိရအောက်မေ့ပွဲတက်ရောက်ခြင်း၏အရေးကြီးမှုကို အလေးထားခြင်းဖြင့် အပြည့်အဝပါဝင်နိုင်ကြပါသည်။ တနင်္ဂနွေနေ့တွင်ကျရောက်သောကြောင့် များစွာသောသူတို့အတွက် တက်ရောက်ရန် ပို၍လွယ်ကူစေမည်။ ကျမ်းစာသင်အံမှုအားလုံးနှင့် အခြားစိတ်ဝင်စားသူများကို ကျွန်ုပ်တို့နှင့်အတူပါဝင်ရန် ဖိတ်ခေါ်ဖို့သေချာစေပါ။ တစ်နှစ်တွင် အထူးစောင့်ထိန်းရမည့် နေ့တစ်နေ့နှင့်စပ်လျဉ်းပြီး အသိပညာစာအုပ်စာမျက်နှာ ၁၂၇၊ အပိုဒ် ၁၈ တွင် မည်သို့ဖော်ပြထားသည်ကို သူတို့အားဝေမျှပါ။
၄ ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်ရှိသောယေရှု၏သေခြင်းကို အားလုံးအလွန်တန်ဖိုးထားလေးမြတ်မှုဖြင့် ဤ ၁၉၉၇ ခုနှစ်၏အရေးအပါဆုံးသောအဖြစ်အပျက်ကို ချဉ်းကပ်ပါ။ သတိရအောက်မေ့ပွဲကို နေရာတိုင်းရှိစစ်မှန်သောခရစ်ယာန်များ သစ္စာရှိရှိကျင်းပမည့် မတ်လ ၂၃ ရက် ညနေချိန်တွင် စုဝေးရောက်ရှိပါလေ။