“ခပ်သိမ်းသောအမှုတို့ကို မေတ္တာနှင့်ပြုကြလော့”
၁ “သင်တို့၏အဖွဲ့ဝင်များသည် အမှန်ပင် နှစ်ထောင်းအားရစရာကောင်းပါသည်; အတတ်နိုင်ဆုံး ရည်မွန်မှုနှင့်လေးစားမှုတို့ဖြင့် ကျင့်ကြံပြုမူနေကြပါသည်။” ထိုအကဲခတ်ရှုမြင်ချက်သည် ကျွန်ုပ်တို့၏ခရိုင်စည်းဝေးကြီးများအနက်တစ်ခုကို လက်ခံကျင်းပခဲ့သော ယူနိုက်တက်စတိတ်၏မြို့တော်တစ်ခုရှိ ညီလာခံနှင့် ခရီးသွားလာရေးလုပ်ငန်းဌာနတစ်ခုမှဖြစ်၏။ လူအများရှေ့ ကျွန်ုပ်တို့၏ကျင့်ကြံပြုမူပုံနှင့်ပတ်သက်၍ ထိုသို့ချီးမွမ်းခံရခြင်းသည် ကျွန်ုပ်တို့ကိုအားတက်စေ၏။ ယင်းက ကျွန်ုပ်တို့အားလုံးသည် “ခပ်သိမ်းသောအမှုတို့ကို မေတ္တာနှင့်ပြု” နေကြောင်းတင်ပြသည်။ (၁ ကော. ၁၆:၁၄၊ သက) တစ်ချိန်တည်းတွင် မကိုင်တွယ်လျှင် ဘုရားသခင့်လူမျိုးတော်၏နာမည်ကောင်းကိုပျက်စေမည့် စိုးရိမ်စရာကိစ္စအချို့ရှိသည်။
၂ ကြိုတင်၍အခန်းယူထားခြင်းပြဿနာများ– အစည်းအဝေးကြီးကို ယောက်တိုင်းတက်ရောက်နိုင်စေရန် သင့်တင့်သည့်ဈေးနှုန်းများနှင့်ရဖို့အတွက် ဟိုတယ်များနှင့်ညှိနှိုင်းဖို့ စည်းဝေးကြီးကျင်းပသည့်မြို့တစ်ခုစီတွင် နေရာထိုင်ခင်းဌာနတစ်ခုကို ဖွဲ့စည်းတည်ထောင်ထားသည်။ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ကျွန်ုပ်တို့အတွက် အချိန်နှင့်ကြိုးစားအားထုတ်မှု အတော်အတန်အသုံးပြုကြရသည်။ ဟိုတယ်အချို့မှမန်နေဂျာများသည် အခြားဘာသာရေးအုပ်စုများနှင့် မနှစ်သက်ဖွယ်အတွေ့အကြုံများရှိခဲ့ခြင်းကြောင့် ဈေးနှုန်းလျှော့ပေးဖို့ အစပိုင်း၌ ချီတုံချတုံဖြစ်ခဲ့ကြသည်။ ကျွန်ုပ်တို့၏နေရာထိုင်ခင်းဌာနက သူတို့အား ကျွန်ုပ်တို့၏ကိုယ်စားလှယ်များသည် ဟိုတယ်နှင့်ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း စိတ်ချစေသောအခါ ဝန်ထမ်းများစွာသည် ကျွန်ုပ်တို့အတွက် ဝမ်းမြောက်ဝမ်းသာစွာ အခန်းများစာရင်းပေးခဲ့ကြသည်။
၃ လွန်ခဲ့သည့်နှစ်က ဟိုတယ်အချို့သည် အချိန်ကပ်မှ ပယ်ဖျက်လိုက်သည့်အခန်းများ ထူးထူးခြားခြားများပြားခဲ့ကြောင်း ညည်းညူခဲ့ကြသည်။ ယင်းသို့ အဘယ်ကြောင့်ဖြစ်ခဲ့ရသနည်း။ ကိုယ်စားလှယ်အချို့သည် ဟိုတယ်နှစ်ခုတွင် အခန်းများကြိုတင်စာရင်းသွင်းထားခဲ့ကြသည်၊ သို့သော် ပထမတစ်ခုသို့ စရန်ငွေပေးသွင်းရန် သို့မဟုတ် အခြားဟိုတယ်တစ်ခုကိုသဘောကျ၍ မိမိတို့ကြိုတင်အခန်းယူထားသည်ကို ပယ်ဖျက်ကြောင်း သူတို့အားအသိပေးရန် ပျက်ကွက်ခဲ့ကြသည်။ အခြားကိစ္စများတွင်မူ ညီအစ်ကိုအချို့သည် သူတို့နှင့်အတူသွားလာသည့် အခြားသူများကို ကူညီပေးဖို့ရည်ရွယ်၍ ဟိုတယ်တစ်ခုတွင် တစ်ခန်းထက်မက ပို၍ကြိုတင်ယူထားကြသည်။ သို့သော် ရောက်လာသောအခါ သူတို့သည် တစ်ခန်းတည်းကိုသာယူပြီး ကျန်အခန်းကိုမူ ပယ်ဖျက်ခဲ့ကြသည်။ ပါဝင်ပတ်သက်ခဲ့သည့်ဟိုတယ်များက ကင်းမျှော်စင်ကိုယ်စားလှယ်များနှင့် ယခင်က တစ်ခါမျှဤကဲ့သို့မဖြစ်ဖူးခဲ့ကြောင်း ပြောခဲ့ကြသည်။
၄ ယင်းက ဟိုတယ်များနှင့် ကျွန်ုပ်တို့၏စည်းဝေးကြီးစီစဉ်ဖွဲ့စည်းမှုအတွက် ကြီးလေးသောပြဿနာများဖြစ်စေသည်။ ဟိုတယ်များသည် ကျွန်ုပ်တို့၏ကိုယ်စားလှယ်များအတွက် အခန်းအချို့ကို သီးသန့်ချန်ထားပေးကာ အားလုံးအပြည့်လာမည်ဟု ယူဆထားသော်လည်း စည်းဝေးကြီးအချိန်တွင်မူ အခန်းလွတ်များရှိနေသည်ကို တွေ့ခဲ့ရသည်။ ပြဿနာဆက်ဖြစ်နေလျှင် ယင်းသည် နောင်စည်းဝေးကြီးများအတွက် ညှိနှိုင်းသည့်အခါ ၎င်းဟိုတယ်များနှင့် အငြင်းပွားစရာအကြောင်းရင်းတစ်ခုဖြစ်လာပေမည်။ ယင်းကိုရှောင်ကြဉ်ရန် အမှန်တကယ်အသုံးပြုမည့် ဟိုတယ်အခန်းများကိုသာ ကြိုတင်ယူထားရန်ဖြစ်သည်။ ထို့အပြင် ကြိုတင်ယူထားသည့် အခန်းတစ်ခုစီကိုစိတ်ချစေရန် တစ်ညအတွက် စရန်ပေးထားရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နောက်ကျရောက်သူများအတွက်လည်း အခန်းထားပေးမည်ဖြစ်သည်။ ယင်းကိုစွဲမှတ်လျက် သင်တည်းခိုဖို့ ကြိုတင်စာရင်းသွင်းထားသည့်ဟိုတယ်သို့ စရန်ငွေပို့ထားပြီလော။
၅ နံနက်စာကို မေတ္တာဖြင့်အခမဲ့ကျွေးသောဟိုတယ်အချို့က ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ဟိုတယ်တွင်စားပြီးနောက်၌ပင် သူတို့နှင့်အတူ စားစရာအမြောက်အမြားယူသွားခြင်းဖြင့် အစီအစဉ်ကိုအလွဲသုံးစားပြုနေကြောင်း ညည်းညူခဲ့ကြသည်။ ဟိုတယ်တစ်ခုသည် ၎င်း၏ဧည့်သည်များအတွက် အစားအစာစီမံပေးသောအခါ ယင်းမေတ္တာဖြင့်အခမဲ့ကျွေးသောနံနက်စာကို ထိုတွင်တည်းခိုနေသူများအတွက်သာဖြစ်သည်ဟု ယူမှတ်ရန်ဖြစ်သည်။ နောက်မှစားဖို့ ကျွန်ုပ်တို့နှင့်အတူ ယင်းအစားအစာများကိုယူသွားရန် သို့မဟုတ် စည်းဝေးကြီးတွင် မိတ်ဆွေများကိုဝေမျှပေးရန် ရည်ရွယ်ထားခြင်းမဟုတ်ပါ။ ဤအစီအစဉ်ကို ကျွန်ုပ်တို့အလွဲသုံးစားပြုလျှင် ဟိုတယ်မှ ဤလုပ်ဆောင်မှုကို ရပ်ဆိုင်းပစ်ခြင်း၊ အခန်းဈေးနှုန်းများ ပို၍မြှင့်တင်လိုခြင်း သို့မဟုတ် နောင်တွင် ကျွန်ုပ်တို့နှင့်ညှိနှိုင်းဖို့ငြင်းဆိုခြင်းတို့ ဖြစ်စေနိုင်သည်။
၆ ခပ်သိမ်းသောသူတို့အားကောင်းမှုပြုခြင်း– ယေဟောဝါနှင့် ကျွန်ုပ်တို့၏အိမ်နီးချင်းများကို ချစ်မြတ်နိုးခြင်းက အမူအကျင့်ကောင်းများနှင့် စံထားအပ်သောအကျင့်အကြံတို့ကို လှုံ့ဆော်ပေး၏။ (မ. ၂၂:၃၇-၃၉; ယာ. ၃:၁၃) သမ္မာကျမ်းစာက ကျွန်ုပ်တို့အား လူသားအားလုံးကို ချစ်ရန်နှင့် ထောက်ထားစာနာရန် တိုက်တွန်းထားသည်။ (ဂလ. ၆:၁၀) ထိုမူသည် ဟိုတယ်များတွင် ကျွန်ုပ်တို့တည်းခိုသည့်အခါ သက်ဆိုင်သည်မှာသေချာသည်။ ပူးပေါင်းလုပ်ဆောင်ရန် လိုလိုလားလားမရှိခြင်းက ကျွန်ုပ်တို့၏နာမည်ကိုပျက်စေရုံမက လျှော့ပေးသည့်ဈေးနှုန်းများနှင့်ရရှိရန် ကျွန်ုပ်တို့၏အစီအစဉ်ကိုပါ ထိခိုက်ကာ ညီအစ်ကိုများအချင်းချင်း စိတ်ခုစရာဖြစ်စေသည်။ အထူးသဖြင့် အခန်းခများများမတတ်နိုင်သည့်အခါ ဟိုတယ်တစ်ခုသည် ဈေးနှုန်းများကို မလျှော့ပေးတော့ရန်ဆုံးဖြတ်လျှင် ထိုမြို့တွင် စည်းဝေးကြီးတက်ရောက်သော အခြားသူများအား များစွာထိခိုက်မည်ဖြစ်သည်။
၇ အကောင်းဆုံးအခန်းတစ်ခုကို ကြိုတင်ယူထားပြီး အချိန်ကပ်မှပယ်ဖျက်လိုက်သည့်အခါ ကြိုတင်အခန်းယူထားဖို့ကြိုးစားခဲ့သော အခြားညီအစ်ကိုတစ်ဦးအား ထိုအခန်းကိုမရစေရန် တားဆီးရာကျပါသည်။ ယင်းကြောင့် သူသည် ပို၍ဝေးဝေးသွားရပေမည် သို့မဟုတ် သိပ်မလိုချင်သည့်တည်းခိုခန်းများကို ယူလိုက်ရပေမည်။ ယင်းသည် မေတ္တာရှိရာ သို့မဟုတ် ထောက်ထားစာနာရာရောက်သလော။ မိမိတို့၏အကျိုးထက် အခြားသူတို့၏အကောင်းဆုံးအကျိုးကို လိုလားခြင်းအားဖြင့် သူတို့ကိုမေတ္တာပြ၍ ကောင်းမှုပြုခြင်းသည် မည်မျှသာ၍ကောင်းသည်တကား!—မ. ၇:၁၂; ယော. ၁၃:၃၄၊ ၃၅။
၈ ကျွန်ုပ်တို့သည် “ဘုရားသခင့်စကားတော်ကိုကျင့်သုံးသူများ” ခရိုင်စည်းဝေးကြီးကို တက်ရောက်ရန် စိတ်အားထက်သန်စွာစောင့်မျှော်နေကြသည်။ သင်သည် ဟိုတယ်အခန်းများ ကြိုတင်ယူထားခြင်းနှင့် သွားလာရေးအစီအစဉ်များအပါအဝင် ပြင်ဆင်စရာရှိသမျှကို ပြင်ဆင်ထားပြီလော။ ဟိုတယ်များတွင်နှင့် စည်းဝေးကြီးကျင်းပရာမြို့တွင် ကျွန်ုပ်တို့၏အကျင့်အကြံသည် ကျွန်ုပ်တို့၏နှလုံးတွင်ရှိသောသမ္မာတရားနှင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အား ချစ်သည့်မေတ္တာကို အစဉ်ထင်ဟပ်နိုင်ပါစေ။