ယေဟောဝါ၏လုပ်ငန်းတော်ကိုဗဟိုပြု၍ သင့်အသက်တာကို တည်ဆောက်ပါ
၁ ယေရှုသည် မိမိ၏တရားနာသူများအား ဆောက်လုပ်သူနှစ်မျိုးနှင့် ခိုင်းနှိုင်းခဲ့သည်။ တစ်မျိုးသည် မိမိ၏အသက်တာလမ်းစဉ်ကို ခရစ်တော်အားနာခံခြင်းဆိုင်ရာ ကျောက်အပေါ်မှာတည်ဆောက်ရာ အတိုက်အခံနှင့်ဆင်းရဲဒုက္ခဆိုင်ရာ မုန်တိုင်းများကို ကြံ့ကြံ့ခံနိုင်သည်။ အခြားတစ်မျိုးမှာမူ အတ္တဆန်သောမနာခံခြင်းဆိုင်ရာ သဲအပေါ်မှာတည်ဆောက်ရာ ဖိစီးမှုခံရသည့်အခါ မခံရပ်နိုင်ပါ။ (မ. ၇:၂၄-၂၇) ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏ဆုံးခန်းတွင် အသက်ရှင်နေရသဖြင့် ဆင်းရဲဒုက္ခဆိုင်ရာမုန်တိုင်းများစွာကို တွေ့ ကြုံခံစားရသည်။ မိုးကုပ်စက်ဝိုင်းတွင် ကြီးစွာသောဒုက္ခတည်းဟူသော ညို့မှိုင်းနေသည့်တိမ်တိုက်များသည် လျင်မြန်စွာစုဝေးနေသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမပျက်ဘဲ အဆုံးထိခံရပ်ကြမည်လော။ (မ. ၂၄:၃၊ ၁၃၊ ၂၁) ကျွန်ုပ်တို့၏အသက်တာကို ယခု မည်သို့တည်ဆောက်နေသည်ဟူသည့်အပေါ် များစွာမူတည်သည်။ ထို့ကြောင့် ‘ငါ့ရဲ့ခရစ်ယာန်အသက်တာကို နာခံမှုရှိရှိ ဘုရားသခင့်အမှုတော်ဆောင်ခြင်းအပေါ် အခိုင်အမာတည်ဆောက်နေသလား’ ဟူ၍ကျွန်ုပ်တို့ကိုယ်ကိုမေးရန် အရေးကြီးသည်။
၂ ယေဟောဝါ၏လုပ်ငန်းတော်ကိုဗဟိုပြု၍ ကျွန်ုပ်တို့၏အသက်တာကို တည်ဆောက်ခြင်းဟူသည် ဘာကိုဆိုလိုသနည်း။ ယင်းက ယေဟောဝါအား ကျွန်ုပ်တို့အသက်တာ၏ဗဟိုဖြစ်စေခြင်းကို ဆိုလိုသည်။ ယင်းတွင် နိုင်ငံတော်ကို ကျွန်ုပ်တို့၏အဓိကအရေးထားရာအဖြစ် အာရုံစူးစိုက်ခြင်းပါဝင်သည်။ ယင်းက ကျွန်ုပ်တို့နေ့စဉ်အသက်တာ၏လုပ်ဆောင်မှုတိုင်း၌ ဘုရားသခင်အားနာခံရန် လိုအပ်စေသည်။ ယင်းသည် ကျွန်ုပ်တို့တစ်ဦးစီ၊ မိသားစုနှင့် အသင်းတော်လိုက် ကျမ်းစာလေ့လာမှုနှင့် လယ်ကွင်းဓမ္မအမှုတို့တွင် အားတက်သရောရှိကာ ယင်းတို့ကို ကျွန်ုပ်တို့၏ဦးစားထားရာများဖြစ်စေရန် တောင်းဆိုသည်။ (ဒေ. ၁၂:၁၃; မ. ၆:၃၃) ထိုကဲ့သို့နာခံမှုရှိသောလမ်းစဉ်က တိုက်ခတ်လာမည့် မည်သည့်ဆင်းရဲဒုက္ခမုန်တိုင်းကိုမဆို ရင်ဆိုင်ရသည့်အခါ ပျက်ပြားသွားမည်မဟုတ်သည့် ခိုင်မာသောယုံကြည်ခြင်းကို ရရှိစေသည်။
၃ သန်းပေါင်းများစွာသောသူတို့သည် ယေရှုလုပ်ခဲ့သကဲ့သို့ပင် ဘုရားသခင့်အမှုတော်ဆောင်ခြင်းကိုဗဟိုပြု၍ သူတို့၏အသက်တာနှင့် သူတို့၏အနာဂတ်အတွက် မျှော်လင့်ချက်များကို ယုံကြည်စိတ်ချစွာတည်ဆောက်နေကြသည်ကို တွေ့ရခြင်းသည် ဝမ်းသာစရာပင်။ (ယော. ၄:၂၃) သူတို့သည် တစ်သမတ်တည်းဖြစ်သော သီအိုကရက်တစ်လုပ်ငန်းဇယားကို လိုက်နာကြရာ ရလဒ်အနေနှင့် ကြွယ်ဝသောကောင်းချီးများကို ခံစားကြရသည်။ မိခင်တစ်ဦးက သူမနှင့်သူမ၏ခင်ပွန်းတို့သည် ယေဟောဝါအားဝတ်ပြုရန် မိမိတို့၏သားနှစ်ယောက်ကို မည်သို့အောင်မြင်စွာကျွေးမွေးစောင့်ရှောက်ခဲ့ကြောင်း ဤသို့ရှင်းပြခဲ့သည်– “ကျွန်မတို့ရဲ့အသက်တာကို သမ္မာတရားနဲ့ပြည့်စေခဲ့တယ်—စည်းဝေးကြီးအားလုံးကိုတက်ကြ၊ အစည်းအဝေးတွေအတွက် ပြင်ဆင်ပြီးတက်ကြ၊ လယ်ကွင်းလုပ်ငန်းကို ကျွန်မတို့အသက်တာရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်စေကြပါတယ်။” သူမ၏ခင်ပွန်းက ဤသို့ဆက်ပြောသည်– “သမ္မာတရားဟာ ကျွန်တော်တို့အသက်တာရဲ့အစိတ်အပိုင်းမဟုတ်ဘဲ ကျွန်တော်တို့ရဲ့အသက်တာဖြစ်တယ်။ အခြားအရာအားလုံးကို အဲဒီအပေါ်မှာပဲ ဗဟိုပြုထားတယ်။” သင့်မိသားစုတွင်လည်း ယေဟောဝါ၏လုပ်ငန်းတော်ကို ထပ်တူဦးထိပ်ထားပါသလော။
၄ ဖြစ်နိုင်ခြေရှိသောပတ်စဉ်ဇယားကို ဖန်တီးပါ– ယေဟောဝါ၏အဖွဲ့အစည်းက တစ်ပတ်လျှင် အစည်းအဝေးငါးခုကိုစီစဉ်ပေးခြင်းဖြင့် ဝိညာဏအလေ့အထကောင်းကိုလိုက်လျှောက်ရန် ကျွန်ုပ်တို့ကိုကူညီပေးသည်။ ယေဟောဝါ၏ဝတ်ပြုရေးကိုဗဟိုပြု၍ မိမိတို့၏အသက်တာကို တည်ဆောက်ထားသောခရစ်ယာန်များသည် ဤအရေးပါသောအစည်းအဝေးအားလုံးကို တက်ရောက်နိုင်သောနည်းဖြင့် မိမိတို့၏လောကီနှင့် မိသားစုရေးရာများကို စီစဉ်ကြသည်။ သူတို့သည် အရေးသိပ်မကြီးသည့်ကိစ္စရပ်များကြောင့် မှန်မှန်တက်ရောက်ခြင်းကိုပျက်ကွက်ရန် ခွင့်မပြုကြပါ။—ဖိ. ၁:၁၀; ဟေဗြဲ ၁၀:၂၅။
၅ နေ့စဉ်သတ်မှတ်ထားသောအချိန်တွင် အစာကိုမှန်မှန်စားရန် အရေးကြီးသကဲ့သို့ အစည်းအဝေးများအတွက်ပြင်ဆင်ခြင်းအပါအဝင် ကိုယ်ပိုင် သို့မဟုတ် မိသားစုလေ့လာမှုအတွက် တိကျသောအစီအစဉ်တစ်ခုလုပ်ရန် အရေးကြီးသည်ကို ရင့်ကျက်သောခရစ်ယာန်များအသိအမှတ်ပြုကြသည်။ (မ. ၄:၄) သင်သည် ကိုယ်ပိုင်လေ့လာမှုအတွက် နေ့စဉ် အနည်းဆုံး ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ဖယ်ထားနိုင်မည်လော။ အဓိကသော့ချက်မှာ အခြားအရာများကြောင့် လေ့လာမှုအတွက် ဖယ်ထားသည့်အချိန်ကိုထိခိုက်ရန် ခွင့်မပြုဖို့ဖြစ်သည်။ ယင်းကို အကျိုးဖြစ်ထွန်းသောအလေ့အထဖြစ်စေပါ။ ယင်းသို့ဖြစ်ရန် သင်သည် နံနက်တိုင်း ယခုထက်စောစောအိပ်ရာထဖို့ လိုပေမည်။ ကမ္ဘာတစ်ဝန်းရှိဗေသလမိသားစုဝင် ၁၇,၀၀၀ သည် နေ့စဉ်ကျမ်းချက်ဆွေးနွေးရန် နံနက်စောစောအိပ်ရာထကြသည်။ မှန်ပါသည်၊ စောစောအိပ်ရာထနိုင်ရန် ညဘက်တွင် တော်သင့်သောအချိန်၌ အိပ်ရာဝင်ဖို့လိုသည်၊ သို့မှသာ နောက်တစ်နေ့တွင် ကျန်းမာရွှင်လန်းစွာ နိုးထနိုင်မည်ဖြစ်သည်။
၆ သင်သည် အိမ်ထောင်ဦးစီးဖြစ်ပါက သင့်မိသားစု၏ သီအိုကရက်တစ်လုပ်ငန်းဇယားကို ရေးဆွဲရန်နှင့် စီစဉ်ဆောင်ရွက်ရန် အစပြုလုပ်ဆောင်ပါ။ မိသားစုအချို့သည် ညနေစာစားပြီးနောက်အနားယူချိန်တွင် ကျမ်းစာ၊ နှစ်ချုပ်စာအုပ်၊ သို့မဟုတ် အခြားစာပေများကို အတူဖတ်ကြသည်။ သားသမီးများ ဝိညာဉ်ရေးသန်စွမ်းသောခရစ်ယာန်များအဖြစ် ကြီးပြင်းလာသည်ကိုတွေ့ မြင်ခဲ့ကြသောမိဘများစွာက သူတို့အောင်မြင်ရသည့်အကြောင်းတစ်ခုမှာ ဝိညာဏတည်ဆောက်မှုပေးသောအချိန်ကို အတူပျော်မွေ့နိုင်သည့် တစ်ခုသောညနေခင်းကို သီးသန့်ဖယ်ထားသည့်အလေ့အထပင်ဖြစ်သည်ဟု ပြောကြသည်။ ထိုကဲ့သို့သောဖခင်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော်တို့ရဲ့ကလေးတွေ ဝိညာဉ်ရေးမှာဖွံ့ဖြိုးကြီးထွားတာဟာ အများအားဖြင့် လွန်ခဲ့တဲ့အနှစ် ၃၀ လောက်ကစခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပုံမှန်မိသားစုသင်အံမှုကြောင့်ဖြစ်တယ်လို့ ကျွန်တော်ယူဆတယ်။” သူ၏သားသမီးသုံးယောက်စလုံးသည် ငယ်ရွယ်စဉ်ကတည်းက နှစ်ခြင်းခံခဲ့ပြီး နောက်ပိုင်းတွင် သုံးယောက်စလုံး အချိန်ပြည့်ဓမ္မအမှုသို့ဝင်ရောက်ခဲ့သည်။ မိသားစုသင်အံမှုအပြင် လယ်ကွင်းလုပ်ငန်းတင်ဆက်မှုများ သို့မဟုတ် အစည်းအဝေးတွင်ရသည့်တာဝန်များကို အစမ်းလေ့ကျင့်နိုင်ပြီး အခြားအကျိုးဖြစ်ထွန်းသောလုပ်ငန်းများကို အတူတကွလုပ်ဆောင်နိုင်သည်။
၇ သင့်ပတ်စဉ်ဇယားတွင် နိုင်ငံတော်ဟောပြောခြင်းအတွက် ‘အချိန်ကိုဝယ်ယူခဲ့’ ပြီလော။ (ကော. ၄:၅၊ ကဘ) ကျွန်ုပ်တို့အများစုသည် မိသားစုနှင့်အသင်းတော်တာဝန်များကို ထမ်းဆောင်ရခြင်းဖြင့် အလွန်အလုပ်များကြသည်။ ကျွန်ုပ်တို့သည် ပတ်စဉ် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင်ပါဝင်ရန် တိကျသောအစီအစဉ်များမလုပ်ထားလျှင် အခြားအရာများကြောင့် ဤအရေးပါသောလုပ်ငန်းအတွက် အချိန်မပေးနိုင်သည်အထိဖြစ်ရန် အလွန်လွယ်ကူလိမ့်မည်။ ကျွဲနွားမွေးမြူရေးခြံကြီးတစ်ခု၏ပိုင်ရှင်က ဤသို့ဆိုသည်– “၁၉၄၄ ခုနှစ်ဝန်းကျင်တုန်းက အမှုဆောင်လုပ်ငန်းမှာပါဝင်ဖြစ်ဖို့ တစ်ခုတည်းသောနည်းကတော့ အဲဒီအတွက် တစ်နေ့နေ့ကို ဇယားဆွဲထားခြင်းပဲလို့ ကျွန်တော်သဘောပေါက်ခဲ့တယ်။ ဒီကနေ့အထိပါပဲ၊ လုပ်ငန်းတော်အတွက် တစ်ပတ်မှာတစ်ရက် ဖယ်ထားတုန်းပါပဲ။” သက်သေခံခြင်းအတွက် တိကျသောဇယားတစ်ခုထားရှိခြင်းက မိမိအား ဟောပြောခြင်းလုပ်ငန်းတွင် တစ်လလျှင် ပျမ်းမျှ ၁၅ နာရီထိပါဝင်နိုင်စေကြောင်း ခရစ်ယာန်အကြီးအကဲတစ်ဦးတွေ့ရှိခဲ့သည်။ သူသည် စနေနေ့တွင် လောကအလုပ်တစ်ခုခုရှိမည်ဆိုလျှင် နံနက်ပိုင်းလယ်ကွင်းလုပ်ငန်းပြီးနောက်တွင် ယင်းကိုလုပ်ဖို့စီစဉ်သည်။ သင်နှင့် သင့်မိသားစုသည် လယ်ကွင်းလုပ်ငန်းအတွက် တစ်ပတ်လျှင် အနည်းဆုံးတစ်ရက်ကို ဇယားဆွဲကာ ယင်းကို သင့်ဝိညာဏအသက်တာလမ်းစဉ်၏ အစိတ်အပိုင်းဖြစ်စေနိုင်မည်လော။—ဖိ. ၃:၁၆။
၈ သင့်အသက်တာလုပ်ရိုးလုပ်စဉ်ကို ဆန်းစစ်ပါ– ယေဟောဝါ၏လုပ်ငန်းတော်ကိုဗဟိုပြု၍ ကျွန်ုပ်တို့၏အသက်တာကိုတည်ဆောက်နေခြင်းအား ထိခိုက်စေသည့်အရာများရှိ၏။ ကြိုမမြင်နိုင်သောအခြေအနေများကြောင့် သင်အံမှု၊ အစည်းအဝေးများနှင့် လုပ်ငန်းတော်အတွက် ကျွန်ုပ်တို့အသေအချာဆွဲထားသောဇယားကို ပျက်သွားစေနိုင်သည်။ ထို့အပြင် ကျွန်ုပ်တို့၏ရန်သူစာတန်သည် “ဆီးတား” ရန်နှင့် ကျွန်ုပ်တို့၏အစီအစဉ်များကို ပျက်ပြားစေရန် အစွမ်းကုန်လုပ်ဆောင်မည်ဖြစ်သည်။ (၁ သက်. ၂:၁၈; ဧ. ၆:၁၂၊ ၁၃) သင်လက်မြှောက်အရှုံးပေးသည်အထိ ဤအတားအဆီးများက သင့်အားစိတ်ပျက်အားလျော့စေရန် ခွင့်မပြုပါနှင့်။ သင်ဇယားဆွဲထားသည့် သီအိုကရက်တစ်လုပ်ငန်းကိုလုပ်ဆောင်ရန် လိုအပ်သည့် မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမဆို ပြုလုပ်ပါ။ အမှန်တကယ်အကျိုးနပ်သောအရာကို ပြီးမြောက်ရန် ဆုံးဖြတ်ချက်နှင့် မဆုတ်မနစ်သောဇွဲရှိရန် လိုသည်။
၉ ကျွန်ုပ်တို့၏အချိန်နှင့်အာရုံစိုက်မှုကို ပို၍ပို၍ကုန်ခန်းစေနိုင်သည့် ဝိညာဉ်ရေးနှင့်မဆိုင်သောလုပ်ဆောင်မှုများကို အစပြုလုပ်ဆောင်ရန် လောကသြဇာများနှင့် ကျွန်ုပ်တို့၏မစုံလင်သောအသွေးအသား၏အကျိုးယုတ်စေသည့်သြဇာကို ခွင့်မပြုရပါ။ ဤကဲ့သို့သောမေးခွန်းများကိုသုံး၍ မိမိကိုယ်ကိုစစ်ဆေးဖို့လိုသည်– ‘ကျွန်ုပ်၏အသက်တာလမ်းစဉ်သည် တဖြည်းဖြည်းနှင့် ဟန်ချက်ပျက် သို့မဟုတ် အာရုံပျံ့လွင့်ဘိသကဲ့သို့ဖြစ်လာပြီလော။ ကျွန်ုပ်၏အသက်တာကို ကွယ်ပျောက်သွားနေသည့် ဤလောကရှိအရာများအပေါ်ဗဟိုပြု၍ တည်ဆောက်ခဲ့ပြီလော။ (၁ ယော. ၂:၁၅-၁၇) ဝိညာဉ်ရေးနှင့်ဆိုင်သောလုပ်ငန်းများတွင် သုံးသည့်အချိန်နှင့်နှိုင်းယှဉ်လျှင်—ရုပ်မြင်သံကြားကြည့်ခြင်း သို့မဟုတ် အင်တာနက်ထဲ တစေ့တစောင်းဝင်ကြည့်ခြင်းအပါအဝင်—ကိုယ်ရေးကိုယ်တာလုပ်ငန်းများ၊ အပျော်ခရီးထွက်ခြင်း၊ အားကစားနှင့်ဆိုင်သောလုပ်ငန်းများ သို့မဟုတ် အခြားဖျော်ဖြေမှုများတွင် ကျွန်ုပ်သည် အချိန်မည်မျှသုံးနေသနည်း။’
၁၀ သင့်အသက်တာသည် မလိုအပ်သောလုပ်ဆောင်မှုများဖြင့် ပို၍ပို၍ပြည့်နှက်လာသည်ကို သင်သတိပြုမိလျှင် ဘာလုပ်ရမည်နည်း။ မိမိ၏ညီအစ်ကိုများသည် “ပြန်ချိန်ညိခြင်း” သို့မဟုတ် “ပြန်တည့်မတ်လာခြင်း” ရှိမည်အကြောင်း ပေါလုဆုတောင်းခဲ့သကဲ့သို့ ယေဟောဝါ၏လုပ်ငန်းတော်တွင် ပြန်အာရုံစူးစိုက်လာရန် အကူအညီရဖို့ ကိုယ်တော်ထံ တိုးလျှိုးအသနားခံပါလေ။ (၂ ကော. ၁၃:၉၊ ၁၁၊ ကဘ၊ အောက်ခြေမှတ်ချက်။) ထို့နောက် သင်၏သန္နိဋ္ဌာန်နှင့်အညီနေထိုင်ဖို့ ဆုံးဖြတ်ကာ လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါ။ (၁ ကော. ၉:၂၆၊ ၂၇) ယေဟောဝါအား နာခံမှုရှိရှိဝတ်ပြုခြင်းမှ လက်ယာဘက် သို့မဟုတ် လက်ဝဲဘက်သို့ မလွဲသွားရစေရန် သင့်ကို ကိုယ်တော်ကူညီပါလိမ့်မည်။—ဟေရှာယ ၃၀:၂၀၊ ၂၁ နှိုင်းယှဉ်။
၁၁ ဘုရားသခင်၏ရွှင်လန်းဖွယ်ရာလုပ်ငန်းတွင် အလုပ်များနေပါ– သန်းပေါင်းများစွာသောသူတို့သည် အရဲစွန့်လျက်ပျော်ရွှင်မှုကိုရှာကြရာ သူတို့၏အသက်တာကုန်ဆုံးခါနီးတွင် စိတ်အားထက်သန်စွာရှာဖွေထားသည့် ပစ္စည်းဥစ္စာများသည် သူတို့အား တည်မြဲသောပျော်ရွှင်မှုမပေးကြောင်းကိုသာ တွေ့ရှိကြသည်။ ယင်းသည် “လေကိုကျက်စားသောအမှု” ဖြစ်သည်။ (ဒေ. ၂:၁၁) အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် ‘ယေဟောဝါကို အစဉ်မျက်မှောက်ပြု’ လျက်မိမိတို့၏အသက်တာကို ကိုယ်တော်အပေါ် ဗဟိုပြုထားသောအခါ အကြီးအကျယ် ကျေနပ်မှုခံစားရသည်။ (ဆာ. ၁၆:၈၊ ၁၁) ထိုသို့ဖြစ်ရခြင်းမှာ ယေဟောဝါသည် ကျွန်ုပ်တို့တည်ရှိရခြင်း၏အကြောင်းရင်း ဖြစ်သောကြောင့်ပင်။ (ဗျာ. ၄:၁၁) ကြီးမြတ်သောရည်ရွယ်တော်မူရှင် ကိုယ်တော်သာမရှိလျှင် ဘဝသည် အဓိပ္ပာယ်မရှိပါ။ ယေဟောဝါ၏အမှုဆောင်ခြင်းသည် ကျွန်ုပ်တို့၏အသက်တာကို အကျိုးနပ်သော၊ ရည်ရွယ်ချက်ရှိသောလုပ်ဆောင်မှုဖြင့် ပြည့်နေစေကာ ယင်းက ကျွန်ုပ်တို့ကိုသာမက အခြားသူများကိုပါ ထာဝရအကျိုးခံစားရစေသည်။
၁၂ မိမိကိုယ်ကိုကျေနပ်မနေရန်နှင့် အလျင်အမြန်ချဉ်းကပ်လာနေသော စာတန့်လောက၏အဆုံးနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏အရေးတကြီးသဘောထား မပျောက်သွားရန်အရေးကြီးသည်။ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာကို အနာဂတ်အပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံက လွှမ်းမိုးသည်။ ကမ္ဘာချီရေလွှမ်းမိုးမည်ကိုမယုံခဲ့ကြသော နောဧခေတ်ရှိလူတို့သည် ရေလွှမ်းမိုးဘေးက “လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်း” သည့်တိုင်အောင် ကိုယ်ရေးကိုယ်တာလိုက်စားမှုများ—စားသောက်ခြင်းနှင့် ထိမ်းမြားခြင်း—တွင် သူတို့၏နေ့စဉ်အသက်တာကို ဗဟိုပြုထားခြင်းဖြင့် “သတိမဲ့” ခဲ့ကြသည်။ (မ. ၂၄:၃၇-၃၉) ယနေ့၊ မိမိတို့၏အသက်တာကို ဤလောကအပေါ်ဗဟိုပြုထားကြသူများသည် လူသားတို့တစ်ခါမျှမကြုံခဲ့ဖူးသည့် ‘ယေဟောဝါ၏နေ့ရက်’ တည်းဟူသော အကြီးမားဆုံးဖျက်ဆီးခြင်းတွင် အနာဂတ်အတွက်သူတို့၏အလားအလာများ သူတို့၏မျက်မှောက်၌ အစိတ်စိတ်အမြွှာမြွှာကျေပျက်သွားသည်ကို တွေ့ မြင်ရမည်။—၂ ပေ. ၃:၁၀-၁၂။
၁၃ ထို့ကြောင့် ဆက်၍ သင့်အသက်တာကို အသက်ရှင်တော်မူသောဘုရားသခင်၊ ယေဟောဝါ၌ဗဟိုပြု၍ တည်ဆောက်ကာ ကိုယ်တော်၏အလိုတော်ကိုဆောင်နေပါ။ ဤအသက်တာ၌ ယေဟောဝါကဲ့သို့ယုံကြည်စိတ်ချရသော ရင်းနှီးမတည်ပေးသူထံ သင်ပြုလုပ်နိုင်သည့်ရင်းနှီးမြှုပ်နှံမှု မရှိပါ။ ကိုယ်တော်သည် မုသားမသုံးနိုင်ပါ—မိမိ၏ကတိတော်များကို ကိုယ်တော်ပြည့်စုံစေမည်ဖြစ်သည်။ (တိ. ၁:၂) ကိုယ်တော်သည် မသေနိုင်ပါ—ယေဟောဝါ၌အပ်ထားသည့်အရာဘာတစ်ခုမျှ ဆုံးရှုံးသွားမည်မဟုတ်ပါ။ (ဟဗ. ၁:၁၂; ၂ တိ. ၁:၁၂) ကျွန်ုပ်တို့ယခုတည်ဆောက်နေသော နာခံမှုနှင့်ယုံကြည်ခြင်းရှိသည့်အသက်တာသည် ကျွန်ုပ်တို့၏ပျော်ရွှင်သောဘုရား၏ ရွှင်လန်းဖွယ်ရာလုပ်ငန်းတော်တွင် ထာဝစဉ်တည်ရှိသွားမည့် အသက်တာ၏အစသာဖြစ်သည်!—၁ တိ. ၁:၁၁; ၆:၁၉။
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]
“သမ္မာတရားဟာ ကျွန်တော်တို့အသက်တာရဲ့အစိတ်အပိုင်းမဟုတ်ဘဲ ကျွန်တော်တို့ရဲ့အသက်တာဖြစ်တယ်။ အခြားအရာအားလုံးကို အဲဒီအပေါ်မှာပဲ ဗဟိုပြုထားတယ်။”