ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး ပွင့်နေ
၁ သတင်းကောင်းကိုဇွဲရှိရှိဟောပြောသူတစ်ဦးအနေနှင့် ပေါလုသည် သာ၍လိုအပ်သောရပ်ကွက်များကို စိတ်အားထက်သန်စွာရှာဖွေခဲ့သည်၊ ယင်းတို့အနက်တစ်ခုမှာ ဧဖက်မြို့ဖြစ်သည်။ ထိုတွင်ဟောပြောရာ အောင်မြင်မှုများစွာရရှိခဲ့သောကြောင့် ခရစ်ယာန်ချင်းတို့အား “အလွန်ကြီးစွာသောတံခါး [“ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး၊” ကဘ] သည်အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏” ဟူ၍သူရေးခဲ့သည်။ (၁ ကော. ၁၆:၉) ပေါလုသည် ထိုရပ်ကွက်တွင် ဆက်၍အမှုဆောင်ကာ ဧဖက်မြို့သားများစွာတို့အား ယုံကြည်သူများဖြစ်လာရန် ကူညီပေးခဲ့သည်။—တ. ၁၉:၁-၂၀၊ ၂၆။
၂ ယနေ့လည်း ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီးသည် ကျွန်ုပ်တို့အတွက် ပွင့်လျက်ရှိသည်။ နှစ်စဉ် ရပ်ကွက်အားလုံးကို နှံ့စပ်စွာမလုပ်ဆောင်နိုင်သောအသင်းတော်များအား ကူညီရန်ဖိတ်ခေါ်ချက်တစ်ခုကို ကျွန်ုပ်တို့ရရှိထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများသည် တချို့သောဒေသများတွင်ရှိသည့်လိုအပ်ချက်ကို ထေမိစေနိုင်သည်။—၂ ကောရိန္သု ၈:၁၃-၁၅ နှိုင်းယှဉ်။
၃ သာ၍လိုအပ်သောနေရာတွင် သင်အမှုဆောင်နိုင်သလော။ အခြားတစ်နေရာတွင် အမှုဆောင်နိုင်သည့်အခြေအနေကို သင်ဆုတောင်းသုံးသပ်ဖူးသလော။ သင့်မြို့တွင်ရှိသောအသင်းတော်တစ်ခုကို သင်အကူအညီပေးနိုင်ပေမည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တိုက်နယ်ကြီးကြပ်မှူးအားပြောပြကာ သူ၏အကြံပြုချက်များကို ဂရုစိုက်ပါလေ။ သို့မဟုတ် သင့်အသင်းတော်ရပ်ကွက်အတွင်းတွင် အကူအညီပို၍လိုအပ်ကောင်းလိုအပ်ပေမည် သို့မဟုတ် အသင်းတော်တွင် တစ်နှစ်လျှင်တစ်ကြိမ်မျှသက်သေမခံရသည့်ရပ်ကွက်များရှိပေမည်။ လယ်ကွင်းလုပ်ငန်းတွင် သင်ပိုမိုလုပ်ဆောင်နိုင်သလော၊ ပို၍မကြာခဏအရန်ရှေ့ဆောင်နိုင်သလော။ အသင်းတော်များစွာတွင် တစ်နာရီမှငါးနာရီအထိမှတ်တမ်းသွင်းသောကြေညာသူ အမြောက်အမြားရှိသည်။ လယ်ကွင်းတွင် သင်မှန်မှန်ပါဝင်နိုင်သလော။ လယ်ကွင်းလုပ်ငန်းတွင် ဆယ်နာရီ သို့မဟုတ် ထို့ထက်မက သင်လုပ်ဆောင်နိုင်သလော။ ဤလိုအပ်ချက်ကိုပြည့်မီရန် တစ်အိမ်မှတစ်အိမ်၊ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုလုပ်ငန်းတွင် အသင်ကိုယ်တိုင်ကြိုးစားလုပ်ဆောင်နိုင်သလော။ အသင်းတော်အချို့တွင် မှန်မှန်မကြေညာသူ များစွာရှိပြီး အချို့တို့သည် ယေဟောဝါ၏အမှုတော်ကို စတိလောက်သာလုပ်ဆောင်ကြသည်။ ထိုသူများကို အကြီးအကဲများကူညီပေးနိုင်သလော။ သင်သည် ထိုသူတို့ထဲမှတစ်ဦးဖြစ်ပါက သင်၏ဆက်ကပ်အပ်နှံခြင်းနှင့်အညီ ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်အတွက် ပိုမိုလုပ်ဆောင်နိုင်သလော။
၄ နိုင်ငံတချို့တွင် မကြာသေးမီဆယ်စုနှစ်များက ခရစ်ယာန်မိသားစုထောင်ပေါင်းများစွာသည် ရိတ်သိမ်းခြင်းလုပ်ငန်းတွင် ပို၍ပြည့်ဝစွာပါဝင်ရန် အခြားတိုင်းပြည်များသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ခဲ့သည့်မောင်နှံတစ်စုံက “အကူအညီအများဆုံးပေးနိုင်တဲ့နေရာမှာ ယေဟောဝါအမှုတော်ကို ကျွန်တော်တို့ဆောင်ချင်ပါတယ်” ဟူ၍ပြောသည်။ ကျွန်ုပ်တို့သည် အခြားတိုင်းပြည်သို့ပြောင်းရွှေ့စရာမလိုပါ၊ ကျွန်ုပ်တို့၏နိုင်ငံတွင်ပင် အကောင်းဆုံးလုပ်ဆောင်နိုင်ပါသည်။ ကျွန်ုပ်တို့၏အသင်းတော်ရပ်ကွက်တွင် လုပ်ဆောင်စရာများစွာရှိနေပါသည်။ ကျွန်ုပ်တို့သည် မည်သည့်နေရာ၌ပင်ရှိနေပါစေ ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီးသည် အားလုံးအတွက် အမှန်ပင်ပွင့်နေပါသည်။ ကျွန်ုပ်တို့၏အိမ်ကိုပင် သက်သေခံဖို့လိုသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သားသမီးများကို သမ္မာတရားသင်ကြားပေးသလော။ ကျွန်ုပ်တို့သည် မိသားစုကျမ်းစာသင်အံမှုကိုပြုလုပ်ပါသလော သို့မဟုတ် အခြားသူတစ်ဦးတစ်ယောက်ကလုပ်ဆောင်ပေးဖို့ ယင်းကို ကျွန်ုပ်တို့ချန်လှပ်ထားသလော။ ကျွန်ုပ်တို့၏မိသားစုနှင့်အတူ စည်းဝေးအားလုံးအတွက် ပြင်ဆင်ပါသလော။ ကျွန်ုပ်တို့၏မိသားစုနှင့်အတူ တစ်အိမ်မှတစ်အိမ်လေ့ကျင့်မှုအစီအစဉ်များကို လုပ်ပေးသလော။ ထို့အပြင် ပတ်စဉ်ခရစ်ယာန်စည်းဝေးများနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏သားသမီးများကို စည်းဝေးများသို့ခေါ်မလာမီ အဓိပ္ပာယ်ရှိသောမှတ်ချက်များပေးရန် သင်ပေးသလော သို့မဟုတ် စည်းဝေးချိန်အတွင်း နားနားကပ်ပြီး အဖြေကိုတိုးတိုးပြောပေးရုံနှင့် ကျေနပ်နေသလော။ ဤအရာများသည် ကျွန်ုပ်တို့အတွက် ပွင့်နေသောလုပ်ဆောင်စရာတံခါးကြီးမှ တချို့ဖြစ်သည်။
၅ “ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်၍ အကျိုးကြီးသည်ကိုသိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့လျော့မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့” ဟူ၍တမန်တော်ပေါလုကဆိုသည်။ မှန်ပါသည်၊ ‘သခင်ဘုရား၏အမှုတော်၌လုပ်ကိုင်စရာများစွာ’ ရှိပါသည်။ ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၊ ပြန်လည်ပတ်မှု၊ အိမ်တွင်းကျမ်းစာသင်အံမှု၊ မိသားစုကျမ်းစာသင်အံမှု၊ စည်းဝေးအားလုံးကိုမှန်မှန်တက်ရောက်ခြင်း၊ စည်းဝေးအားလုံးတွင် ပြင်ဆင်ပြီးပါဝင်ခြင်း၊ တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းနှင့် ပြန်လည်ပတ်မှုများအတွက် လက်တွေ့ကျအစီအစဉ်များလုပ်ခြင်းတို့တွင် ပိုမိုလုပ်ဆောင်နိုင်ပါသည်။ ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီးသည် ပွင့်လျက်ရှိနေသည်နှင့်အမျှ ကျွန်ုပ်တို့အားလုံး ယေဟောဝါ၏လုပ်ငန်းတော်၌ ဆက်၍အလုပ်များနေကြစို့။—၁ ကော. ၁၅:၅၈။