၁၉၉၁ ခုနှစ်တွင် အရေးအကြီးဆုံးသောနေ့ရက်
၁ ကျွန်ုပ်တို့အတွက် ဤနှစ်ပြက္ခဒိန်ပေါ် အရေးအကြီးဆုံးနေ့ရက်သည် စနေနေ့၊ မတ် ၃၀ ရက်နေ့ဖြစ်သည်။ ထိုနေ့ရက် နေဝင်ပြီးသည့်အခါ ယေရှု၏သေခြင်းကိုအောက်မေ့ရာပွဲ ကျင်းပကြမည်။ (၁ ကော၊ ၁၁:၂၀၊ ၂၄) ယေရှုသေသည့်နေ့ရက်ကို အထူးအောက်မေ့ရာနေ့ရက်အဖြစ် အဘယ်ကြောင့်သတ်မှတ်ခံရသနည်း။
သတိရအောက်မေ့ပွဲ—၄င်း၏အရေးပါမှု
၂ ယေရှုသေသည့်နေ့သည် စကြဝဠာတစ်ခွင် အရေးအကြီးဆုံးအဖြစ်အပျက်ဖြစ်သည်။ ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်ဝင်များထံ စာရေးချိန်တွင် တမန်တော်ပေါလုဤသို့ဆိုသည်။ “သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ သခင်အရှင်အသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင် ပြကြ၏။” (၁ ကော၊ ၁၁:၂၆) ထိုကြောင့် သတိရအောက်မေ့ပွဲသည် ယေဟောဝါ၏ရည်ရွယ်ချက်ပြည့်စုံခြင်းတွင် ခရစ်တော်ယေရှု၏သေခြင်း အရေးပါအရာရောက်ကြောင်း အထူးအာရုံပြုစေသည်။ အထူးသဖြင့် ပဋိညာဉ်သစ်နှင့်စပ်လျဉ်း၍ ယေရှု၏ယဇ်ပူဇော်ရာသေခြင်း၏ အနက်အဓိပ္ပာယ်ကို အထူးပေါ်လွင်စေသည်။ ကောင်းကင်နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူအမွေခံမည့်သူများအပေါ် ကိုယ်တော်၏သေခြင်းသည် မည်သို့အကျိုးသက်ရောက်သည်ကိုလည်း ပေါ်လွင်စေသည်။—ယော၊ ၁၄:၂၊ ၃။ ဟေ၊ ၉:၁၅။
၃ သေသည်တိုင်သမာဓိစောင့်သိခြင်းအားဖြင့် ခမည်းတော်၏နာမကိုထင်ရှားစေပြီး၊ စာတန်မည်သို့ပင်စုံစမ်းစေကာမူ စုံလင်သူတစ်ဦးသည် သစ္စာရှိနိုင်ကြောင်း သက်သေထူခဲ့သည်။ ကိုယ်တော်၏သေခြင်းအားဖြင့် အာဒံ၏မျိုးဆက်ကို ရွေးနှုတ်ခြင်းငှာလိုအပ်သော စုံလင်သောလူ့ယဇ်သက္ကာကိုတင်ဆက်နိုင်ခဲ့ပြီး ယုံကြည်ကြောင်းသက်သေထူသူ အမြောက်အမြား ပရဒိသုမြေကြီးပေါ် ထာဝစဉ်အသက်ရှင်နိုင်ခွင့်ရရှိစေသည်။ ယေရှု၏သေခြင်းအားဖြင့် ဖြစ်မြောက်လာမည့်အရာအားလုံးတို့ကြောင့် မိမိ၏သေခြင်းကိုအောက်မေ့ကြရန် တပည့်တော်များအားမှာကြားတော်မူခြင်းသည် အလွန်လျောက်ပတ်ပေသည်။—rs စာမျက်နှာ ၂၆၆-၇။
ကျေးဇူးတင်လေးစားကြောင်း မည်သို့ပြသနိုင်
၄ ကမ္ဘာတစ်ခွင် နှစ်စဉ်ကျင်းပလေ့ရှိ ပွဲနေ့အမြောက်အမြားရှိသည်။ ယင်းတို့ကိုအစဉ်အဆက်အားပေးရန် ထုံးစံများစွာရှိသည်။ သခင်၏ညစာစားပွဲမူကား ယေရှု၏သစ္စာရှိနောက်လိုက်များကျင်းပသည့် တစ်ခုတည်းသောပွဲတော်ဖြစ်သည်။ ယင်းကား ခရစ်ယာန်စစ်အားလုံးအတွက် အထူးကဲဆုံးပွဲတော်ဖြစ်သည်ကားအမှန်။ သခင့်ညစာစားပွဲ၏ အလွန်လေးနက်သောအဓိပ္ပာယ်ရှိ အထိမ်းအမှတ်ပွဲတော်သည် မတ်လအတွင်း ယင်းကိုဂရုပြုကြရန် ကျွန်ုပ်တို့အားလှုံ့ဆော်တိုက်တွန်းမှုမဖြစ်စေသင့်သလော။
၅ ခရစ်တော်၏သေခြင်းကို အဓိပ္ပာယ်လေးနက်စေသည့် ကျမ်းချက်များကို ကျွန်ုပ်တို့၏ကျမ်းစာသင်သားများနှင့် မတ်လအတွင်း မိနစ်အနည်းငယ် ပတ်စဉ်ဆွေးနွေးပြီး သတိရအောက်မေ့ပွဲကျင်းပရခြင်းကိုသိစေလျှင် ကောင်းပေလိမ့်မည်။ မတ် ၂၅-၃၀ အတွင်း 1991 Calendar of Jehovah’s Witnesses ပေါ်တင်ပြထားသည့် သတိရအောက်မေ့ရာပွဲအတွက် ကျမ်းပိုဒ်များဖတ်ရှုခြင်းကို မပျက်မကွက်ပြုကြရန် အားပေးတိုက်တွန်းလျှင်လည်းကောင်းပေလိမ့်မည်။ ယင်းက သခင့်ညစာစားပွဲကို သူတို့တန်ဖိုးထားလေးမြတ်ရန် အကူအညီဖြစ်စေနိုင်သည်။
၆ သတိရအောက်မေ့ရာပွဲတော်သည် စနေနေ့တွင်ကျသဖြင့် ယင်းကိုတက်ရောက်ကြရန်အတွက် အစီအစဉ်အမြောက်အမြားပြုလုပ်နိုင်ပေမည်။ ကြေညာသူများစွာသည် မတ်လအတွင်း စနေတနင်္ဂနွေနေ့ ငါးပတ်ရှိခြင်းကိုအခွင့်အရေးယူကာ အရံရှေ့ဆောင်နေကြပါသည်။ ဤသို့ဖြင့် သခင့်ညစာစားပွဲကျင်းပခြင်းကို အလေးအနက်ဂရုပြုရန် အခွင့်အရေးများများရရှိကြသည်။ ဤအထူးပွဲတော်အတွက် လူသစ်များအသင့်ရှိနိုင်ကြရန်ကူညီပေးဖို့ ထပ်ဆင့်အခွင့်အရေးများရရှိစေသည်။
၇ သတိရအောက်မေ့ရာပွဲတော်၏ အထိမ်းအမှတ်ကိုအလေးအနက်ပြုကာ အခြားသူတို့လည်း ယင်းပွဲတော်ကိုတက်ဖြစ်ရန် အတတ်နိုင်ဆုံးကြိုးစားကြစို့။ ယင်းအတွက် အကြီးအကဲများအနေနှင့်လုပ်ကိုင်ရမည့်လုပ်ငန်းများကို သတိရနိုင်ကြရန် မတ်လ ၁၉၈၉ နှင့် ဧပြီ ၁၉၉၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုများတွင် အသေးစိတ်ဖေါ်ပြထားသည်။
၈ ၁၉၉၁ ခုတွင် ဤအရေးအကြီးဆုံးနေ့ရက်နီးလာလေ ယေရှု၏သေခြင်းသည် လူသားတို့အတွက် အဘယ်အဓိပ္ပာယ်ရှိသည်ကို ထိုးထွင်းသိမြင်ခြင်းနှင့်လေးစားတန်ဖိုးထားစိတ်ဖြင့် ချဉ်းကပ်ကြစို့လေ။ “သခင်အရှင်အသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင်” ဆက်ကြွေးကြော်ရမည်ဟူသော ယေရှု၏အမိန့်ကိုသစ္စာရှိရှိနာခံသူ၊ ယေဟောဝါအားနည်းမှန်လမ်းကျ ကိုးကွယ်သူတို့နှင့်အတူ မတ်လ ၃၀ ရက်နေ့ညနေချိန်တွင် တစ်ဖန်ပြန်စုဝေးကြစို့လေ။