လက်ကမ်းဝေစာများကို ကောင်းစွာအသုံးချပါ
၁ အသင်းတော်လက်ကမ်းဝေစာများသည် ရပ်ကွက်ရှိလူတို့အား နိုင်ငံတော်ခန်းမလိပ်စာနှင့် အစည်းအဝေးများ၏အချိန်မှန်ကိုအသိပေးရာတွင် အသုံးဝင်သည်။ သင်နှင့်တွေ့ဆုံသူတိုင်းကို တစ်စောင်စီဝေငှပေးလျှင် ကောင်းပေမည်။ ထိုသို့ပြုရန် အသင်းတော်တိုင်းသည် လက်ကမ်းဝေစာအလုံအလောက်ရှိထားသင့်သည်။ အစည်းအဝေးအချိန်များကို နှစ်စဉ်ပြောင်းသောအသင်းတော်များအတွက် လက်ရှိအစည်းအဝေးအချိန်များပါရှိသည့်ဝေစာများကို အမြဲဆောင်ထားနိုင်ရန် နှစ်စဉ်အောက်တိုဘာမတိုင်မီအချိန်အတောအတွင်း လက်ကမ်းဝေစာအသစ်များကို မှာယူသင့်သည်။ လက်ကမ်းဝေစာတောင်းခံပုံစံကို ဤရည်ရွယ်ချက်အတွက်သုံးရန်ဖြစ်သည်။ လက်ကမ်းဝေစာများကိုရလျှင်ရချင်း အကျိုးအရှိဆုံးနည်းဖြင့် ၎င်းတို့ကို သင် မည်သို့အသုံးချနိုင်သနည်း။
၂ လူတစ်ဦးအား ဝေစာတစ်စောင်ကိုကမ်းပေးခြင်းသည် မိမိကိုယ်ကိုမိတ်ဆက်ရန်နှင့် စကားစမြည်စတင်ပြောဆိုရန် ထိရောက်သောနည်းတစ်နည်းဖြစ်ကြောင်း ကြေညာသူများစွာတွေ့ရှိကြပါသည်။ အစည်းအဝေးအစီအစဉ် သို့မဟုတ် ကျောဘက်ရှိသတင်းတရားကို ညွှန်ပြပေးခြင်းက ကျွန်ုပ်တို့၏လုပ်ငန်းနှင့် ၎င်း၏ရည်ရွယ်ချက်အကြောင်းဆွေးနွေးဖို့ လမ်းဖွင့်ပေးနိုင်သည်။ မိဘများသည် မိမိတို့၏ငယ်ရွယ်သောသားသမီးများအား အိမ်ပေါက်ဝတွင် လက်ကမ်းဝေစာဝေငှစေခြင်းအားဖြင့် ဓမ္မအမှုတွင် ပါဝင်စေနိုင်သည်။ စာရေးသက်သေခံသောကြေညာသူများသည် မိမိတို့၏စာတွင် လက်ကမ်းဝေစာတစ်စောင်ကို တစ်ပါတည်းထည့်ပေးလိုက်ပြီး အစည်းအဝေးများတက်ရန် ထိုသူအားဖိတ်ခေါ်သင့်သည်။ လူမတွေ့သည့်အိမ်များတွင် လက်ကမ်းဝေစာများကို ထားခဲ့နိုင်ကောင်းထားခဲ့နိုင်ပြီး ဖြတ်သွားဖြတ်လာများလုံးဝမမြင်စေရန် တံခါးအောက်တွင်ထားခဲ့ဖို့ ဂရုပြုပါ။
၃ လက်ကမ်းဝေစာများသည် နှလုံးရိုးဖြောင့်သူများကို သမ္မာတရားသို့လမ်းညွှန်ပေးသောကိရိယာဖြစ်ခဲ့ပေပြီ။ လက်ကမ်းဝေစာတစ်စောင်ကြောင့် အမျိုးသမီးတစ်ဦးသည် ကျမ်းစာကိုနားလည်လိုသည့် သူမ၏ရာသက်ပန်ဆန္ဒကိုပြည့်ဝစေနိုင်ခဲ့ကြောင်း တွေ့ ကြုံမှုတစ်ခုက ဖော်ပြသည်။ ဘုရားသခင်ထံ တစ်ညလုံးသူမဆုတောင်းပြီးနောက် သက်သေခံမောင်နှံတစ်စုံသည် မနက်ပိုင်းတွင် သူမ၏တံခါးဘဲလ်ကို လာ၍နှိပ်သည်။ ချောင်းကြည့်ပေါက်မှကြည့်လိုက်ပြီး သူမတံခါးမဖွင့်ပေးနိုင်ကြောင်း အော်ပြောသည်။ သက်သေခံများသည် လက်ကမ်းဝေစာတစ်စောင်ကို တံခါးအောက်ထိုးထည့်ပေးသည်။ ၎င်းတွင် “သင်၏သမ္မာကျမ်းစာကိုသိရှိပါ” ဟူ၍ဖတ်ရသည်။ ၎င်းကို သူမတွေ့လိုက်ရာ တံခါးဖွင့်ပေးလိုက်သည်။ ချက်ချင်းပင် သင်အံမှုစလိုက်ပြီး နောက်ပိုင်းတွင် သူမသည် နှစ်ခြင်းခံခဲ့ပါသည်။ ဘုရားသခင့်ဝိညာဉ်တော်၏တန်ခိုးကို ဘယ်သောအခါမျှလျှော့မတွက်ဘဲ ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြည့်ဝစွာပြီးမြောက်စေသည်နှင့်အမျှ လက်ကမ်းဝေစာများကို မှန်မှန်ကောင်းစွာအသုံးချကြစို့။—ဖေဖော်ဝါရီ ၁၉၉၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁ ကိုလည်းရှု။