မေးခွန်းသေတ္တာ
◼ အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စု နောက်ထပ်တစ်ခုဖွဲ့ရန် မည်သည့်အခါတွင် သင့်လျော်မည်နည်း။
နိုင်ငံတော်ခန်းမအပါအဝင် စာအုပ်ကြီးသင်တန်းကျင်းပသည့်နေရာတစ်ခုစီတွင် တက်ရောက်သူဦးရေ ၁၅ ယောက် သို့မဟုတ် ထိုထက်နည်းစေရန် လိုအပ်သည့်အခါ အုပ်စုအသစ်တစ်ခုဖွဲ့ရန် သုံးသပ်သင့်သည်။ ယင်းကို အဘယ်ကြောင့်အကြံပြုရသနည်း။
အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုများကို လူနည်းနည်းဖြင့်ဖွဲ့သည့်အခါ သင်တန်းမှူးသည် တက်ရောက်သူတစ်ဦးစီကို ပို၍အာရုံစိုက်နိုင်ပေမည်။ ထို့အပြင် မိမိတို့၏ယုံကြည်ခြင်းကို လူအများရှေ့ကြေညာရန် လွယ်ကူစေသည့် အခြေအနေတစ်ခုတွင် အားလုံးအဖြေပေးဖို့ အခွင့်အရေးအလုံအလောက်ရရှိကြသည်။ (ဟေဗြဲ ၁၀:၂၃; ၁၃:၁၅) အသင်းတော်ရပ်ကွက်အနှံ့ နေရာအတော်များများ၌ အုပ်စုငယ်များထားရှိခြင်းသည် အသင်းတော်စာအုပ်ကြီးသင်တန်းတက်ရောက်ခြင်းနှင့် လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများအတွက် ပို၍အဆင်ပြေစေသည်။ ကျင်းပသည့်နေရာအရေအတွက်ကို တိုးပေးသည့်အသင်းတော်များသည် စာအုပ်ကြီးသင်တန်းကို တက်ရောက်သူဦးရေ တိုးများလာကြောင်း တွေ့ရှိခဲ့ရပြီ။
အတော်အတန်သေးငယ်လင့်ကစား နောက်ထပ်အုပ်စုတစ်ခုဖွဲ့ရန် သင့်လျော်စေသည့် အထူးအခြေအနေများ ရှိကောင်းရှိပေမည်။ သီးခြားဒေသတစ်ခုတွင် သို့မဟုတ် လက်ရှိကျင်းပနေသည့်နေရာများ၌ လူပြည့်ကျပ်နေသောအခါတွင် သို့မဟုတ် ထိုင်ခုံအလုံအလောက်မရှိသည့်အခါတွင် ယင်းသို့ပြုရန်လိုပေမည်။ လိုအပ်သည့်အခါ သက်ကြီးရွယ်အိုများ၊ ညပိုင်းအလုပ်လုပ်သူများ သို့မဟုတ် သက်သေခံမဟုတ်သော ခင်ပွန်းသည်များရှိ ညီအစ်မများ၏အကျိုးအတွက် နေ့ဘက်တွင်စည်းဝေးသည့် အုပ်စုတစ်ခုကို စီစဉ်ပေးနိုင်သည်။
စာအုပ်ကြီးသင်တန်းအုပ်စုတစ်ခုစီတွင် ဝိညာဉ်ရေးအရသန်စွမ်းပြီး တက်ကြွသောကြေညာသူအတော်အတန်အပြင် အရည်အချင်းပြည့်မီသောသင်တန်းမှူးနှင့် စာပိုဒ်ဖတ်သူတစ်ဦးရှိသင့်သည်။ ညီအစ်ကိုများသည် အသင်းတော်ရှိ ဤလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် တက်လှမ်းသင့်သည်။
အသင်းတော်၏တိုးတက်မှုအတွက် အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုများ၏ အရွယ်အစားသည် အတော်အသင့်ရှိကာ ဝိညာဉ်ရေးအရ ကောင်းစွာကြည့်ရှုခံရရန်နှင့် အဆင်ပြေသည့်နေရာများတွင် သူတို့စည်းဝေးကြစေရန် အကြီးအကဲများက အသေအချာစီစဉ်ပေးနိုင်သည်။ လက်တွေ့ကျသည့်အခါတိုင်း ဤထူးခြားသည့်ဝိညာဏအစီအစဉ်၏အကျိုးကျေးဇူးများကို အားလုံး အပြည့်အဝခံစားရရန် အုပ်စုအသစ်များဖွဲ့နိုင်သည်။ သင့်အိမ်ကို စာအုပ်ကြီးသင်တန်း ကျင်းပရန်နေရာအဖြစ် ကမ်းလှမ်းပေးနိုင်မည်လော။ ထိုသို့ပြုခဲ့ကြသူများစွာသည် ဝိညာဏကောင်းချီးများစွာခံစားခဲ့ကြရပြီ။