မေးခွန်းသေတ္တာ
◼ အစည်းအဝေးများတွင် သူတို့၏ကလေးများ တည်ငြိမ်အေးဆေးစွာပြုမူနေထိုင်ဖို့ ကူညီပေးရာတွင် မိဘများကို ဧည့်ကြိုများက မည်သို့ကူညီနိုင်သနည်း။
ကလေးများသည် ပင်ကိုအားဖြင့် အငြိမ်မနေတတ်၊ အချိန်ကြာကြာလည်း ထိုင်လေ့မရှိကြပါ။ အစည်းအဝေးတစ်ခုပြီးသည့်အခါ ကလေးများသည် နိုင်ငံတော်ခန်းမတွင် သို့မဟုတ် အခြားစည်းဝေးနေရာများတွင်၊ ကားများရပ်သည့်နေရာတွင် သို့မဟုတ် လမ်းဘေးစင်္ကြံတွင် အခြားကလေးများနှင့်အတူ ပြေးလွှားဆော့ကစားလိုသည့် အငြိမ်မနေတတ်သည့်သဘောကို ချုပ်တည်းထားကြရသည်။ သို့သော် ဤပညာရှိစကားသည် မှန်ကန်ပါသည်– ‘တတ်တိုင်းနေစေသောကလေးသည် မိဘကိုအရှက်ခွဲတတ်၏။’—သု. ၂၉:၁၅။
ဝမ်းနည်းစရာမှာ ကျွန်ုပ်တို့၏သက်ကြီးညီအစ်ကိုညီအစ်မအချို့သည် ကလေးများ၏တိုက်မိခိုက်မိခြင်းကြောင့် အကြီးအကျယ်ဒဏ်ရာရခဲ့ကြပြီ။ ယင်းက မရသင့်သောဝေဒနာကိုရစေသည်သာမက မိဘများနှင့်အသင်းတော်အတွက်လည်း မလိုအပ်သောအကုန်အကျများရှိစေခဲ့သည်။ သူတို့၏လုံခြုံမှုနှင့် အခြားသူတို့၏ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် နိုင်ငံတော်ခန်းမအတွင်းအပြင်တွင် ကလေးများအား ပြေးလွှားဆော့ကစားရန် ခွင့်မပြုသင့်ပါ။
မိဘတို့သည် ကျွန်ုပ်တို့၏ဝတ်ပြုရာနေရာများကို လျောက်ပတ်သောလေးစားမှုဖြင့်ရှုမြင်တတ်ဖို့ မိမိတို့၏ကလေးများကို လေ့ကျင့်ပေးရန် ကျမ်းပေးတာဝန်ရှိသည်။ (ဒေ. ၅:၁က) ကျွန်ုပ်တို့၏ခရစ်ယာန်အစည်းအဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများတွင် “အရာရာကို သင့်လျော်သေဝပ်စွာပြု” စေရန်နှင့် “စည်းကမ်းသေဝပ်” စေရန်ကြည့်ရှုဖို့ ဧည့်ကြိုများကို တာဝန်ပေးထားသည်။ (၁ ကော. ၁၄:၄၀၊ သမ; ကော. ၂:၅၊ သမ္မာ) သူတို့သည် အစီအစဉ်မတိုင်မီ၊ အတောအတွင်းနှင့် ပြီးသည့်နောက်တွင် အဆောက်အအုံအတွင်းအပြင်နှစ်ခုစလုံး၌ နိုးနိုးကြားကြားရှိနေရမည်။ ကလေးတစ်ဦးသည် ပြေးလွှားနေမည် သို့မဟုတ် စည်းမဲ့ကမ်းမဲ့ပြုမူလာမည်ဆိုလျှင် ဧည့်ကြိုသည် ကလေးအား ရပ်တန့်ဖို့ ညင်သာစွာပြောကာ ထိုသို့သောအပြုအမူများသည် အဘယ်ကြောင့် နှစ်သက်စရာမကောင်းကြောင်း သူ့အား ရှင်းပြနိုင်သည်။ ကလေး၏မိဘကိုလည်း ပြဿနာနှင့် ကလေးကိုကြီးကြပ်ပေးဖို့ လိုအပ်ကြောင်းတို့ကို ကြင်နာစွာပြောပြသင့်သည်။ မိဘတို့သည် သင့်တော်သလိုတုံ့ပြန်သင့်သည်။
တစ်ခါတစ်ရံ နို့စို့အရွယ်ကလေးငယ်များသည် စည်းဝေးချိန်အတွင်း၌ ငိုမည် သို့မဟုတ် အနှောင့်အယှက်ဖြစ်စေမည်ကို နားလည်ထားရန်ဖြစ်သည်။ အစီအစဉ်မစတင်မီ အနည်းဆုံးမိနစ် ၂၀ တွင်ရောက်ရှိနေမည့်ဧည့်ကြိုများသည် ခန်းမရှိနောက်ဆုံးခုံတန်းနှစ်ခုကို မိမိတို့၏ကလေးငယ်များနှင့်အတူ ထိုနေရာတွင်ထိုင်လိုမည့်မိဘများအတွက် သီးသန့်ထားနိုင်သည်။ ကျန်ရှိသောကျွန်ုပ်တို့သည် သူတို့အတွက်ထားသည့်ခုံများကို ချန်ထားပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်။
ကလေးတစ်ဦးသည် အနှောင့်အယှက်ဖြစ်နေမည်ဆိုလျှင် မိဘသည် တစ်ခုခုအရေးယူလုပ်ဆောင်သင့်သည်။ မိဘသည် အရေးယူလုပ်ဆောင်ခြင်းမရှိဘဲ အနှောင့်အယှက်သည် အာရုံပျံ့လွင့်စရာဖြစ်လာလျှင် ဧည့်ကြိုတစ်ဦးက ကလေးကို ခန်းမအပြင်ဘက်သို့ ခေါ်သွားပေးလိုမည်လောဟု မိဘအား ကြင်နာစွာမေးသင့်သည်။ ကျွန်ုပ်တို့သည် ကလေးငယ်များရှိသည့်လူသစ်များကို အစည်းအဝေးများသို့ ဖိတ်ခေါ်သည့်အခါ သူတို့နှင့်အတူထိုင်ကာ ကလေးများငိုမည် သို့မဟုတ် အခြားနည်းများဖြင့် အနှောင့်အယှက်ပေးလျှင် ကူညီပေးသင့်သည်။
အသက်အရွယ်အသီးသီးရှိသောကလေးများကို နိုင်ငံတော်ခန်းမတွင်တွေ့ မြင်ရခြင်းနှင့် ဘုရားသခင့်အိမ်ထောင်အတွင်း သူတို့၏အမူအကျင့်ကောင်းကို တွေ့ မြင်ရခြင်းတို့သည် ကျွန်ုပ်တို့ကိုပျော်ရွှင်စေသည်။ (၁ တိ. ၃:၁၅) သူတို့သည် ဝတ်ပြုရေးအတွက် ယေဟောဝါ၏အစီအစဉ်ကိုလေးစားခြင်းဖြင့် ကိုယ်တော်ကိုဂုဏ်တင်ကြကာ ယင်းကြောင့် အသင်းတော်တွင်ရှိသူအားလုံး၏လေးမြတ်တန်ဖိုးထားမှုကို ခံရကြသည်။