မြင့်မြတ်သောမိန့်မြွက်ချက်များကို အာရုံစိုက်လော့
၁ လူပြောသမျှအရာအားလုံးသည် အထူးအာရုံစိုက်ဖို့မထိုက်ပါ။ သို့သော် ဘုရားသခင်မိန့်မြွက်သောအခါ နားထောင်ဖို့ အရေးပါသည့်အကြောင်းရင်းရှိ၏။ (တရား. ၂၈:၁၊ ၂) မှုတ်သွင်းခံကျမ်းရေးသူက ကျွန်ုပ်တို့၏အကျိုးအတွက် “ဘုရားသခင်၏မြင့်မြတ်သော မိန့်မြွက်ချက်များ” ကိုမှတ်တမ်းတင်ခဲ့ခြင်းသည် ကျေးဇူးတင်စရာပင်။ (ရော. ၃:၂၊ ကဘ) လာမည့်ခရိုင်စည်းဝေးကြီးက ယင်းတို့ကိုဖတ်ရှုဆွေးနွေးစဉ် ၎င်းမိန့်မြွက်ချက်များကိုကြားရရန် တန်ဖိုးရှိအခွင့်အလမ်းများကို စီမံပေးပါမည်။ သင် မည်သို့အထူးအာရုံစိုက်နိုင်သနည်း။
၂ နံနက်တိုင်းစောစောရောက်နေပါ– ပညတ်တော်ကိုကြားနာရန် သိနာတောင်တွင် ယေဟောဝါနှင့်တွေ့ဆုံဖို့ဆင့်ဆိုခံရသောအခါ ဣသရေလလူတို့၏စိတ်လှုပ်ရှားမှုကို စဉ်းစားကြည့်ပါ! (ထွ. ၁၉:၁၀၊ ၁၁၊ ၁၆-၁၉) သင်သည် ခရိုင်စည်းဝေးကြီးတွင် ယေဟောဝါ၏ညွှန်ကြားချက်ကို ခံယူခြင်းနှင့်ပတ်သက်၍ အလားတူသဘောထားရှိလျှင် နေ့စဉ်စောစောရောက်နေရန် စီစဉ်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် အရောက်နောက်ကျပြီး ထိုင်ဖို့နေရာရှာရန်ကြိုးစားခြင်းဖြင့် အခြားသူများကို အနှောင့်အယှက်ဖြစ်စေလျှင် အစီအစဉ်တစ်ခုလုံးကို နားထောင်နိုင်မည်မဟုတ်ပါ။ စည်းဝေးကြီးကျင်းပရာနေရာတွင် တံခါးများကို နံနက် ၈:၀၀ နာရီတွင် ဖွင့်ပါမည်၊ အစီအစဉ်ကို နေ့စဉ်နံနက် ၉:၃၀ တွင်စတင်ပါသည်။
၃ စောစောရောက်နေသူအချို့ပင် အစီအစဉ်အစတွင် သူတို့၏ထိုင်ခုံများ၌မရှိကြပါ။ ဤသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ သူတို့သည် သဘာပတိက အဖွင့်သီချင်းကိုမိတ်ဆက်ပေးသည့်အခါမှ မိတ်ဆွေများနှင့်စကားပြောဆိုခြင်းကိုရပ်ကာ မိမိတို့၏ထိုင်ခုံများသို့ ထသွားကြသည်။ သဘာပတိသည် အစီအစဉ်တစ်ခုစီ၏အဖွင့်သီချင်းမဆိုမီ မိနစ်အနည်းငယ်တွင် ပဏာမနိုင်ငံတော်တေးသံသာကို ဖွင့်ထားစဉ် စင်မြင့်ပေါ်တွင်ထိုင်နေမည်ကို ကျွန်ုပ်တို့သတိပြုသင့်သည်။ ယင်းက ထိုင်ဖို့အချိန်တန်ပြီဟု ကျွန်ုပ်တို့ကို အချက်ပြခြင်းဖြစ်သည်! ထို့နောက် အဖွင့်သီချင်းသီဆိုဖို့ပြောသည့်အခါ ယေဟောဝါအား ချီးမွမ်းကျူးဧရာတွင်ပါဝင်ဖို့ ကျွန်ုပ်တို့အသင့်ဖြစ်နေပါမည်။
၄ စည်းလုံးသောမိသားစုအဖြစ် နားထောင်ပါ– စုရုံးနေသောဣသရေလလူတို့အား မြင့်မြတ်သောမိန့်မြွက်ချက်များကိုဖတ်ပြသည့်အခါ “သူငယ်များ” အပါအဝင် မိသားစုများသည် နားထောင်၍သင်ယူခဲ့ကြသည်။ (တရား. ၃၁:၁၂) ကျွန်ုပ်တို့၏စည်းဝေးကြီးများတွင် ကလေးများကို “ပေါက်လွှတ်” မထားသင့်ချေ။ (သု. ၂၉:၁၅၊ သမ) မိဘတို့၊ ဆယ်ကျော်သက်များအပါအဝင် သင့်မိသားစုတစ်ခုလုံး အတူထိုင်ရန်စီစဉ်ပါ။ မိဘအချို့သည် အဖွင့်သီချင်းဆိုမှ သူတို့၏ကလေးငယ်များကို အိမ်သာသို့ခေါ်သွားကြသည်။ သို့သော် ယင်းကြောင့် ကျွန်ုပ်တို့၏ဝတ်ပြုရေးတွင် သီချင်းနှင့်ဆုတောင်းချက်တို့၏ အလွန်အရေးကြီးမှုကို ကလေးတို့အား သင်ပေး၍ရမည်မဟုတ်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် အစီအစဉ်တစ်ခုစီမစတင်မီ အိမ်သာသွားစရာရှိသည်များကို သွားထားခြင်းသည် မည်မျှကောင်းလှသည်တကား!
၅ ညဘက်တွင် အလုံအလောက်အနားယူပြီး နေ့ဘက်တွင် အစာများများမစားထားလျှင် နားထောင်ဖို့ အကူအညီဖြစ်စေပါမည်။ ဟောပြောသူဟောနေသည့်အရာကို အာရုံစိုက်ပါ။ သင့်စိတ်ကို မပျံ့လွင့်ပါစေနှင့်။ ကျမ်းချက်များကိုဖတ်သည့်အခါ လိုက်ဖွင့်ဖတ်ပါ။ မှတ်စုတိုများယူပါ။ ဟောပြောချက်တစ်ခုစီပေးနေစဉ် ဟောပြောသူဟောသွားသည့်အရာကို စိတ်ထဲတွင်ပြန်ဆန်းစစ်ကာ အကြောင်းအရာကို သင်မည်သို့လက်တွေ့ကျင့်သုံးမည်ကို သုံးသပ်ပါ။ တစ်နေ့တာကုန်သွားသောအခါ အစီအစဉ်ကို မိသားစုလိုက်ဆွေးနွေးပါ။ တစ်ဦးစီသည် မည်သည့်အချက်များကို နှစ်သက်ကြသနည်း။ သင့်မိသားစုသည် ယင်းအချက်အလက်များကို မည်သို့ကောင်းစွာအသုံးချနိုင်သနည်း။
၆ ဘုရားသခင့်စကားတော်ကို လေးစားမှုပြပါ– ကျွန်ုပ်တို့သည် စည်းဝေးကြီးများတွင် မိတ်ဆွေများနှင့်စကားပြောကာ တည်ဆောက်မှုဖြစ်စေသော ပေါင်းသင်းမှုကိုမွေ့လျော်ရန် အခွင့်ကောင်းကိုရရှိကြသည်။ စောစောရောက်ခြင်းဖြင့် အစီအစဉ်များမစမီ စကားပြောဆိုဖို့အချိန်ရရှိပါမည်။ သို့သော် အချို့သည် ခန်းမကြီးထဲတွင် အနှောင့်အယှက်မဖြစ်လောက်ပါဟု တလွဲယူဆကာ အစီအစဉ်အတွင်း စကားပြောနေကြသည်။ ကြီးမားသောဝန်းကျင်တစ်ခုတွင် အစည်းအဝေးများကို ကျင်းပသည့်အခါ၌ပင် ယင်းသည် နိုင်ငံတော်ခန်းမ၌ အစည်းအဝေးတစ်ခုကိုတက်ရောက်သည့်အခါ၌ကဲ့သို့ နားထောင်ရမည့်အချိန်ဖြစ်သည်။ အစီအစဉ်အတွင်း အာရုံပျံ့လွင့်စေသည့် ဆဲလ်လူလာဖုန်း၊ ပေဂျာ၊ ဗီဒီယိုကင်မရာအသေးစားနှင့် ကင်မရာများအသုံးပြုခြင်းတို့ကို ခွင့်မပြုသင့်ပေ။
၇ မောရှေသည် ယေဟောဝါထံမှ ပညတ်တော်ကို ခံယူနေချိန်တွင် သူသည် “အစာကိုမစား။ ရေကိုမသောက်” ခဲ့ပါ။ (ထွ. ၃၄:၂၈) အလားတူ၊ စည်းဝေးကြီးအစီအစဉ်များကျင်းပနေချိန်တွင် စားသောက်ခြင်းသည် သင့်လျော်မည်မဟုတ်ပါ။ ကြီးလေးသည့်ကျန်းမာရေးကိစ္စများမပတ်သက်လျှင် ယင်းအတွက် “သတ်မှတ်ထားချိန်” အထိစောင့်ပါ။—ဒေ. ၃:၁၊ ကဘ။
၈ စည်းဝေးကြီးအချို့တွင် ညီအစ်ကိုညီအစ်မများစွာသာမက ကလေးငယ်များပင်လျှင် အစီအစဉ်များအတွင်း စင်္ကြံများတွင် ဟိုဟိုဒီဒီ ရစ်ဝဲရစ်ဝဲလုပ်နေသည့်ပြဿနာမှာ ဆက်ရှိနေပါသည်။ ထိုသို့သောသူများကို ခန်းမထဲသို့ပြန်ဝင်ရန်တောင်းဆိုဖို့ ဧည့်ကြိုများအား ညွှန်ကြားထားမည်ဖြစ်သည်။ ဌာနအသီးသီးတွင် လုပ်ဆောင်နေကြသောစေတနာ့ဝန်ထမ်းများကို သူတို့၏အလုပ်ပြီးသည်နှင့် ပရိသတ်ထဲတွင်ထိုင်ခိုင်းသင့်သည်။ စေတနာ့ဝန်ထမ်းများသည် အစီအစဉ်အတွင်း လိုအပ်သည့်အလုပ်ကိုလုပ်ဖို့ တာဝန်မရထားလျှင် မိမိတို့၏ထိုင်ခုံများတွင်ထိုင်ကာ အစီအစဉ်ကိုနားထောင်သင့်သည်။ သူတို့သည် အစီအစဉ်ကျင်းပနေစဉ် တစ်ဦးထံတစ်ဦးသွားကာ ဌာနများတွင် ရစ်ဝဲရစ်ဝဲလုပ်နေခြင်းမပြုသင့်ပေ။
၉ ကျွန်ုပ်တို့သည် ဘုရားသခင့်စကားတော်ကို နားထောင်သည့်အခါ မည်သည့်အခါမျှ “နားထိုင်း” သူများဖြစ်လိုကြမည်မဟုတ်ပေ။ (ဟေဗြဲ ၅:၁၁၊ သမ) ထို့ကြောင့် လာမည့်ခရိုင်စည်းဝေးကြီးတွင် ယေဟောဝါထံတော်မှ မြင့်မြတ်သောမိန့်မြွက်ချက်များကို ဆွေးနွေးစဉ် အာရုံစိုက်နားထောင်ခြင်းဖြင့် သင့်လျော်သောလေးစားမှုတင်ပြရန် သန္နိဋ္ဌာန်ချကြစို့။