ရိုးရိုးရှင်းရှင်းသည်သာ အကောင်းဆုံးဖြစ်
၁ ကြေညာသူငယ်များသည် သူတို့နိုင်ငံတော်သတင်းဝေမျှပေးသူများ၏အာရုံကို အဘယ်ကြောင့်ဆွဲထားနိုင်လေ့ရှိသနည်း။ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့၏အသုံးအနှုန်းများသည် ရိုးရိုးကလေးဖြစ်သောကြောင့်ပင်။ ကြေညာသူအချို့က ထိရောက်စွာသက်သေခံခြင်းဟူသည် အသုံးအနှုန်းကြွယ်သောတင်ဆက်မှုတစ်ခုလိုအပ်သည်ဟု ထင်ကြပေမည်။ သို့သော် ရိုးရိုးရှင်းရှင်းတင်ဆက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း အတွေ့အကြုံကဖော်ပြသည်။
၂ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ရိုးရိုးဖြောင့်ဖြောင့်နည်းဖြင့်ကြေညာခဲ့ကာ အလားတူပြုရန် တပည့်တော်များကိုလည်း လေ့ကျင့်ပေးခဲ့သည်။ (မ. ၄:၁၇; ၁၀:၅-၇; လု. ၁၀:၁၊ ၉) ကိုယ်တော်သည် နားထောင်သူများ၏အာရုံကိုဖမ်းစားရန်နှင့် ၎င်းတို့၏နှလုံးကိုထိမိရန် ရိုးရှင်းသောနိဒါန်းများ၊ မေးခွန်းများနှင့် ပုံဥပမာများကိုအသုံးပြုခဲ့သည်။ (ယော. ၄:၇-၁၄) ကျွန်ုပ်တို့သည် ကိုယ်တော့်ပုံနမူနာကိုတုပကာ နားလည်လွယ်သည့်တင်ဆက်မှုများကိုအသုံးပြုသည်။
၃ ကျွန်ုပ်တို့ကြေညာရမည့်သတင်းသည် “နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်း” ဖြစ်၏။ (မ. ၂၄:၁၄၊ ကဘ) သင့်အခြေခံအကြောင်းအရာအဖြစ် နိုင်ငံတော်ကိုအသုံးပြုခြင်းသည် သင့်တင်ဆက်မှုကို ရိုးရိုးကလေးဖြစ်စေရန် အကူအညီဖြစ်ပေလိမ့်မည်။ သင့်အားနားထောင်သူများနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပြောဆိုပါ။ အမျိုးသမီးတို့သည် နိုင်ငံရေးအကြောင်းများထက် မိသားစုအကြောင်း ပို၍စိတ်ဝင်စားလေ့ရှိသည်။ ဖခင်တစ်ဦးလတ်တလောအလေးထားသည့်အရာမှာ သူ၏အလုပ်အကိုင်နှင့် မိသားစု၏လုံခြုံရေးဖြစ်သည်။ လူငယ်တို့သည် ၎င်းတို့၏အနာဂတ်ရေး; အသက်ကြီးသူများမူ ကျန်းမာရေးပိုမိုကောင်းမွန်လာရေးနှင့် ၎င်းတို့၏လုံခြုံရေးကို စိတ်ဝင်စားကြသည်။ လူတို့သည် များသောအားဖြင့် ရပ်ဝေးဒေသမှအဖြစ်အပျက်များထက် ဒေသခံအဖြစ်အပျက်များအကြောင်းကို ပို၍အလေးထားကြသည်။ အများစိတ်ဝင်စားသည့်အကြောင်းအရာများကို ပြောဆိုပြီးနောက် နာခံမှုရှိသောလူသားတို့ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ခံစားရမည့်ကောင်းချီးများကို ညွှန်ပြပါ။ ကျမ်းချက်တစ်ချက်နှင့်တွဲပြီး ရိုးရိုးကလေးနှင့် ကောင်းစွာရွေးချယ်ထားသော စကားလုံးအနည်းငယ်ကိုအသုံးပြုခြင်းသည် သင့်အားနားထောင်သူ၏စိတ်ဝင်စားမှုကို နှိုးဆွပေးရန် အကောင်းဆုံးနည်းဖြစ်နိုင်သည်။
၄ ဤသို့ပြော၍ သင်စကားစနိုင်သည်–
◼ “ကုသလို့မရတဲ့ရောဂါတွေနဲ့ လူသားတွေ ဘေးသင့်နေတာကို မိတ်ဆွေသဘောတူမှာသေချာတယ်။ ဒါပေမဲ့ ဘုရားသခင်က ဖျားနာမှုအားလုံးသာမက သေခြင်းကိုပါ မကြာခင်ဖယ်ရှားပေးမယ်လို့ ကတိပြုထားတာကို သိပါသလား။” တုံ့ပြန်စေပါ၊ ထို့နောက် ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပါ။
၅ သင်သည် ရိုးရှင်းသောတင်ဆက်မှုများဖြင့် သင့်ရပ်ကွက်ရှိလူများစွာ၏စိတ်နှလုံးကိုထိမိကာ ၎င်းတို့အား ယေဟောဝါအကြောင်း၊ ထာဝရအသက်ရရှိမည့်အလားအလာအကြောင်း သိရှိရန် ကူညီပေးနိုင်ပါစေ။—ယော. ၁၇:၃။