တိုက်နယ်စည်းဝေးအစီအစဉ်သစ်
ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏ချစ်မြတ်နိုးမှုနှင့် အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကို ခံထိုက်ကြောင်း ကျွန်ုပ်တို့သိကြသည်။ သို့သော် ဤလောကသည် ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားရာမှ သွေဖည်သွားရန် သွေးဆောင်ဖို့ကြိုးစားသည်။ (ယော. ၁၇:၁၄) ယေဟောဝါအားချစ်သည့်မေတ္တာကို သန်စွမ်းစေရန်နှင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကိုအန္တရာယ်ဖြစ်စေသည့် လောက၌ရှိသောအရာတို့ကို ခုခံတွန်းလှန်ရာ၌ ခွန်အားရှိစေရန် ၂၀၀၁ လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးအစီအစဉ်သစ်၏အဓိကအချက်မှာ “ဘုရားသခင်ကိုချစ်လော့—လောက၌ရှိသောအရာတို့ကိုမဟုတ်” ဟူ၍ဖြစ်သည်။—၁ ယော. ၂:၁၅-၁၇။
ယေဟောဝါကိုအလွန်ချစ်မြတ်နိုးခြင်းက ကိုယ်တော့်အကြောင်းကိုသက်သေခံရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ သို့တိုင် လယ်ကွင်းလုပ်ငန်းသည် ဘုရားသခင့်လူမျိုးတော်များစွာအတွက် မလွယ်ကူပါ။ “ဘုရားသခင်ကိုချစ်မြတ်နိုးခြင်းက ဓမ္မအမှုတွင် ကျွန်ုပ်တို့ကိုလှုံ့ဆော်” ဟူသည့်အပိုင်း၌ များစွာသောသူတို့သည် ဤလုပ်ငန်းတွင်အပြည့်အဝပါဝင်ရန် ရှက်ရွံ့မှုနှင့် အခြားအဟန့်အတားများအား ကျော်လွှားခဲ့ပုံကိုသိရှိရမည်။
လောက၏ယိုယွင်းသောစံနှုန်းများက ကျွန်ုပ်တို့ကို မည်သို့လွှမ်းမိုးသနည်း။ တစ်ချိန်က ဆိုးညစ်သည်ဟုယူမှတ်ခဲ့သည့် အပြုအမူများသည် ယခုအခါ သာမန်အပြုအမူများဖြစ်နေပေပြီ။ “ယေဟောဝါကိုချစ်မြတ်နိုးသူများသည် မကောင်းမှုကိုရွံမုန်း” ဟူသည့်ဟောပြောချက်နှင့် “လောက၌ရှိသောအရာများ—၎င်းတို့ကို ကျွန်ုပ်တို့မည်သို့ရှုမြင်သနည်း” ဟူသည့်အခန်းဆက်ဟောပြောချက်က မှားယွင်းသောဆန္ဒများကိုငြင်းဆန်ရန်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေမည်ဖြစ်သည်။
အစီအစဉ်တွင် စံပြသီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေးတစ်ခုသာမက ၎င်းအပတ်အတွက် ကင်းမျှော်စင် သင်တန်းဆောင်းပါးအကျဉ်းချုပ်လည်း ပါဝင်ပါမည်။ “ချစ်ခြင်းမေတ္တာနှင့်ယုံကြည်ခြင်းက လောကကိုမည်သို့အောင်နိုင်” ဟူသည့်လူထုဟောပြောချက်က လောက၏ဖိစီးမှုများကို ခုခံတွန်းလှန်ရာတွင် ယေရှုကိုတုပဖို့ ကျွန်ုပ်တို့ကိုအားပေးပါမည်။ (ယော. ၁၆:၃၃) သင့်ကျမ်းစာသင်သားများအား တက်ရောက်ဖို့ ဖိတ်ခေါ်ဖြစ်အောင်ဖိတ်ခေါ်ပါ။ နှစ်ခြင်းခံလိုသူမည်သူမဆိုသည် လိုအပ်သည့်အစီအစဉ်များပြုလုပ်နိုင်ရန် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း ဦးစီးကြီးကြပ်မှူးကိုပြောပြသင့်သည်။
ဤတိုက်နယ်အစည်းအဝေးက ယေဟောဝါ၏ကြွယ်ဝသောကောင်းချီးများခံစားရရန် ကျွန်ုပ်တို့အဓိကမေတ္တာထားသင့်သည့်အရာပေါ် အာရုံစိုက်စေပါမည်။ ၎င်းတို့မှတစ်ခုကိုမျှ မလွတ်စေပါနှင့်!